မုဒုံမြို့နယ် ကော့ခပုံကျေးရွာ သံဖြူဇရပ် - မော်လမြိုင် ကားလမ်းတွင်  ကြို/ပို့ မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၁၃ ဦး ဒဏ်ရာရရှိ

မုဒုံမြို့နယ် ကော့ခပုံကျေးရွာ သံဖြူဇရပ် - မော်လမြိုင် ကားလမ်းတွင်  ကြို/ပို့ မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၁၃ ဦး ဒဏ်ရာရရှိ
Published 13 January 2024

မုဒုံမြို့နယ် ကော့ခပုံကျေးရွာ အဇင်းစိုက်ပျိုးရေးခြံအရှေ့ သံဖြူဇရပ် - မော်လမြိုင်ကားလမ်းတွင် ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၃ နာရီ ခန့်က  တက္ကသိုလ် ကျောင်းသားများ စီးနင်း လိုက်ပါလာသော ကြို/ပို့ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး တက္ကသိုလ်ကျောင်းသား/သူ (၁၃) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

အဆိုပါ တက္ကသိုလ်ကြို/ပို့ယာဉ်မှာ မော်လမြိုင်တက္ကသိုလ်မှ မုဒုံမြို့ဘက်သို့ မောင်းနှင်လာစဉ် ဆိုင်ကယ်တစ်စီးအား တိမ်းရှောင်လိုက်ရာမှ အရှိန်လွန်ကာ တိမ်းမှောက်သွားခြင်းဖြစ်သည်ဟု သိရကြောင်း မုဒုံမြို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ထိခိုက်ဒဏ်ရာရသူတွေက ကျောင်းသား လေး ဦး နဲ့ ကျောင်းသူ ကိုး ဦးပါ။ ဒဏ်ရာပြင်းပြင်းထန်ထန်တော့ မရကြပါဘူးဟု ပြောကြားသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် တက္ကသိုလ် ကျောင်းသား/သူများအား မုဒုံမြန်မာ့လူငယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ စေတနာရှင်လူမှုကူညီရေးအသင်း (သံဖြူဇရပ်) မုဒုံလူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့၊ သစ္စာပန်းခင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (မုဒုံ) တို့မှ သွေးလွန်၊ သွေးလန့်မှု မဖြစ်စေရန် အတွက် ရှေးဦးသူနာပြုစုနည်းစနစ်ဖြင့် ပြုစုပေးပြီးနောက် မုဒုံမြို့နယ်ပြည်သူ့ဆေးရုံသို့ လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများအနက်မှ ဒဏ်ရာအနည်းငယ်ပြင်းထန်သူများအား လူမှုကူညီ ကယ်ဆယ်ရေး အဖွဲ့များက မုဒုံမြို့နယ်ပြည်သူ့ဆေးရုံမှ တဆင့် မော်လမြိုင်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent