FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲမှ အသက်ကျော်ကစားသမားလေးဦးကို ကစားခွင့်ပိတ်ပင်ကာ အနိုင်ရလဒ်များ ပယ်ဖျက်ကြောင်း စည်း/ထိန်းကော်မတီ ထုတ်ပြန်ပြီး MFF ၏ အရေးယူဆောင်ရွက်မှုများအပေါ် ဝေဖန်မှုများမြင့်တက်နေ

FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲမှ အသက်ကျော်ကစားသမားလေးဦးကို ကစားခွင့်ပိတ်ပင်ကာ အနိုင်ရလဒ်များ ပယ်ဖျက်ကြောင်း စည်း/ထိန်းကော်မတီ ထုတ်ပြန်ပြီး MFF ၏ အရေးယူဆောင်ရွက်မှုများအပေါ် ဝေဖန်မှုများမြင့်တက်နေ
Published 8 January 2024

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲမှ အသက်ကျော်ကစားသမားလေးဦးကို ကစားခွင့်ပိတ်ပင်ခဲ့ပြီး အသက်ကျော်ကစားသမားထည့်သွင်းအသုံးပြုသည့် အသင်းများ၏ ပွဲစဉ် (၁)အနိုင်ရလဒ်များကိုလည်း ပယ်ဖျက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၂၉ ရက်တွင် စတင်ကျင်းပလျက်ရှိသည့် FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲဝင်အသင်းအချို့၌ အသက်ကျော်ကစားသမားများ ပါဝင်နေသည်ဟု လူမှုကွန်ရက်တွင် သတင်းများထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် ကစားသမားများ အသက်မှန်ကန်မှုရှိမရှိ အသက်စိစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ အသက်စိစစ်ရေးအဖွဲ့က စစ်ဆေးမှုများပြုလုပ်ပြီးနောက် သံသယဖြစ်ဖွယ်ရှိသည့် ကစားသမားများကို အရေးယူရန် စည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ ပေးပို့ခဲ့သည်။

MFF စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် အသက်စိစစ်ရေးအဖွဲ့၏ စစ်ဆေး တွေ့ရှိချက်များနှင့် ပြိုင်ပွဲဝင်ကစားသမားများ၏ မှတ်ပုံတင်စာရွက်စာတမ်းများ၊  ပြိုင်ပွဲကြီးကြပ်သူ၊ ဒိုင်လူကြီးအစီရင်ခံစာများ ကြည့်ရှုသုံးသပ်ပြီးနောက် အသက်ကျော်ကစားသမားများဖြစ်သည့် ရွှေပြည်သာအသင်း၊ ဖားစည်မြေအသင်း၊ Burmese Youth အသင်းနှင့် အာသာဝတီအသင်းတို့မှ ကစားသမားတစ်ဦးစီကို ပြိုင်ပွဲမှထုတ်ပယ်ပြီး FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲ ကစားခွင့် ပိတ်ပင်ခဲ့သည်။  ထို့ပြင် MFF စည်းကမ်းထိန်းသိမ်းရေးကော်မတီအနေဖြင့် အုပ်ချုပ်/နည်းပြအဖွဲ့ဝင်များကို လာမည့်ပြိုင်ပွဲများတွင် အလားတူမဖြစ်စေရန်အတွက် ကြပ်မတ်ဆောင်ရွက်သွားရန်၊ FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲကျင်းပရေးအနေဖြင့် ပြိုင်ပွဲဝင်ကစားသမား၏ မှတ်ပုံတင်စာရွက်စာတမ်းများ စနစ်တကျပြုစုထားရှိမှု အားနည်းကြောင်း တွေ့ရှိသဖြင့် အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်စေရန် ပြင်းထန်စွာ သတိပေး ကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော လူငယ်ပြိုင်ပွဲများတွင် မရိုးသားစွာဖြင့် အသက်မှန်ကန်မှုမရှိ ဝင်ရောက်ကစားမှုများ စစ်ဆေးတွေ့ရှိပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း MFF စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ MFF အနေဖြင့် အသက်စိစစ်ရာတွင် အသက်ကျော်လွန်နေသည့် ကစားသမားလေးဦးကိုသာ ပြိုင်ပွဲမှ ထုတ်ပယ်ပြီး ယင်းကစားသမားများ ထည့်သွင်းအသုံးပြုသည့်အသင်းများကို တစ်စုံတစ်ရာ အရေးယူမှုမရှိခြင်းကြောင့် လူမှုကွန်ရက်တွင် ဝေဖန်မှုများ ထပ်မံမြင့်တက်လျက်ရှိသည်။ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းတွင် အသက် ကျော်ကစားသမား ပါဝင်သည့်အရေအတွက်မှာ ယခုတွေ့ရှိသည့် လေးဦးထက် ပိုများနိုင်ကြောင်း လူမှုကွန်ရက်တွင် ရေးသားမှုများ ရှိနေသည်။

MFF သည် ယူ-၁၅ လူငယ်လိဂ်ပြိုင်ပွဲ ကျင်းပပြီး တစ်ပတ်ကျော်အကြာမှာပင် ယူ- ၁၇ လိဂ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲကျင်းပခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲ ကျင်းပမည့်အစီအစဉ်၊ ခြေစစ်ပွဲကျင်းပမည့် အစီအစဉ်များကို ခြေစစ်ပွဲစတင်ခါနီး တစ်ပတ်ဝန်းကျင်အလို ဒီဇင်ဘာ ၁၄ ရက်မှသာ တရားဝင်သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ခြေစစ်ပွဲကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ကျင်းပပြီးနောက် လိဂ်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၉ ရက်မှစ၍ ပြိုင်ပွဲဝင် ၁၂ သင်းဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယူ-၁၇ လိဂ်ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း ခြေစစ်ပွဲစတင်ခါနီး တစ်ပတ်ဝန်းကျင်အလိုမှသာ သတင်းထုတ်ပြန်ခဲ့သောကြောင့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အချိန်တိုအတွင်း ပြင်ဆင်ခဲ့ရဖွယ်ရှိကြောင်း သိရသည်။ ထို့ပြင် ခြေစစ်ပွဲအပြီး ငါးရက်အကြာတွင် ပြိုင်ပွဲစတင်ကျင်းပသဖြင့်  ဒီဇင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ လေးရက်အတွင်း နောက်ဆုံးအဆင့် ပြိုင်ပွဲဝင်ခွင့်ရအသင်း ၁၂ သင်းကို အသက်မှန်ကန်မှုရှိမရှိ၊ စာရွက်စာတမ်း မှန်ကန်မှုရှိမရှိ စစ်ဆေးခဲ့ရဖွယ်ရှိနေသည်။

Most Read

Most Recent