ထိုင်းလိဂ်-၂ ကလပ် ဆာမတ်ပရာကန်အသင်းသည် မြန်မာတောင်ပံတိုက်စစ်ကစားသမား စည်သူအောင်ကို ခေါ်ယူခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေး ထိုင်းဘတ် တစ်သန်း သတ်မှတ်ထားကြောင်း သိရသည်။
စည်သူအောင်သည် (၄)သင်းမြောက် ပြည်ပကလပ်အသင်းအဖြစ် ဆာမတ်ပရာကန်အသင်းသို့ ပြောင်း ရွှေ့ခဲ့ခြင်းဖြစ်ပြီး ရာသီဝက်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ သို့သော် တစ်ရာသီသက်တမ်းတိုးခွင့် ထည့်သွင်းထားပြီး လာမည့်ရာသီတွင် တန်းတက် ကစားခွင့်ရပါက လစာပြန်လည်ညှိနှိုင်းခွင့်ရမည့်အချက်ကို စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားကြောင်း သိရသည်။ စည်သူအောင်သည် ဆာမတ်ပရာကန်အသင်းတွင် ကျောနံပါတ် (၇၇) ဝတ်ဆင်ကစားမည်ဖြစ်ပြီး အသင်းနှင့်ပူးပေါင်းနေပြီဖြစ်သည်။
ဆာမတ်ပရာကန်သည် စည်သူအောင်ကို စာချုပ် ချုပ်ဆိုရာတွင် စာချုပ်ဖျက်သိမ်းကြေးကိုပါ တစ်ပါတည်း ထည့်သွင်းချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ဘတ်တစ်သန်း သတ်မှတ်ထားခြင်းဖြစ်သည်။ စည်သူအောင်သည် မြန်မာလူငယ်လက်ရွေးစင် အသင်း၊ မြန်မာ့လက်ရွေးစင်အသင်းကြီးတို့နှင့် ထင်ရှားခဲ့သည့် တောင်ပံကစားသမားဖြစ်ပြီး ၂၀၁၅ စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲ ငွေတံဆိပ်ဆုရ မြန်မာ ယူ-၂၃ အသင်းတွင် ခြေစွမ်းပြကစားကာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့သည်။ စည်သူအောင်သည် မြန်မာ့လက်ရွေးစင်အသင်းတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အထိ ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
စည်သူအောင်သည် ၂၀၁၉ ခုနှစ်တွင် ပထမဆုံးပြည်ပကလပ် အသင်းအဖြစ် ထိုင်း လိဂ်-၁ ကလပ် ချောင်ဘူရီအသင်းသို့ ပြောင်းရွှေ့ခဲ့ သော်လည်း တစ်ရာသီသာကစားပြီး မိခင်ကလပ်ဖြစ်သည့် ရတနာပုံ အသင်းသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ စည်သူအောင်သည် ၂၀၂၃ ရာသီဝက်တွင် ထိုင်းလိဂ် -၂ ကလပ် အယုဒ္ဓယအသင်းသို့ ပြောင်းရွှေ့ ခဲ့ပြီး ယခုရာသီအစတွင် ချိုင်းနတ်အသင်း သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
စည်သူအောင်သည် ပြည်တွင်းထိပ်သီးကလပ်များဖြစ်သည့် ရန်ကုန်၊ ရတနာပုံ၊ ရှမ်း ယူနိုက်တက်အသင်းတို့တွင် ကစားခဲ့ပြီး ယင်း(၃)သင်းစလုံးနှင့် MNL အမှတ်ပေးချန်ပီယံဆု ရယူနိုင်သည့် တစ်ဦးတည်းသော ကစားသမားဖြစ်သည်။















