လားရှိုး - နမ္မတူ ကားလမ်းမပေါ်ရှိ အီနိုင်းတံတား မိုင်းဖောက်ခွဲဖျက်စီးခံရ

လားရှိုး - နမ္မတူ ကားလမ်းမပေါ်ရှိ အီနိုင်းတံတား မိုင်းဖောက်ခွဲဖျက်စီးခံရ
Published 1 January 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး - နမ္မတူ ကားလမ်းမပေါ်ရှိ အီနိုင်းတံတားသည် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက မိုင်းခွဲဖျက်စီးခံခဲ့ရမှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း သိရသည်။

အီနိုင်းတံတားသည် လားရှိုးမြို့မှ ၉ မိုင်ခန့်အကွာတွင် တည်ရှိပြီး လားရှိုး - မန်စံ - နမ္မတူ၊ မန်တုံ၊ လားရှိုး - မန်စံ - ပန်လုံ - နမ့်ဆန်မြို့များသို့ သွားရာတွင် အဓိကအသုံးပြုသည့် တံတားတစ်စင်းလည်းဖြစ်ကြောင်း သိရသည်။

အီနိုင်းတံတားအနီးရောက်နေသူ ဒေသခံတစ်ဦးက “အီနိုင်းတံတားတော့ကျိုးပြီ။ ကားတွေတော့ လုံးဝသွားလို့မရတော့ဘူး။ အီနိုင်းတံတား မရှိတော့ဘူး” ဟူ၍ ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် အီနိုင်းတံတားကျိုးသည့် ရုပ်သံအားရိုက်ကူးကာ ၎င်း၏အသိမိတ်ဆွေများထံ အသိပေးနေသည်ကို ကြားသိခဲ့ရသည်။

လက်ရှိအချိန်တွင် အီနိုင်းတံတားကို လားရှိုးမှ မန္တလေးမြို့သို့ သွားရာလမ်းအဖြစ်လည်း အသုံးပြုနေခြင်းဖြစ်ရာ ယခုကဲ့သို့ အီနိုင်းတံတားကျိုးခဲ့ခြင်းကြောင့် လားရှိုးမှ မန္တလေးဘက်သို့ ခရီးထွက်ခွာလိုသူများအနေဖြင့် လားရှိုးမှ နမ့်ပေါင်တံတားကို ဖြတ်သန်း၍ မိုင်းရယ်မြို့ဘက်မှသာ ထွက်ခွာနိုင်သည့် လမ်းတစ်လမ်းသာ ကျန်ရှိတော့ကြောင်း သိရသည်။

“ကျွန်တော်တို့က မန္တလေး- နေပြည်တော်-ရန်ကုန်ဘက်နဲ့ အလယ်ပိုင်းဒေသတွေကို သွားလိုတယ်ဆိုရင် အီနိုင်းတံတားကို ဖြတ်ပြီး လားရှိုး - မန်စံ - ပန်လုံ - သီပေါ - နမ့်လန် - ကျောက်ဂူ - အင်တော -ရွာငံလမ်း ၊ လားရှိုး -မန်စံ- ပန်လုံ- သီပေါ- နမ့်လန် -ကျောက်ဂူ-နောင်ချို -ပြင်ဦးလွင် -မန္တလေးလမ်းကို အသုံးပြုပြီး သွားကြရတာပေါ့။ ခရီးက အရမ်းတော့ဝေးတယ်။ သွားလို့တော့ ရနေသေးတယ်ဆိုတော့ မဆိုးလှဘူးပေါ့။ ခရီးသည်ယာဉ်စီးခနဲ့ ကုန်တင်ခတွေကတော့ အရင်ကထက် အဆမတန်တော့ မြှင့်တက်သွားတာပေါ့” ဟု ယာဉ်မောင်းတစ်ဦးကဆိုသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အောက်တိုဘာ ၂၇ ရက်မှစတင်ခဲ့သည့် တိုက်ပွဲဖြစ်စဉ်များအတွင်း လားရှိုး -မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ ကျင်သီတံတား၊ စဥ့်အင်တံတား၊ မိုးတေတံတား၊ အီနိုင်းတံတားတို့ မိုင်းဖောက်ခွဲခံခဲ့ရကြောင်း သိရသည်။

Most Read

Most Recent