စပါးအသင်းနောက်ခံလူ ရိုမဲရိုး တံကောက်ကြောဒဏ်ရာကြောင့် ငါးပတ်ခန့် အနားယူရနိုင်ပြီး ဇန်နဝါရီတွင် ခံစစ်ပိုင်းအားဖြည့်ရမည်ဟု ပိုစတီကိုဂလူး ပြောကြား

စပါးအသင်းနောက်ခံလူ ရိုမဲရိုး တံကောက်ကြောဒဏ်ရာကြောင့် ငါးပတ်ခန့် အနားယူရနိုင်ပြီး ဇန်နဝါရီတွင် ခံစစ်ပိုင်းအားဖြည့်ရမည်ဟု ပိုစတီကိုဂလူး ပြောကြား
Photos: Getty Images
Photos: Getty Images
Published 30 December 2023

 

စပါးအသင်းနောက်ခံလူ ခရစ္စတီယန်ရိုမဲရိုးသည် တံကောက်ကြောဒဏ်ရာကြောင့် လေးပတ်မှ ငါးပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း နည်းပြဖြစ်သူ ပိုစတီကိုဂလူးက အတည်ပြုပြောကြားခဲ့သည်။

အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင် ခံစစ်အတွင်းလူ ရိုမဲရိုးသည် ပြီးခဲ့သည့် စနေနေ့က အဲဗာတန်အသင်းနှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းအပြီးမှာပင် လူစားလဲခဲ့ရသည်။ ရိုမဲရိုး၏ ဒဏ်ရာသတင်းမှာ ဒဏ်ရာရကစားသမားများနေသည့် စပါးအသင်းအတွက် ထိုးနှက်ချက် ဖြစ်စေခဲ့သည်။

၎င်း၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ ပိုစတီကိုဂလူးက "သူ့ကို ဆုံးရှုံးရတာက စိတ်ပျက်စရာကောင်းတယ်ဆိုတာ အမှန်ပါပဲ။ သူက တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး Scan စစ်ဆေးမှု လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို လေး၊ ငါးပတ်လောက် စောင့်ကြည့်ရနိုင်ပါတယ်" ဟု ပြောကြားခဲ့သည်။

ရိုမဲရိုးအပြင် နယ်သာလန်နောက်ခံလူ ဗန်ဒီဗန်မှာလည်း တံကောက်ကြောဒဏ်ရာကြောင့် နိုဝင်ဘာကတည်းက အနားယူနေရပြီး ဇန်နဝါရီလလယ်ပိုင်းမှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိနေသည်။ သို့ဖြစ်ရာ ပိုစတီကိုဂလူးက ဇန်နဝါရီတွင် ခံစစ်ပိုင်းအားဖြည့်ရမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကိုယ့်အလုပ်ကိုယ် စောစောစီးစီးလုပ်နိုင်ရင် အဲဒါက ကျွန်တော်တို့အတွက် ကောင်းပါတယ်။ ဒါက ရိုမဲရိုးကို ဆုံးရှုံးလိုက်ရလို့ မဟုတ်ပါဘူး။ အချိန်တစ်လလုံးရှိနေတာဖြစ်လို့ ဘာလို့ဖြုန်းတီးရမှာလဲ။ ဇန်နဝါရီလကုန်အထိ သွားမယ်ဆိုရင် သူတို့အရှိန်ရလာမယ့်အချိန်က ဖေဖော်ဝါရီလလယ်ကနေ လကုန်လောက်အထိ ဖြစ်သွားနိုင်တယ်။ အဲဒါက သူတို့ဘယ်နေရာကလာတယ်၊ ဘယ်လိဂ်ပြိုင်ပွဲကလာတယ်ဆိုတဲ့အပေါ် မူတည်ပါတယ်။  ဒီအပြောင်းအရွှေ့ကာလမှာ စောစောစီးစီးပဲ တစ်ခုခုလုပ်ချင်တယ်။ အဲဒီလိုပြောတာက ကျွန်တော်တို့ကို စိန်ခေါ်မှုဖြစ်စေပါတယ်" ဟု ပိုစတီကိုဂလူးက ဆိုသည်။

Most Read

Most Recent