■ ကင်မရွန်းဂိုးသမား အိုနာနာ အာဖရိကနိုင်ငံများဖလားပွဲ သွားရောက်ယှဉ်ပြိုင်ချိန်တွင်  မန်ယူအသင်း၏ ဂိုးပေါက်ကို တူရကီဂိုးသမား ဘာယင်ဒါ တာဝန်ယူရမည်     

■ ကင်မရွန်းဂိုးသမား အိုနာနာ အာဖရိကနိုင်ငံများဖလားပွဲ သွားရောက်ယှဉ်ပြိုင်ချိန်တွင်  မန်ယူအသင်း၏ ဂိုးပေါက်ကို တူရကီဂိုးသမား ဘာယင်ဒါ တာဝန်ယူရမည်     
Photo: Getty Images
Photo: Getty Images
Published 29 December 2023

လက်ရှိအချိန်တွင် မန်ယူအသင်း၏ ပထမဂိုးသမားနေရာကို ရယူထားသော ကင်မရွန်းဂိုးသမား အိုနာနာသည် အာဖရိကနိုင်ငံများဖလားပွဲ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းအချိန်တွင် တူရကီဂိုးသမား ဘာယင်ဒါက မန်ယူအသင်း၏ ဂိုးပေါက်ကို တာဝန်ယူရမည်ဖြစ်ကြောင်း သိရသည်။

    

ယင်းအခြေအနေမှာ ဘာယင်ဒါအတွက် အခွင့်အလမ်းဖြစ်သော်လည်း အိုနာနာအတွက်မူ ပထမဂိုးသမားနေရာကို ဆုံးရှုံးသွားရနိုင်ကြောင်း ဗြိတိန်မီဒီယာများက သုံးသပ်လျက်ရှိသည်။ 

အိုနာနာနှင့် ဘာယင်ဒါတို့သည် ပြီးခဲ့သည့်နွေရာသီကမှ မန်ယူအသင်းထံသို့ ရောက်ရှိလာသည့်် ဂိုးသမားသစ်နှစ်ဦးဖြစ်ပြီး မန်ယူအသင်းသည် အင်တာမီလန်ဂိုးသမား အိုနာနာအတွက် ပြောင်းရွှေ့ကြေး ပေါင်(၄၇)သန်းဝန်းကျင် ပေးချေခဲ့ရသည်။ 

ဖီနာဘာချီဂိုးသမား ဘာယင်ဒါအတွက်မူ ပေါင်(၄.၃)သန်းသာ ပေးချေခဲ့ရပြီး ၎င်းသည် လက်ရှိအချိန်အထိ မန်ယူအသင်းအတွက် တစ်ပွဲမျှ ကစားခွင့်မရသေးပေ။ 

သို့သော် ပထမဂိုးသမား အိုနာနာ၏ အမှားအယွင်းများမှုအပေါ် ဝေဖန်ပြစ်တင်မှုများရှိနေပြီး အပြောင်းအလဲပြုလုပ်ရန် တောင်းဆိုမှုအချို့လည်း ရှိနေရာ အာဖရိကဖလားပြိုင်ပွဲသည် အိုနာနာအတွက် ပထမဂိုးသမားနေရာ ဆုံးရှုံးသွားရနိုင်သည့် အလှည့်အ ပြောင်းတစ်ရပ် ဖြစ်လာစေနိုင်ကြောင်း သုံးသပ်နေကြခြင်းဖြစ်သည်။ 

အိုနာနာသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကာလတွင် ကင်မရွန်းလက်ရွေးစင်အသင်းနည်းပြ ရီဂိုဘတ်ဆောင်းနှင့် ပြဿနာဖြစ်ကာ အိမ်ပြန်ပို့ခံခဲ့ရသည့်အတွက် ၂၀၂၂ ဒီဇင် ဘာတွင် လက်ရွေးစင်အဖြစ်မှ အနားယူကြောင်း ကြေညာခဲ့သော်လည်း ပြီးခဲ့သည့် သြဂုတ်လတွင် နည်းပြနှင့် ပြန်လည်သင့်မြတ်ပြီး လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးခဲ့သည်။ 

ထို့ကြောင့် ဇန်နဝါရီ(၁၃)မှ ဖေဖော်ဝါရီ(၁၁)အထိ ကျင်းပမည့် ၂၀၂၃ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင်လည်း ဆင်နွှဲသွားရမည်ဖြစ်သည်။ သို့ဖြစ်ရာ မန်ယူအသင်း၏ ပွဲစဉ်(၆)ပွဲဝန်းကျင်ကို လွဲချော်မည်ဖြစ်ပြီး ယင်းကာလတွင် ဘာယင်ဒါက တာဝန်ယူသွားရမည်ဖြစ်သည်။ 

မန်ယူကွင်းလယ်လူ အမ်ရာဘတ်မှာလည်း အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင် မော်ရိုကို လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံထားရကြောင်း သိရသည်။

Most Read

Most Recent