(၁)
သိပ္ပံပညာရှင်များက စကြဝဠာထဲတွင် နှစ်ဘီလျံပေါင်းများစွာဖြစ်တည်လာခဲ့သော ကမ္ဘာကြီးသည် သက်တမ်းကြာမြင့်လာသည်နှင့်အမျှ ယိုယွင်းပျက်စီးမှုသည်လည်း တဖြည်းဖြည်းများပြားလာခဲ့ပြီဟု ဆိုနေကြပြီ။ ကမ္ဘာကြီးကို မှီခို၍ရှင်သန်နေထိုင်ကြသည့်လူသားဦးရေမှာ တဖြည်းဖြည်းများပြားလာခဲ့သည်မှာ ယခုအချိန်တွင် ခန့်မှန်းခြေအားဖြင့် သန်းပေါင်းရှစ်ထောင်ပင်ရောက်ရှိခဲ့ပြီဖြစ်သည်။ လူသားတို့သည် ရှင်သန်ရပ်တည်နိုင်ရေးအတွက် သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုများကို ထုနှင့်ထည်နှင့် ဆက်တိုက်ပြုလုပ်ခဲ့ကြသည်။ တီထွင်ကြံဆမှုများမှာလည်း အံ့မခန်းတိုးတက်လုပ်ဆောင်ခဲ့ကြ၏။
ယနေ့အချိန်တွင် ကမ္ဘာကြီး၏ ခံနိုင်ရည်အားလျော့နည်းကျဆင်းလာခဲ့ပြီလော။ လူသားတို့ ကြုံတွေ့နေရသော သဘာဝဘေးအန္တရာယ်အမျိုးမျိုး၊ ပြင်းထန်သောရာသီဥတု အသွင်သဏ္ဍာန်အမျိုးမျိုးတို့က ကမ္ဘာကြီးသည် မူလအခြေအနေနှင့်မတူတော့ကြောင်း၊ ခံနိုင်အားနည်းနေပြီဖြစ်ကြောင်း လက်တွေ့ကျကျသက်သေပြသကဲ့သို့ရှိနေသည်။ ပြင်းထန်သောရာသီဥတုအပြောင်းအလဲများသည် မြေပြင်၊ ဝေဟင်၊ ပင်လယ်သမုဒ္ဒရာတို့တွင် ပြင်းထန်သောသဘာဝဘေးအန္တရာယ် အမျိုးမျိုးကိုဖြစ်လာစေသည်။ ကုန်းမြေနှင့် ပင်လယ်သမုဒ္ဒရာတို့တွင် စံချိန်တင်အပူလှိုင်းဖြတ်ခြင်း၊ မိုးရွာသွန်းမှုပြင်းထန်ခြင်း၊ မုန်တိုင်းများ ဖြစ်ပေါ်ခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ခြင်း၊ ကာလကြာရှည်မိုးခေါင်ခြင်း၊ တောမီးများ မကြာခဏလောင်ကျွမ်းခြင်း စသည်ဖြင့် အခြေအနေဆိုးများသည် အကြိမ်ရေစိပ်လာပြီး အပူလှိုင်းများ၊ အအေးလှိုင်းများသည်လည်း တစ်ကြိမ်နှင့်တစ်ကြိမ် ပို၍ပို၍ပြင်းထန်လာသည်။ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်မှုသည် ပုံမှန်မဟုတ်သော၊ မျှော်လင့်မထားသောအခြေအနေမျိုးဖြင့်ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ဂေဟစနစ်ပျက်စီးခြင်း၊ လူသားတို့ အသက်ရှင်သန်မှုကို ထိခိုက်လာခြင်း၊ ပစ္စည်းဥစ္စာများ ဆုံးရှုံးလာခြင်း စသဖြင့် ဆိုးကျိုးသက်ရောက်မှုအမျိုးမျိုးကို မျက်မြင်တွေ့နေရပြီဖြစ်သည်။
(၂)
ထိုသို့ကမ္ဘာကြီး၏ ရာသီဥတုအခြေအနေ အပြောင်းအလဲများသည် လူသားတို့အသက်ရှင် နေထိုင်ရပ်တည်မှုအပေါ် စိုးရိမ်စရာဖြစ်လောက်အောင် ပို၍ကြုံတွေ့လာနေရသည်။ တစ်ဖက်တွင် ပညာရှင်များ၊ နိုင်ငံခေါင်းဆောင်များက ဆွေးနွေးတိုင်ပင်လုပ်ဆောင်မှုများရှိနေကြသော်လည်း စိတ်ချလုံခြုံလောက်သော အခြေ အနေမျိုး မဟုတ်သေးပေ။ ထို့ကြောင့် သဘာဝတရားအပြောင်းအလဲများ၏ ဆိုးကျိုးသက်ရောက်မှုများကို ကာကွယ်ဟန့်တားနိုင်ရေး ဆက်လက်၍ ကြိုးစား အားထုတ်နေကြစဉ်မှာပင် အခြားတစ်ဖက်၌ အပြောင်းအလဲများနှင့် လိုက်လျောညီထွေစွာ သက်ရှင်နေထိုင်နိုင်ရေး နည်းလမ်းသစ်များကိုပါ ရှာဖွေလုပ်ဆောင်နေကြရသည်။
စတန်းဖို့ဒ်တက္ကသိုလ်၊ သုတေသနအဖွဲ့ကဦးဆောင်ပြုလုပ်သည့်လေ့လာမှုတစ်ခုတွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံရနိုင်ခြေရှိသူဦးရေသည် တစ်နှစ်ပြီးတစ်နှစ် ပုံမှန်များပြားလာနေပြီး ဘေးအန္တရာယ်ဖြစ်ပွားသည့် အကြိမ်နှင့် နေ့ရက်တို့သည်လည်း အရေအတွက် ပို၍များလာနေသည်ဟု ဖော်ပြထားသည်။ မုန်တိုင်းများသည် ထိုဒေသများရှိ လူအများ၏ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းအခြေအနေများကို ခြိမ်းခြောက်လျက်ရှိနေသည်။ လေ့လာမှု၏ သုံးသပ်ချက်များတွင် ပြင်းထန်သော ရာသီဥတုအပြောင်းအလဲ သက်ရောက်မှုများ လျော့ပါးသက်သာစေရေး မဟာဗျူဟာများ ရေးဆွဲရာ၌ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး အေဂျင်စီများ၊ ဖွံ့ဖြိုးရေးဘဏ်များနှင့် အခြားသောသက်ဆိုင်သည့်အဖွဲ့အစည်းများကို ထိထိရောက်ရောက်အကြံပြုနိုင်သည့် အချက်များပါဝင်သည်ဟုဆိုသည်။
(၃)
“ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ လူဦးရေအခြေအနေ၊ စာရင်းဇယားတွေကို နားလည်သိရှိမှုဟာ အဆင့်ဆင့်ဖြစ်ပေါ်လာနိုင်တဲ့ဘေးအန္တရာယ်တွေအခြေအနေကို နားလည်သဘောပေါက်ဖို့ အားထုတ်တဲ့အခါ တကယ်အရေးပါတဲ့ အချက်တွေဖြစ်ပါတယ်” ဟု အဆိုပါလေ့လာမှုတွင်ပါဝင်သည့် စတန်းဖို့ဒ်ဆေးကျောင်းမှ ပါရဂူဘွဲ့လွန်ပညာ သုတေသီဖြစ်သူ Renzhi Jing ကဆိုသည်။ ထို့ပြင် အန္တရာယ်လျော့ပါးသက်သာစေရေးအတွက်လည်းကောင်း၊ ပညာရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကဲ့သို့ လူမှုရေးရည်မှန်းချက်များ အောင်မြင်စေရန်အတွက်လည်းကောင်း ထိုအချက်သည် အထူးအရေးကြီးသည့်ကိစ္စဖြစ်သည်ဟု ၎င်းကဆက်လက်သုံးသပ် ပြောထားသည်။
အပူပိုင်းဒေသဆိုင်ကလုန်းမုန်တိုင်းများသည် လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းစေသည့်တိမ်များ၊ မိုးကြိုးမုန်တိုင်းများ၏ ပုံမှန်လည်ပတ်စနစ်များဟု ဆိုကြသည်။ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်မှုများသည် ဒေသအလိုက် ဖြစ်ပေါ်တတ်သည့်အခြေအနေမျိုးဖြစ်သည်။ စတန်းဖို့ဒ်တက္ကသိုလ်၏ သုတေသနအဖွဲ့၊ အမေရိကန်နိုင်ငံ၏ အကျိုးအမြတ်မယူသော မူဝါဒဆိုင်ရာနှင့် သုတေသနအဖွဲ့အစည်းဖြစ်သည့် RAND Corporation နှင့်အခြားသောအဖွဲ့အစည်း များမှ သုတေသီများသည် ၂၀၀၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိကာလများအတွင်း မုန်တိုင်းဒဏ်ခံလူဦးရေ၏ ကမ္ဘာလုံးဆိုင်ရာ အခြေအနေအကျဉ်းချုပ်ကို ပုံဖော်နိုင်ရန် အတွက် လူဦးရေအခြေအနေနှင့် အပူပိုင်းဒေသ မုန်တိုင်းဖြစ်ပွားသည့်နယ်မြေတို့ကို ဆက်စပ်နိုင်သည့် ခန့်မှန်းချက်မော်ဒယ်အသစ်ကို အသုံးပြုခဲ့ကြခြင်းဖြစ်သည်။
(၄)
လေ့လာဆန်းအရ နှစ်စဉ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသော လူပေါင်းသန်း ၅၆၀ ခန့်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသည့်အရေအတွက်မှာလည်း တိုးလာသည်ကိုတွေ့ရသည်။ ထိခိုက်မှုခံရသူများ၏ အသက်အရွယ်ကို လေ့လာရာတွင် ပျမ်းမျှအားဖြင့် ကလေးသူငယ်များမှ အရေအတွက်များသော်လည်း နောက်ပိုင်းတွင် အသက် ၆၀ ကျော်အရွယ်အရေအတွက်ပါ တဖြည်းဖြည်းနှင့် များလာသည်ကို တွေ့ရသည်။ မုန်တိုင်းဖြစ်ပေါ်သည့် တူညီသောဒေသတစ်ခုတည်းမှာပင် ဆင်းရဲနွမ်းပါးသည့်သူများက အခြားသူများထက် လူမှုစီးပွားအရ ပို၍ ထိခိုက်မှုများရှိနေသည်ကို တွေ့ရသည်။
ထို့ကြောင့် ပြင်းထန်သောရာသီဥတုပြောင်းလဲမှုများကြောင့်ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များသည် မုန်တိုင်းဒဏ်ခံဒေသများ၏ လူမှုစီးပွားရေးမညီမျှမှုများကို ပိုမိုဆိုးရွားလာစေပြီး ထိုဒေသများရှိ ထိခိုက်လွယ်သောအုပ်စုများအတွက် ကြီးမားသောဘေးအန္တရာယ်ဖြစ်လာစေသည်။ သက်ဆိုင်ရာအစိုးရများက အဆိုပါအုပ်စုများအတွက် ကြားဝင်ကူညီဆောင်ရွက်ပေးမှုများ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန်စနစ်တကျအစီအမံများဖြင့် ကြိုတင်စီစဉ်ထားရန်လိုအပ်သည်ဟု လေ့လာမှုက မီးမောင်းထိုးပြထားကြောင်း သုတေသီများက ဆိုသည်။
(၅)
မည်သည့်ပညာရှင်၏ အကြံပေးမှုကိုမျှ စောင့်နေစရာမလိုဘဲ သိနိုင်သည်မှာ ပြင်းထန်သော မုန်တိုင်းများ အပါအဝင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါ အဆိုးရွားဆုံးထိခိုက်ပြီး အပြင်းထန်ဆုံး ခံရသူများမှာ ဆင်းရဲနွမ်းပါးသူများသာဖြစ်သည်ဟူသော အချက်ဖြစ်သည်။ မုန်တိုင်းစဲပြီးနောက် ဆက်လက်ဖြစ်ပေါ်လာသည့် စီးပွားရေးနှင့် ကျန်းမာရေးဆိုင်ရာ မညီမျှမှု အကျိုးဆက်များသည်လည်း ဆင်းရဲနွမ်းပါးသည့် လူအုပ်စုများဆီသို့သာ ဦးတည်သွားတတ်သည်ကိုလည်း သတိပြုမိနိုင်သည်။
စတန်းဖို့ဒ်ဆေးကျောင်း (Standford School of Medicine) မှ ကျန်းမာရေးမူဝါဒဆိုင်ရာ တွဲဖက်ပါမောက္ခနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စတန်းဖို့ဒ် ဝုဒ် အင်စတီကျု (Standford Woods Institute for the Environment) မှ အကြီးတန်းလေ့လာသူ Eran Bendavid က အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဒဏ်အပါအဝင် မည်သည့်သဘာဝဘေးအန္တရာယ်ဆို ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဒေသရှိ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အမှန်တကယ်ပရဟိတစိတ်ထားဖြင့် ထူထောင်ထားသည့် အသင်းအဖွဲ့များအနေဖြင့် ဘေးန္တရာယ်ဖြစ်လျှင်ဖြစ်ခြင်း ကနဦးကပင် အချိတ်အဆက်မိမိဖြင့် အလျင်အမြန် ကူညီလုပ်ဆောင်ပေးနိုင်ခြင်းသည်သာ သက်ရောက်၊ ထိခိုက်မှုများ လျှော့ပါးသက်သောလာစေရေးအတွက် ထိထိရောက်ရာက် အထောက်အကူပြုနိုင်လိမ့်မည်က အကြုံပြုထားသည်။