ကယားပြည်နယ်မှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်အတွင်း တစ်ရက်တခြား ပိုမိုများပြားလာနေပြီး အခက်အခဲဒုက္ခမျိုးစုံ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်အဖွဲ့များ ထောက်ပံ့ကူညီရေး ပရဟိတအသင်းများထံမှ သိရသည်။
ကယားပြည်နယ် (ကရင်နီပြည်နယ်) အတွင်း ဖြစ်ပွားနေသော စစ်ပွဲများသည် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတို့တွင် ဖြစ်ပွားသောတိုက်ပွဲများကြောင့် အရပ်သားသိန်းနှင့်ချီ၍ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
ကယားပြည်နယ် (ကရင်နီပြည်နယ်) တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင်လည်း တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ ညောင်ရွှေ၊ ပင်လောင်း၊ နောင်တရား၊ ရွာငံ၊ ဆီဆိုင်၊ ဟိုပုံးမြို့အထိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာကြရခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်ဖြစ်ပွားသော တိုက်ပွဲများကြောင့် ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တိုင်းရင်းသားပြည်သူ တစ်သိန်းတစ်သောင်းကျော်တို့သည် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရ ကြောင်း Data for Myanmar ၏ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် ထုတ်ပြန်ချက်အရသိရသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှစတင်၍ တိုက်ပွဲပဋိပက္ခများ ပြန်လည်စတင်ခဲ့ခြင်းဖြစ်ပြီး အရပ်သားပြည်သူ လေးသောင်းကျော်တို့သည် ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။ ကယားပြည်နယ်မှ နေရပ်စွန့်ခွာ ပြည်သူများတို့သည် အခြေအနေအရပ်ရပ်ကြောင့် ညောင်ရွှေမြို့နယ်တွင်သာ ခိုလှုံနေရခြင်းရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ တိုက်ပွဲပေါင်း အကြိမ် ၉၀၆ ကြိမ် ဖြစ်ခဲ့ပြီး အရပ်သားပြည်သူပေါင်း ၄၄၉ ဦး၊ စစ်ဘေးရှောင်များ သေဆုံးမှု ၁၄၇ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဒီဇင်ဘာ ၁ ရက်က ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှ စတင်၍ လွိုင်ကော်မြို့တွင်း တိုက်ပွဲများ ပြင်းထန်လာပြီး မြို့တွင်းအရပ်သား အိုးအိမ်စည်းစိမ်များ၊ အဆောက်အအုံများ ထိခိုက်ပျက်စီးဆုံးရှုံးမှုရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင်လည်း လွိုင်ကော်မြို့တွင်း တိုက်ပွဲဖြစ်စဉ်များကြောင့် အရပ်သား နှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများ ရှိနေကြောင်း ဒေသတွင်း သတင်းအချက်အလက်များအရ သိရသည်။
Data for Myanmar ၏ နိုဝင်ဘာ ၈ ရက် ထုတ်ပြန်သော အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် မေ ၁ ရက်မှ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ အရပ်သားပိုင် နေအိမ်အဆောက်အအုံပေါင်း ၇၆၉၂၃ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။ ပျက်စီးမှုများတွင် စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ကာ မကွေးတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့လည်း ပါဝင်သည်။
ကယားပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများ ညောင်ရွှေမို့နယ်တွင် လူဦးရေ ပေါင်း ၁၂၅၀၀ ကျော် ခိုလှုံနေကြရပြီး လူသားချင်း စာနာမှု အကူအညီများ လိုအပ်ချက် များပြားကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် အဓိကအားဖြင့် ညောင်ရွှေမြို့နယ်သို့ အများဆုံး ထွက်ပြေးတိမ်းရှောင်ခြင်းဖြစ်ကာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်အထိ ဝင်ရောက်မှုများ ရှိနေသဖြင့် နေရာမလုံလောက်မှုများရှိကြောင်း ကြားသိရသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်အထိ စာရင်းများအရ ကယားပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများတို့သည် ညောင်ရွှေမြို့နယ်တွင် လူဦးရေ စုစုပေါင်း ၁၂၅၀၀ ကျော် ခိုလှုံနေကြကြောင်းသိရသည်။ ၎င်းတို့အတွက် စားဝတ်နေရေးနှင့် လူသားချင်းစာနာမှုအကူအညီများ လိုအပ်ချက်ရှိကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသော ပရဟိတအဖွဲ့အစည်းများက ဆိုသည်။ ညောင်ရွှေမြို့ပေါ်တွင် စစ်ဘေးရှောင်စခန်းပေါင်း ၁၆ ခု ရှိပြီး ညောင်ရွှေမြို့နယ်အတွင်းရှိ မိုင်းသောက်၊ နန်းပန်၊ သလဲဦး၊ ရွာမ၊ အင်းတိန်၊ ရေနွေး ကျေးရွာများတွင်လည်း ခိုလှုံနေကြသူ အများအပြားရှိကြောင်းသိရသည်။
ကယားပြည်နယ်မှ စစ်ဘေးရှောင် ပြည်သူများတို့သည် နိုဝင်ဘာ ၁၅ ရက်မှ စတင်၍ နေရပ်စွန့်ခွာ ရောက်ရှိလာကြပြီး ညောင်ရွှေမြို့နယ်တွင် အများဆုံး ခိုလှုံနေထိုင်ရခြင်း ဖြစ်ကြောင်း သိရသည်။
ညောင်ရွှေမြို့ပေါ် ရှိ စစ်ဘေးရှောင် စောင့်ရှောက်ရေး Center များမှာ(၁) မြို့မရန်ကုန်ကျောင်း၊ (၂) မဟာရန်အောင်ဘုရား၊ (၃) ရွှေချမ်းသာဘုရား၊ (၄) မြို့ဦးစေတီ၊ (၅) ဖောင်တော်သီဘုရား၊ (၆) ဖောင်တော်ဆိပ်ဘုရား၊ (၇) ဘုရားနီ၊ (၈) ကန်သာရပ်ဓမ္မာရုံ၊ (၉) မြစေတီ၊ (၁၀) ရွှေဇာလီဘုရား၊ (၁၁) ရွှေရည်ကျကျောင်း၊ (၁၂) တိန်းနန်းဘုရား၊ (၁၃) ဘုရားကြီးဘုန်းကြီးကျောင်း၊ (၁၄) နန်းသဲကျောင်း၊ (၁၅) ဗောရိသတ်ဘုန်းကြီးကျောင်း၊ (၁၆) ဘုရားကြိမ်းကျောင်းတို့ ဖြစ်ကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်အတွင်းရှိ နန်းပန် သလဲဦး ရွာမ အင်းတိန် ရေနွေးမိုင်းသောက် စသည့် ကျေးရွာများတွင်လည်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်များ ခိုလှုံနေကြရခြင်းဖြစ်ပြီး လူဦးရေများပြားကြောင်း သိရသည်။
“အခုက တော်တော်များများ လာကြတယ်။ ဒီနေ့အထိ လာနေတုန်းပဲ။ တောင်ကြီးမြို့နယ်လည်း လက်မခံတော့ ညောင်ရွှေကိုပဲအများဆုံးရောက်လာကြတာ။ ကျွန်တော်တို့လည်း လက်ခံဖို့ကနေရာမရှိတော့ဘူး။ အကုန်နေရာတွေပြည့်ကုန်ပြီ။ ပြန်လွှတ်ရမှာလည်းသနားစရာကောင်းတော့ ဘာလုပ်ရမလည်းကိုမသိတော့ဘူးဖြစ်နေတယ်။ ကျွန်တော်တို့ဆိုရင် စားရေး၊ နေထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး အကုန်ဆောင်ရွက်ပေးထားတယ်။ ကျောင်းတက်ရမယ့်အရွယ်ကျောင်းတက်နိုင်အောင် ညှိနှိုင်းဆောင်ရွက်ပေးထားပါတယ်။ ကျောင်းတက်နိုင်သော စစ်ဘေးရှောင်ကလေးငယ်ပေါင်း ၆၀၀ ကျော် ရှိပါတယ်။ ကလေးငယ်တွေအတွက် လိုအပ်တဲ့သင်ထောက်ကူတွေရရှိအောင်လည်း အလှူခံပေးရပါတယ်။ လုံလောက်မှုမရှိပေမဲ့လည်း အကောင်းဆုံးတော့လုပ်ပေးထားပါမယ်။ အဓိကတော့ ညောင်ရွှေဒေသခံ တွေ ကူညီပံ့ပိုးပေးကြတာပါ။ အဝေးအလှူရှင်တွေလည်းရှိပါတယ်။ ပရဟိတအသင်းတွေ လုပ်ဆောင်ပေးတာလည်းအများကြီးရှိပါတယ်။ ဆန်၊ ဆီ၊ ဆား ဟင်းချက်စရာအကုန်ပေးပါတယ်။ ချက်တာကတော့ သူတို့ပဲဝိုင်းချက်ကြပါတယ်။ တစ်လလောက်တော့ ညောင်ရွှေမြို့က ထောက်ပံ့ပေးဖို့ ကြိုးစားနေပါတယ်။ ကြာလာရင်တော့ လိုအပ်ချက်တော့ ရှိလာနိုင်ပါတယ်။ အကူအညီများစွာ လိုအပ်နေပါတယ်။ WFP ကတော့ ဆန်၊ ဆီ၊ ဆား၊ ၊ ပဲ လာထောက်ပံ့ပါတယ်။ ကျွန်တော်တို့ကတော့ အနည်းဆုံး တစ်လစာတော့ ကျွေးပေးမှာပါ” ဟု ညောင်ရွှေမြို့ရှိ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ညောင်ရွှေမြို့နယ်၊ ရွှေရည်ကျကျောင်း (နန်းတုတ်) ကျောင်းတွင် နေရပ်စွန့်ခွာသူ ၇၀ ဝန်းကျင်လက်ခံထားပြီးဖြစ်ပြီး အလှူရှင်များလှူဒါန်းပေးနိုင်ပါရန်နိူးဆော်ထားကြောင်း ဒီဇင်ဘာ ၆ ရက်တွင် သိရသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ညောင်ရွှေမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းအားလုံး ပြည့်နေပြီး ပြုစုထားသောစာရင်းအရ ညောင်ရွှေမြို့ပေါ် ရှိ စခန်းပေါင်း ၁၆ ခုတွင် စစ်ဘေးရှောင် ၁၂၅၀၀ ဦးကျော်ရှိကြောင်းသိရသည်။
ညောင်ရွှေမြို့နယ်တွင် ခိုလှုံနေကြသော စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးအတွက် ညောင်ရွှေမြို့ခံများမှ အဓိကပံ့ပိုးကူညီပေးနေကြပြီး အဝေးမှ အလှူရှင်များနှင့်ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပရဟိတအသင်းများမှလည်း လှူဒါန်းမှုများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ကယားပြည်နယ်မှနေရပ်စွန့်ခွာလာသော ကျောင်းနေအရွယ်ကလေးငယ်များ ပညာရေး အဆက်မပြတ်စေရန် ညောင်ရွှေမြို့နယ်မှ သက်ဆိုင်ရာ ပညာရေးမှတာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဆွေးနွေးတိုင်ပင်ပြီး အချက်ငါးချက်ကို ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ ထိုအချက်များမှာ -
(၁) အတန်းလိုက် နီးစပ်ရာကျောင်းများတွင်အပ်နှံထားရန်၊
(၂) ကျောင်းဝတ်စုံ စာအုပ် မပါရှိသေးသော်လည်းလက်ခံပေးရန်၊
(၃) တရားဝင်တက်ရောက်နိုင်ရေးလိုအပ်သည့် စာရွက်စာတမ်းများဖြည့်သွင်းပြီး တာဝန်ခံများမှ အဆင့်ဆင့်ကူညီဆောင်ရွက်ပေးရန်၊
(၄) ပရဟိတအဖွဲ့များမှ လိုအပ်သည့် စာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံ၊ လွယ်အိတ်၊ သင်ရိုးညွှန်းတန်းစာအုပ်များ အလှူခံပေးရန်
(၅) မြို့နယ် ပညာရေးဌာနမှလည်း လိုအပ်သည့် များကူညီထောက်ပံပေးရန်
အကောင်းဆုံး ဆွေးနွေးတိုင်ပင် ခဲ့ကြပါကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ မြို့နယ်များတွင်လည်း တိုက်ပွဲများကြောင့် အရပ်သားပြည်သူများသည် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရကြောင်း သိရသည်။
လောက်ကိုင်မြို့နယ်တွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသော လုပ်သားပြည်သူများတို့သည် တိုက်ပွဲများကြောင့် လူအင်အား ထောင်ချီ၍ ပြန်လည် ထွက်ခွာလာနေရကြောင်း သိရသည်။ ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးနှင့် မြန်မာတစ်နိုင်ငံလုံးတွင် တိုက်ပွဲများပြီးဆုံး၍ စစ်မှန်သော ငြိမ်းချမ်းရေး အမြန်ဆုံးရရှိနိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါသည်။