(၁)
ကမ္ဘာ့ကုလသမဂ္ဂ၏ (၂၈) ကြိမ်မြောက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးညီလာခံ (the 28th meeting of the Conference of the Parties (COP28) ကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ ရက်သတ္တနှစ်ပတ်ကြာ ယူအေအီး နိုင်ငံ၊ ဒူဘိုင်း၌ကျင်းပလျက်ရှိသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၃ဝကျော်မှနိုင်ငံခေါင်းဆောင်များ၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ ကိုယ်စားလှယ်များ၊ သက်ဆိုင်သည့်ပုဂ္ဂိုလ်များ တက်ရောက်နေကြသည်။ သို့သော် ကမ္ဘာ့လေထုထဲသို့ ကာဗွန်အောက်ဆိုက်ဓာတ်ငွေ့ အထုတ်လွှတ်ဆုံး အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှသမ္မတများ မတက်ရောက်ခဲ့ကြ။ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးနှင့် ရုရှားသမ္မတ ပူတင်တို့လည်း မတက်ရောက်ကြပေ။ ညီလာခံ၏အခြေအနေကို ပညာရှင်များ၊ သုတေသီများက စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။
(၂)
COP28 ညီလာခံတွင် လွန်ခဲ့သောရှစ်နှစ်က ပြုလုပ်ခဲ့သည့် ပဲရစ်သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေး အလေးထားစဉ်းစားကြမည့်အပြင်
- ၂၀၃၀ မတိုင်ခင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ဖြတ်တောက်၍ သန့်ရှင်းစွမ်းအင်ထုတ်လုပ်မှုကို ဆောလျင်စွာလုပ်ဆောင်နိုင်ရေး၊
- ချမ်းသာသည့်နိုင်ငံများက ဆင်းရဲသည့်နိုင်ငံများကို ရန်ပုံငွေများထောက်ပံ့ရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သဘောတူညီမှုအသစ်များချမှတ်နိုင်ရေး၊
- သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူလူထုအပေါ် ပိုမိုအလေးထားဂရုပြုလာစေရေး၊
- COP28 အစီအစဉ်တွင် နိုင်ငံများအားလုံး စုံစုံညီညီပါဝင်လာနိုင်ရေးတို့နှင့်
- ဆက်စပ်ပတ်သက်နေသည့် နယ်ပယ်များဖြစ်သည့် ကျန်းမာရေး၊ အစားအစာထောက်ပံ့မှုနှင့် ဘဏ္ဍာရေး စသည်တို့ကိုပါ ဆွေးနွေးသွားရန်ရှိသည်ဟုသိရသည်။
(၃)
COP28 ၏ ညီလာခံတွင် ယူအေအီးနိုင်ငံပိုင် ရေနံကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ် စော်ဘွား စူလတန်အယ်ဂျက်ဘာ (Sultan Al-Jaber ) က ညီလာခံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည်။ ညီလာခံသို့ တက်ရောက်လာသည့်ကိုယ်စားလှယ်များကို မိန့်ခွန်းပြောကြားရာတွင် စူလတန်အယ်ဂျက်ဘာက ရာသီဥတုပြောင်းလဲခြင်းနှင့်ပတ်သက်၍ ရုပ်ကြွင်းလောင်စာများ အပါအဝင် ဆက်စပ်သည့်အရာများနှင့်ပတ်သက်၍လည်းကောင်း၊ အတွေးအမြင်ပြောင်းခြင်းကို အားပေးခြင်းဖြင့် စွမ်းအင်အသုံးပြုရာတွင် သမားရိုးကျမဟုတ်သော နည်းလမ်းများကို ရှာဖွေရန်လိုအပ်ကြောင်းကိုလည်းကောင်း အလေးထားပြောကြားခဲ့သည်။ သို့သော် ရုပ်ကြွင်းလောင်စာများ ဖယ်ရှားနိုင်ရေးအတွက် ထောက်ကူပံ့ပိုးပေးမည့် “သိပ္ပံပညာရပ်မရှိ” ကြောင်း သူ၏အခိုင်အမာ ပြောဆိုခဲ့မှုနှင့်ပတ်သက်၍ တက်ရောက်သူများက အကြီး အကျယ်ဝေဖန်ခဲ့ကြသည်။ ညီလာခံတက်ရောက်သူများထဲတွင် ဥပဒေပြုလွှတ်တော်အမတ်များ၊ သိပ္ပံပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများလည်းပါဝင်ပြီး ၎င်းတို့သည် စွမ်းအင်အသွင်ကူးပြောင်းရေး ကမ္ဘာလုံးဆိုင်ရာတွန်းအားပေးလုပ်ဆောင်နေသည့်ကာလအတွင်း ရုပ်ကြွင်းလောင်စာများဆိုင်ရာ ကတိကဝတ်များနှင့် ပတ်သက်၍ စိုးရိမ်ကြောင့်ကြနေသူများဖြစ်ကြသည်။
(၄)
ညီလာခံတွင် ရာသီဥတုနှင့်သက်ဆိုင်သည့် ပြုပြင်ပြောင်းလဲရေးကိစ္စရပ်များအပေါ် ဝေဖန်သုံးသပ်သည့် အသံစုံကိုကြားရသည်။ ညီလာခံကိုတက်ရောက်နေသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်ထိုနီယိုဂူတာရက်က ကမ္ဘာ့နိုင်ငံများသည် ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့သည့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပါရီ သဘောတူညီချက် ပန်းတိုင်များနှင့်ဝေးကွာနေဆဲဖြစ်ကြောင်း၊ ယခုလုပ်ဆောင်နိုင်မည်ဆိုပါက ရာသီဥတုဖောက်ပြန်မှု အဆိုးဆုံးအခြေအနေကို ရှောင်လွှဲနိုင်မည့် နည်းပညာများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ ဘရာဇီးသမ္မတက ရာသီဥတုဆိုင်ရာ ကတိကဝတ်များကို မဖြည့်ဆည်းနိုင်ခြင်းသည် အစိုးရများအပေါ် ယုံကြည်ကိုးစားမှုလျော့ကျပျက်ပြားစေကြောင်း ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း ကမ္ဘာကြီးပူနွေးလာမှုနှင့် ပြင်းထန်သည့် ရာသီဥတု အပြောင်းအလဲများကြောင့် ကမ္ဘာ့နိုင်ငံများတွင် ပြင်းထန်သောစားနပ်ရိက္ခာအကျပ်အတည်းများနှင့် ဆက်လက်ရင်ဆိုင်လာရဖွယ်ရှိသည်ဟု သုံးသပ်ပြောကြားသည်။ ဗြိတိန်၏ တတိယမြောက်ချား လ်ဘုရင်ကလည်း ယခင်ကပညာရှင်များ သတိပေးခဲ့သည့် ရာသီဥတုဖောက်ပြန်မှုအခြေအနေများ ယခုကြုံတွေ့နေရပြီဖြစ်ကြောင်း၊ အားထုတ်ဆောင်ရွက်မှုများရှိခဲ့သော်လည်း များစွာလိုအပ်နေသေးကြောင်း သတိပေးစကားဖြင့်ထောက်ပြခဲ့သည်။ ညီလာခံဥက္ကဋ္ဌ စူလ်တန် အယ်လ်ဂျာဘာကမူ ကမ္ဘာ့အပူချိန်တိုးနှုန်း ၁ ဒသမ ၅ ဒီဂရီ ပန်းတိုင်ပစ်မှတ်ကို ရောက်ရှိစေရန်လုပ်ဆောင်သွားမည်ဟု ကတိပြုပြောကြားထားသည်။
(၅)
COP28 ညီလာခံအပေါ် အပြောများပြီး လက်တွေနည်းသော အစီအစဉ်ဟု သဘောထားနေသူများ ရှိနေသည်။ လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းက ပါရီ၌သဘောတူညီခဲ့ကြသည့် ရာသီဥတုပြောင်းလဲရေး အကောင်အထည်ရမည့်အချက်များကို ယခုတိုင်အောင် ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးသည်မှာ မျက်မြင်ပင်ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ မကြာသေးခင်က ထုတ်ပြန်ထားသည့် ကုလသမဂ္ဂအစီရင်ခံစာတွင်လည်း ဖော်ပြထားသည်။ ရုပ်ကြွင်း လောင်စာများ အသုံးပြုမှုမှတစ်ဆင့်ရရှိလာသော စွမ်းအင်အရင်းအမြစ်များဖြင့် ချမ်းသာကြွယ်ဝလာကြသော နိုင်ငံများသည် ၎င်းတို့အကျိုးစီးပွားအတွက် အမှန်တကယ်စိတ်ပါလက်ပါ ပါဝင်အကောင်အထည်ဖော်ကြမည်လော။ ဆင်းရဲသောနိုင်ငံများကို လက်တွေ့ကျကျကူညီနိုင်မည်လော။
ပြီးခဲ့သည့်နှစ် အီဂျစ်နိုင်ငံတွင်ပြုလုပ်ခဲ့သည့် COP27 ညီလာခံ၌ ရာသီဥတုကပ်ဘေး ပြဿနာများ ဖြေရှင်းနိုင်ရန် ရန်ပုံငွေသစ်နှင့်ပတ်သက်၍ သဘောတူညီခဲ့ကြပြီး ဖြစ်သည်။ အကောင်အထည်ဖော်မှုက အားနည်းလျက်ရှိ၏။ ယခု COP28 ညီလာခံနှင့်ပတ်သက်၍လည်း စဉ်းစားရစရာများရှိနေသည်။ ကမ္ဘာ့ရေနံအများဆုံး ထုတ်လုပ်နေသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည့် ယူအေအီးနိုင်ငံတွင်ကျင်းပခြင်း၊ ညီလာခံဥက္ကဋ္ဌ တာဝန်ယူသူ၏ အခြေအနေနှင့် အခြေအနေကို ရှုမြင်ပုံ စသည်ဖြင့် အချက်များအပေါ် ဝေဖန်အကဲဖြတ်သုံးသပ်နေကြသည်။ ထို့ပြင် ကာဗွန်အောက်ဆိုက်ဓာတ်ငွေ့ အထုတ်လွှတ်ဆုံး အမေရိကန်နှင့် တရုတ်နိုင်ငံတို့သမ္မတများ ညီလာခံသို့ တက်ရောက်မှုမရှိခဲ့သည်မှာလည်း စဉ်းစားစရာကိစ္စဖြစ်လာသည်။ ကတိကဝတ်များနှင့်ပတ်သက်၍ ထည့်သွင်းစဉ်းစားကြရတော့မည်ဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လွယ်မှုကဲ့သို့သော ကိစ္စရပ်များသည် နိုင်ငံအားလုံးနှင့်ဆိုင်သည့်အရေးကြီးကိစ္စ၊ ကျင့်ဝတ်ဆိုင်ရာရှုထောင့်မှ အဖြေရှာရမည့် ကိစ္စများဖြစ်လာနေသည်။ အမျိုးမျိုးသောအကြောင်းများဖြင့် ညီလာခံမပြီးသေးခင်မှာပင် COP28 သည် စိတ်ပျက်စရာဖြစ်နေသည်ဟု ဝေဖန်သုံးသပ်မှုများ ပေါ်ထွက်လျက်ရှိနေသည်။