ဖြစ်စဉ် (၁)
“ Smart Watch ကို ကျွန်တော်တို့က အစ်မတို့ကို လျှော့စျေးလေးနဲ့ပေးမှာ။ အပိုပစ္စည်းကလည်း ဘာပါမယ် ညာပါမယ်ဆိုပြီး ပြောတယ်။ အဲဒါ ငွေလေး ကြိုလွှဲပေးပါဆိုပြီး လာလိမ်တယ်။ မယူသေးဘူးလို့ ပြောတာကို အတင်း ဆက်ပြောနေလို့ နင်တို့ ဘယ်နှယောက်ကို လိမ်ပြီးပြီလဲဆိုတော့မှ ဖုန်းချသွားတယ်။ ဖုန်းကို ထပ်ဆက်တော့ မကိုင်တော့ ဘူး” ဟု လိမ်လည်မှုကို ကြုံတွေ့ခဲ့ရသည့် လမ်းမတော်မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။
ဖြစ်စဉ်(၂)
“ အစ်မက ကျပ် ၁၀ သိန်းပေါက်တယ်။ အဲဒီအတွက် ငွေနှစ်သောင်းခွဲကို အရင်လွှဲပေးရမယ်လို့ ပြောတာနဲ့ ငါပေါက်တဲ့ ၁၀ သိန်းထဲက နုတ်လိုက်။ ကျန်တာကိုလွှဲပေးလို့ ပြောလိုက်တာ ဖုန်းချသွားတယ်” ဟု မရမ်းကုန်း မြို့နယ်တွင် နေထိုင်သူ အမျိုးသမီးငယ်တစ်ဦး က ပြောကြားသည်။
Wave Money အကောင့်မှ ကျပ်ငွေ ၁၀ သိန်းပေါက်သည်ဆိုသည့် မက်ဆေ့တစ် စောင်ဝင်လာသဖြင့် မက်ဆေ့တွင်ရေးသား ထားသည့် ဖုန်းနံပါတ်ကို ဆက်သွယ်ကြည့် ရာမှ လိမ်လည်နေသည်ကို သိရှိသဖြင့် ယင်း သို့ ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအမျိုးသမီးငယ်က ပြောကြားသည်။
ယင်းသို့ လိမ်လည်မှုများမှာ ၂၀၁၈ ခုနှစ် ပိုင်းများတွင်ရှိခဲ့ပြီး နောက်ပိုင်းတွင် မရှိသ လောက် နည်းပါးသွားကာ ယခုနှစ်တွင် ပြန် လည် ဖြစ်ပွားလာခဲ့ခြင်းလည်းဖြစ်သည်။ သို့သော် အများစုမှာ ယင်းကဲ့သို့လိမ်လည်မှု များကို သိရှိလာပြီဖြစ်သဖြင့် လိမ်လည်ခံရမှု နည်းပါးခဲ့သည်။
လတ်တလောတွင် အွန်လိုင်းနှင့် လူမှု ကွန်ရက်စာမျက်နှာများအသုံးပြု၍ လိမ်လည်မှုများ ဖြစ်ပွားလျက်ရှိသည်။
ကိုဗစ်ကူးစက်မှု ပြင်းထန်ခဲ့သည့်အချိန် တွင် အောက်ဆီဂျင် အရေးတကြီးလိုအပ်သူ များကို လိမ်လည်မှုများ ဖြစ်ပွားခဲ့သည်။
အောက်ဆီဂျင်အိုး ရှားပါးမှု၊ အရည် ဖြည့်တင်းရခက်ခဲမှုများအပေါ် အခွင့်ကောင်း ယူကာ လိမ်လည်လှည့်ဖြားခြင်းဖြစ်သည်။
ငွေကို ကြိုတင်လွှဲခိုင်း၊ မော်တော်ယာဉ် ဖြင့် တင်ပို့ရမည်ဖြစ်သဖြင့် ကားချိန်အမီပေး ပို့နိုင်ရန် ကြိုတင်ငွေကို အတင်းလွှဲခိုင်းခြင်း များရှိခဲ့သည်။
“အဲဒီတုန်းက အောက်ဆီဂျင်အိုးတွေကို ဓာတ်ပုံရိုက်ပြီး တင်ထားတယ်။ လိုအပ်ရင် မှာနိုင်တယ်ဆိုပြီး စျေးနှုန်းနဲ့ရေးထားတယ်။ စျေးက သက်သာတယ်ဆိုပြီး မှာလိုက်တာနဲ့ ငွေကြိုတင်လွှဲခိုင်းတယ်။ ကြိုတင်ငွေရပြီဆို တာနဲ့ ဖုန်းတွေ၊ ပေ့ချ်တွေကိုဖျက်ပြီး လိမ်သွား ရော” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောကြားသည်။
ကိုဗစ်ကာကွယ်ဆေးများကိုလည်းအတု များထိုးနှံကာ လိမ်လည်မှုများရှိနေသဖြင့် လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနကလည်း အသိပေးထုတ်ပြန်ချက်များဖြင့် သတိပေးနေ ရသည့်အခြေအနေလည်းဖြစ်သည်။
အချို့ဆေးခန်းများတွင် အွန်လိုင်းမှတစ် ဆင့် တရားမဝင် တင်သွင်းသည့် ကိုဗစ်ကာ ကွယ်ဆေးအတုများ ထိုးနှံပေးလျက်ရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန (FDA) က ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် အချို့သောဆေးခန်းများနှင့် online Clinic များသည် online Facebook Page များမှ တဆင့် တရားမဝင်တင်သွင်းသည့် Moderna COVID_19 Bivalent Origirnal and Omicron BA4 BA5 ကာကွယ်ဆေးနှင့် Lot No.AS185B(EXP;Date 04 july 2023) Lot No. AS7144B ကာကွယ်ဆေးအတု များကို ထိုးနှံပေးနေကြောင်း သိရှိရသဖြင့် အများပြည်သူသိရှိရှောင်ရှားနိုင်စေရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
ယင်းသို့လိမ်လည်ပြီး ကိုဗစ်ကာကွယ် ဆေးအတု ထိုးနှံပေးသည့့် ဆေးခန်းများနှင့် online clinic များကိုမူ ကျန်းမာရေးဝန်ကြီးဌာနက အမည်များ ထုတ်ပြန်ကြေညာထား ခြင်း မရှိသေးပေ။
ထို့ပြင် လက်ရှိတွင် နည်းလမ်းဟောင်း များ အသုံးပြုပြီး လိမ်လည်မှုများရှိသကဲ့သို့ နည်းလမ်းသစ်များဖြင့် လိမ်လည်မှုများ လုပ် ကိုင်လာကြသည်ကို တွေ့ရသည်။
လိမ်လည်မှုအများစုမှာ အွန်လိုင်းကို အခြေပြုပြီး လိမ်လည်မှုများ၊ ခြိမ်းခြောက်မှု များ ပြုလုပ်လာခြင်းဖြစ်သည်။
ယင်းသို့ကျူးလွန်ခြင်းမှာ ယခုနောက် ပိုင်းတွင် ခပ်စိပ်စိပ်ဖြစ်လာသည့် ဆိုက်ဘာ မှုခင်းများဖြစ်ပြီး ဖုန်းအတွင်း ဆော့ဖ်ဝဲတစ် မျိုးအသုံးပြုကာ ဖုန်းကိုင်ဆောင်သည့် ကာယ ကံရှင်နှင့် ဆက်သွယ်ထားသည့် ဖုန်းနံပါတ် များကို ရယူခြင်းဖြစ်သည်။
ယခင်က Facebook လူမှုကွန်ရက်စာ မျက်နှာများတွင် K PAY အဆင့်မြှင့်တင်ပေး သည်ဆိုသည့် လိမ်လည်သည့်ပေ့ချ်များရှိခဲ့ သည်။ ကာယကံရှင်က မိမိ၏ K PAY ကိုအ ဆင့်မြှင့်တင်လိုသဖြင့် ယင်းပေ့ချ်ကို ဆက် သွယ်မိရာမှ K PAY ထဲရှိ ငွေသားများကို ကျူး လွန်သူများက ရယူသွားခြင်းဖြစ်သည်။
“အဲဒီလိုဟာတွေက လူတွေက သိပ်မသိ ကြသေးတဲ့အချိန်။ ကိုယ့် OTP ကုတ်နံပါတ် နဲ့ password ကို သူတို့က လှမ်းတောင်းတယ်။ ပေးလိုက်မိတော့ ကိုယ့် K PAY အကောင့်ထဲ ကိုဝင်လို့ရသွားတဲ့အချိန် အကောင့်ထဲမှာရှိတဲ့ ငွေတွေကို တခြားအကောင့်ထဲကို ယူသွားတာ ပေါ့။ အဲဒီကနေ တစ်ဆင့်ပြီးတစ်ဆင့်ပြောင်း ရင်းနဲ့ ငွေကို ထုတ်သွားတာ။ အဲဒီတုန်းက ဘယ်လောက်အထိ အတင့်ရဲသလဲဆို ဘဏ် က တာဝန်ရှိသူဆိုပြီး ဖုန်းဆက်ပြီး အကောင့် ကို အဆင့်မြှင့်ပေးမယ်ဆိုပြီး လိမ်ကြတယ်” ဟု အိုင်တီနည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။
လိမ်လည်ခံရမှု များလာသည့်နောက် ပိုင်းတွင် ပုဂ္ဂလိကဘဏ်များက အသိပေးခြင်း များကို ထုတ်ပြန်ခဲ့ရသည်အထိ ဖြစ်ပွားခဲ့ သည်။
ယခုနောက်ပိုင်းတွင် ငွေကြေးအခက်အ ခဲကြုံတွေ့နေရသူများကို ပစ်မှတ်ထားပြီးခြိမ်း ခြောက်ခြင်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများကို ဗန်းပြကာ ဘဏ်အကောင့်ရယူခြင်းများကို လုပ်ဆောင်လာသည်ကို တွေ့ရသည်။
လူမှုအခက်အခဲများတွင် ငွေရေးကြေး ရေးအခက်အခဲမှာ လတ်တလောတွင် လူအ များကြား ထိပ်ဆုံးတွင်ရှိနေသည့်အခြေအ နေလည်းဖြစ်သည်။ ယင်းအချက်ကို အခွင့် ကောင်းယူကာ လိမ်လည်သူများက ချေးငွေရ ယူနိုင်သည်ဆိုသည့် ပေ့ချ်များထောင်၍ လိမ် လည်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ onlineမှ အသရေဖျက်မှု ၂၄၈၅ မှု၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အွန်လိုင်း လိမ်လည်မှု ၅၂၆ မှု ဖြစ်ပွားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ဆိုက်ဘာပြစ်မှု များဆိုင်ရာ တိုင်ကြားချက်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ၅၅၇ မှု၊ ၂၀၂၁ ခုနှစ်တွင် ၂၄၇ မှု၊ ၂၀၂၂ ခုနှစ်တွင် ၄၅၄ မှု ဖြစ်ပွားခဲ့ သည်။ အင်ဒိုနီးရှားနိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် ၄၈၅၀၊ မလေးရှားနိုင်ငံတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စုစုပေါင်း ၁၀၆၆၅၂ မှု ဖြစ်ပွားခဲ့သည်။ စင်ကာပူနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း ဆိုက်ဘာမှုခင်းဆိုင်ရာ တိုင် ကြားမှု ၃၃၆၉ မှုဖြစ်ပွားခဲ့ပြီး ဆိုက်ဘာမှုခင်း အများစုသည် အွန်လိုင်းလိမ်လည်မှုများဖြစ် သည်။ စင်ကာပူတွင် အမှုများ၏ ၉၄ ဒသမ ၂ ရာခိုင်နှုန်းအထိရှိနေပြီး အမေရိကန် ဒေါ်လာ ၅၁၁ ဒသမ ၃ သန်း ငွေကြေးဆိုင်ရာ လိမ်လည် ခံခဲ့ရသည်။
ထို့ပြင် ကုမ္ပဏီဝန်ထမ်းက ကုမ္ပဏီ၏ ငွေကြေးများကို လိမ်လည်သွားခြင်းကြောင့် ဆုကြေးငွေထုတ်ပြန်ကာ သိရှိပါက အ ကြောင်းကြားရန် အသိပေးထုတ်ပြန်ခြင်းများ လည်းရှိနေသည်။
အလားတူ ပုဂ္ဂလိကဘဏ်များ၏ အမည် နှင့် အမှတ်တံဆိပ်များကို အသုံးပြု၍ ငွေ ကြေးလိမ်လည်မှုများ ဖြစ်ပွားနေသဖြင့် ဘဏ် များက သတိပေးချက်များ ထုတ်ပြန်လျက် ရှိသည်။
ယခုနောက်ပိုင်းတွင် ငွေကြေးအခက်အ ခဲကြုံတွေ့နေရသူများကို ပစ်မှတ်ထားပြီးခြိမ်း ခြောက်ခြင်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများကို ဗန်းပြကာ ဘဏ်အကောင့်ရယူခြင်းများကို လုပ်ဆောင်လာနေသည်ကို တွေ့ရသည်။
လူမှုအခက်အခဲများတွင် ငွေရေးကြေး ရေးအခက်အခဲမှာ လတ်တလောတွင် လူအ များအကြား ထိပ်ဆုံးတွင်ရှိနေသည့်အခြေအ နေလည်းဖြစ်သည်။ ယင်းအချက်ကို အခွင့် ကောင်းယူကာ လိမ်လည်သူများက ချေးငွေရ ယူနိုင်သည်ဆိုသည့် ပေ့ချ်များထောင်၍ လိမ် လည်နေခြင်းဖြစ်သည်။
လတ်တလောတွင် စားသုံးသူရေးရာ ဦးစီးဌာနက ချေးငွေပေးသည်ဆိုသည့် အွန် လိုင်း Apps ၃၅ ခုကို သတိထားကြရန် ထုတ် ပြန်ထားသည်။
အဆိုပါ Apps များကို လာရောက်ဆက် သွယ်သူများကို ဒေါင်းလော့ခ်ရယူခိုင်းသည်။ သို့သော် ယင်း Apps များမှာ လိမ်လည်မည့်သူ များက တည်ထောင်ထားခြင်းဖြစ်သည်။
အွန်လိုင်းချေးငွေလုပ်ငန်း အမည်ခံ Apps များသည်ဒေါင်းလော့ခ်ဆွဲ၍ဝင်ရောက် လိုက်သည်နှင့် ချေးလိုသော ငွေပမာဏ၏ ၇၅ ရာခိုင်နှုန်းခန့် ငွေလွှဲပို့ကြောင်း၊ သို့သော် ငွေလွှဲမပို့မီ အချက်ခုနစ်ချက်ကို သဘော တူညီမှုပေးရကြောင်း စားသုံးသူရေးရာ ဦးစီး ဌာနက ထုတ်ပြန်ထားသည်။
တရားမဝင် ချေးငွေလုပ်ငန်းများ အသုံး ပြုသည့် Apps များတွင် install ပြုလုပ်ရန် အတွက် ပေးရသည့် permission များကြောင့် အသုံးပြုသူအား ထိခိုက်စေနိုင်သည့် အချက် များမှာ camera မှတစ်ဆင့် application မှ ပုံများတောင်းခံရာတွင် ပေးနိုင်ရန် ထည့်သွင်း ထားခြင်းဖြစ်သော်လည်း ၎င်းတို့တောင်းခံ လာသည့် camera permission အား access ပြုလုပ်မိပါက developer များမှ အသုံးပြုသူ မသိရှိဘဲ ပုံများ၊ ဗီဒီယိုများကို ရယူသွားနိုင် ခြင်း၊ contacts အား access ပေးလိုက်မိပါက မိမိဖုန်းအတွင်းရှိ contacts အားလုံးကို developer များက သိရှိပြီး ဆက်သွယ်မှုပြု လုပ်ခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုမှုများပြုလုပ်နိုင်ခြင်း၊ ခြိမ်းခြောက်ငွေညစ်မှုများ ပြုလုပ်နိုင် ခြင်း၊ location ကို accessပေးလိုက်မိပါက developer များက အသုံးပြုသူ၏ သွားလာ လှုပ်ရှားနေထိုင်မှု အချက်အလက်အားလုံး သိရှိနိုင်ခြင်း၊ မသမာသူများ၏ လုပ်ကြံသတ် ဖြတ်မှု၊ ပြန်ပေး မှု၊ ဓားပြမှု၊ အိမ်ဖောက်ထွင်း ဝင်ရောက်မှုများအထိ ကျူးလွန်လာနိုင်ခြင်း တို့ဖြစ်သည်။
ထို့ပြင် phone call အား access ပေး လိုက်မိပါက အသုံးပြုသူ၏ ဖုန်းခေါ်ဆိုမှု အ ချက်အလက်အားလုံးကို သိရှိနိုင်ခြင်း၊ sms အား ACCESS ပေးလိုက်မိပါက အသုံးပြုသူထံ သို့ ဝင်ရောက်လာသည့် မက်ဆေ့များအား သိရှိနိုင်သဖြင့် အသုံးပြုသူ၏ social media နှင့် ပတ်သက်သော အချက်အလက်များကို ရယူနိုင်ခြင်း၊ ဥပမာအားဖြင့် - Google, Facebook, Wave Money, KBZ pay, Verification Code တို့ကို ရယူသွားနိုင်ခြင်း၊ storage ကို ACCESS ပေးလိုက်မိပါက အသုံး ပြုသူအား media access control ပြုလုပ်နိုင် သဖြင့် အသုံးပြုသူဖုန်းအတွင်းမှ ဓာတ်ပုံနှင့် ဗီဒီယိုများကို ရယူနိုင်ခြင်း၊ other အနေဖြင့် အသုံးပြုသူ၏ ID အချက်အလက်များအား developer များက ကြော်ငြာနိုင်ခြင်း အစရှိ သည်တို့ဖြစ်သည်။
ငွေချေးပေးသည်ဟုဆိုပြီး အွန်လိုင်းတွင် Apps များ ဒေါင်းလော့ရယူခိုင်းကာ ကိုယ်ရေး အချက်အလက်များရယူ၍ ခြိမ်းခြောက်ငွေ ညှစ်မှုများကို ကြုံတွေ့ရခြင်းများရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများ၏ ပြောကြား ချက်များအရ သိရသည်။
■ ဆက်သွယ်ရေးကွန်ရက်အသုံးချလိမ်လည်နေသူများကို နှိမ်နင်းနိုင်ပါ့မလား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ငွေကြေး လိမ်လည်မှုများနှင့် စပ်လျဉ်း၍ တားဆီးကာ ကွယ်ရန် သတင်းအချက်အလက်ရယူခြင်းနှင့် စစ်ဆေးဖော်ထုတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ် နည်းများကို နိုဝင်ဘာလလယ်ပိုင်းတွင် ထုတ် ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် နိုင်ငံသားစိစစ် ရေးကတ်အတုဖြင့် ဖွင့်လှစ်ထားသည့် ဘဏ် ငွေစာရင်း (သို့မဟုတ်) မိုဘိုင်းငွေကြေးများကို အချက်လေးချက်ဖြင့် ပိတ်သိမ်းရမည်ဟု ထုတ်ပြန်ထားသည်။
ယင်းအချက်လေးချက်မှာ မိုဘိုင်းငွေ ရေးကြေးရေး ဝန်ဆောင်မှုပေးသူများသည် မိုဘိုင်း ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း များ ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက် များအတိုင်း ဆက်လက်ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းသည် နိုင် ငံသားစိစစ်ရေးကတ်အတုများဖြင့် ဘဏ်ငွေ စာရင်းများ သို့မဟုတ် မိုဘိုင်းငွေရေးကြေးရေး စာရင်းများ ဖွင့်လှစ်ထားကြောင်း စစ်ဆေး ပေါ်ပေါက်ပါက ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်ခြင်း၊ သံသယဖြစ်ဖွယ်ရာ ငွေကြေး စီးဆင်းမှုများကို စိစစ်နိုင်ရေးအတွက် ငွေ ကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit- FUI) သို့ ပေးပို့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်အတုဖြင့် ဖွင့်လှစ်ထားသည့် ဘဏ်ငွေစာရင်း (သို့မ ဟုတ်) မိုဘိုင်းငွေကြေးစာရင်းများကို ပိတ် သိမ်းနိုင်ရေး သက်ဆိုင်ရာ တရားစွဲအဖွဲ့အ စည်းများက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြဆောင်ရွက်ခြင်း၊ ဗဟိုဘဏ်အနေဖြင့် ပိတ်သိမ်းနိုင်ရေး တင်ပြလာသည့် ဘဏ်ငွေ စာရင်းများ သို့မဟုတ် မိုဘိုင်းငွေကြေးစာရင်း များကို စိစစ်၍ ပိတ်သိမ်းရန်နှင့် အဆိုပါငွေ စာရင်းရှိ လက်ကျန်ငွေများကို ပြန်လည်ထုတ် ယူနိုင်ခြင်းမရှိသည့် ငွေစာရင်းသို့ ထည့်သွင်း ခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ် ပြန်ထားသည်။
နိုင်ငံသားစိစစ်ရေးကတ်အတုဖြင့် မှတ် ပုံတင်ထားသည့် ဖုန်းဆင်းမ်ကတ်များ၊ မှတ်ပုံ တင်စည်းကမ်းများကိုလိုက်နာမှု မရှိသည့် ဆင်းမ်ကတ်များကို ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ရမည် ဖြစ်ကြောင်း နိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြ ထားသည်။
ထို့ပြင် လူမှုကွန်ရက်၊ ဆော့ဖ်ဝဲလ်၊ ဝက်ဘ်ဆိုက်များအသုံးပြုပြီး ဆက်သွယ်ရေး ကွန်ရက်တွင် ငွေကြေးလိမ်လည်သူများကို စောင့်ကြည့်သတင်းရယူခြင်း၊ အသွင်ယူစုံ စမ်းခြင်း၊ စုံစမ်းထောက်လှမ်းခြင်းများကို လည်း လုပ်ဆောင်ရမည်ဖြစ်သည်။
နည်းပညာအသုံးပြုပြီး ဆက်သွယ်ရေး ကွန်ရက်မှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ကို ကာကွယ်ရန် ယင်းသို့လုပ်ဆောင်ခြင်းဖြစ် ကြောင်း၊ လူမှုကွန်ရက်၊ ဆော့ဖ်ဝဲလ်၊ ဝက်ဘ် ဆိုက်များအသုံးပြုပြီး ဆက်သွယ်ရေးကွန်ရက် တွင် ငွေကြေးလိမ်လည်သူများကို စောင့် ကြည့်သတင်းရယူခြင်း၊ အသွင်ယူစုံစမ်းခြင်း၊ စုံစမ်းထောက်လှမ်းခြင်းများကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနတို့က လုပ်ဆောင်ရမည်ဖြစ် သည်။
သံသယဖြစ်ဖွယ်ရှိသည့် လူမှုကွန်ရက် များကို စုံစမ်းထောက်လှမ်းနိုင်ရေးနှင့် ပိတ် သိမ်းနိုင်ရေး၊ ပြစ်မှုကျူးလွန်သည်ဟု သံသယ ရှိသည့် ဝက်ဘ်ဆိုက်များကို ပိတ်သိမ်းနိုင်ရေး တို့အတွက် နည်းပညာမြှင့်တင်ရမည်ဖြစ်ပြီး အဆိုပါဝန်ကြီးဌာနနှစ်ခုက လုပ်ဆောင်ရ မည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ထုတ်ပြန်သည်။
ထို့ပြင်ဆက်သွယ်ရေး ကွန်ရက်မှရောင်း ချသည့် ဘဏ်ငွေစာရင်းများ၊ ငွေကြေးချို့တဲ့ သူများကိုမြှူဆွယ်ပြီး ဘဏ်ငွေစာရင်းများ ဖွင့်၍ ဝယ်ယူခြင်းများ၊ နိုင်ငံသားစိစစ်ရေး ကတ်အတုဖြင့် ဘဏ်ငွေစာရင်း သို့မဟုတ် Mobile Pay စာရင်းများဖွင့်လှစ်ခြင်းမရှိစေ ရန် ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနတို့က စိစစ်ကြပ်မတ် ရမည်ဖြစ်သည်။
ဆက်သွယ်ရေးနည်းပညာများနှင့် ပတ် သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က အင်တာပိုလ် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု သည့် ငွေကြေးလိမ်လည်မှုဖြစ်စဉ်မှ တရားခံ ဖော်ထုတ်ဖမ်းဆီးရာတွင် ပြစ်မှုကျူးလွန်သူ၏ သတင်းအချက်အလက်များ အချိန်နှင့်တစ် ပြေးညီရရှိစေရေးအတွက် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့နှင့် မှုခင်းရဲတပ်ဖွဲ့တို့ သတင်း ဖလှယ် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။
ယင်းသို့ ငွေကြေးလိမ်လည်မှုများနှင့် စပ်လျဉ်း၍ တားဆီးကာကွယ်ရန် သတင်းအ ချက်အလက်ရယူခြင်းနှင့် စစ်ဆေးဖော်ထုတ် ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ် ပြန်ပြီးနောက်တွင် ဆက်သွယ်ရေးကွန်ရက် များကို အသုံးပြုလိမ်လည်ခြင်းများကို ထိထိ ရောက်ရောက်တားဆီးကာကွယ်နိုင်မလား ဆိုသည်ကို ဆက်လက်စောင့်ကြည့်သွားရမည် လည်းဖြစ်သည်။
ဇော်မင်းနိုင်