လက်ရှိ ကမ္ဘာနှင့်အဝန်း အသုံးပြုနေသည့် သမာရိုးကျ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအများဆုံးမှာ ရေနံ၊ နျူကလီးယားစွမ်းအင်၊ ရေအားလျှပ်စစ်၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ဓာတ်အားပေးတို့မှဖြစ်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှာအရ လူသားအရင်းအမြစ်လုံခြုံမှုအတွက် အန္တရာယ်ရှိ သည့်အပြင် သယံဇာတအရင်းအမြစ်မှာလည်း ကန့်သတ်ချက်ရှိသည်ဖြစ်၍ ရေရှည်သုံးစွဲသွားရန် မသင့်လျော်လှပေ။ ယနေ့ကမ္ဘာ့နိုင်ငံရေးအခြေအနေရှုပ်ထွေးမှုများကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ တည်ငြိမ်မှုမရှိသည့်အခြေအနေကြောင့် သဘာဝဓာတ်ငွေ့ကို မှီခိုနေရသည့် နိုင်ငံများတွင် အကျပ်အတည်းရင်ဆိုင်နေရချိန်ဖြစ်သည်။
ယနေ့ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအကျဆုံးကဏ္ဍတွင် လျှပ်စစ်ဓာတ်အားသည် အရေးပါသည့် အခန်းကဏ္ဍတစ်ခုအနေဖြင့် တည်ရှိနေသည်ဖြစ်ရာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် တွင်းထွက်လောင်စာများ မီးရှို့ခြင်းနှင့် သဘာဝကပေးထားသည့် ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များကို အသုံးပြု၍ ရယူခြင်းတို့တွင် အကောင်းဆုံးဖြစ်မည့်နည်းလမ်းကို ကမ္ဘာကြီးတွင် တွေးခေါ်စဉ်းစားလာကြသည်။
အနာဂတ်ကာလတွင် ကမ္ဘာနှင့်အဝန်း ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် စွမ်းအင်လိုအပ်ချက်၊ လောင်စာဆီ ရှားပါးလာမှုပြသနာများကို ဖြေရှင်းနိုင်ရန်နှင့် သယံဇာတ ထုတ်ယူသုံးစွဲမှုကို လျော့နည်းစေပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) များဖြင့် အစားထိုးသုံးစွဲနိုင်မည့်နည်းလမ်းများကို ကမ္ဘာ့နိုင်ငံအသီးသီးက တီထွင်အသုံးပြုလာခဲ့ကြသည်။
၂၀၁၁ ခုနှစ် နိုင်ငံတကာ စွမ်းအင်အေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ‘’နေရောင်ခြည်စွမ်းအင် နည်းပညာတိုးတက်မှုသည် ရေရှည်တွင် ကြီးမားသော အကျိုးကျေးဇူးကို ရရှိနိုင်မည်ဖြစ်ပြီး တင်သွင်းမှုကင်းသော၊ မကုန်ဆုံးနိုင်သော သဘာဝအရင်းအမြစ်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်ကို မှီခိုခြင်းဖြင့် တိုင်းပြည်၏ စွမ်းအင်ကို ဖူလုံစေကြောင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချနိုင်ကြောင်း၊ ကမ္ဘာကြီးပူနွေးလာမှုကိုလျှော့ချနိုင်ပြီး ကုန်ကျစရိတ်များမှ သက်သာစေခြင်းနှင့် ရုပ်ကြွင်းလောင်စာဈေးနှုန်းအား လျှော့ချခြင်းများကို ဖြစ်ပေါ်စေသည့် အကျိုးကျေးဇူးများကို တစ်ကမ္ဘာလုံး ရရှိစေနိုင်ကြောင်း’’ ဖော်ပြထားသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်အရောက်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍမှ ထုတ်လုပ်ပေးသည့် လျှပ်စစ်ဓာတ်အားပမာဏသည် ကမ္ဘာ့လျှပ်စစ်သုံးစွဲမှု၏ သုံးပုံတစ်ပုံကိုထောက်ပံ့ပေးနိုင်မည်ဖြစ်ကာ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှုပမာဏကိုပင် ကျော်လွန်နိုင်မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
နေစွမ်းအင်၊ ရေအားလျှပ်စစ်စွမ်းအင်၊ လေစွမ်းအင်၊ ဇီဝလောင်စာစွမ်းအင်၊ ဘူမိအပူစွမ်းအင် စသည်ဖြင့်ပြန်လည်ဖြည့်ဖြိုးမြဲစွမ်းအင်အမျိုးမျိုးရှိသည့်အနက် သဘာဝကပေးထားသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တစ်မျိုးဖြစ်သည့် နေရောင်ခြည်စွမ်းအင် (Solar Energy) သည် တစ်ကမ္ဘာလုံး ပေါများစွာရရှိနိုင်သည့် စွမ်းအင်တစ်မျိုးဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်သည်။ နေရောင်ခြည်စွမ်းအင်ဆိုသည်မှာ တိုးတက်လာသည့် နည်းပညာများဖြစ်သည့် solar heating, photovoltaics, solar thermal energy, solar architecture, molten salt power plants and artificial photosynthesis အစရှိသည့် နည်းလမ်းတို့ကို အသုံးပြုပြီး နေမှဖြာထွက်လာသော အပူနှင့်အလင်းကို အသုံးချခြင်းဖြစ်သည်။
ဆိုလာစွမ်းအင်ကို အသုံးပြုခြင်းဖြင့် ကာဗွန်ဓာတ်ငွေ့ကို အထိုက်အလျောက်လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုစေသည့်အပြင် အနာဂတ်စွမ်းအင် ပြဿနာကိုလည်း ဖြေရှင်းပြီးသားဖြစ်စေသည်။
၁၈၇၈ ခုနှစ် ပြင်သစ်လူမျိုး Augustin Mouchot ၏ နေရောင်ခြည်ဖြင့် ရေနွေးငွေ့ဘွိုင်လာကို ဆူပွက်လာစေရန် စတင်လုပ်ဆောင်ခဲ့သည်အချိန်ကာလမှသည် ခေတ်မီနည်းစနစ်များကို အခြေခံကာ တစ်စစတီထွင်ကြံဆလုပ်ကိုင်ခဲ့ရာမှ ယနေ့မျက်မှောက်ကာလတွင် စွမ်းအင်လိုအပ်ချက်ပြဿနာကို ဖြေရှင်းနိုင်မည့် နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်သုံးစွဲနိုင်သည့် နည်းလမ်းများကို ရှာဖွေကြိုးပမ်းဆောင်ရွက်လာကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
■ ကမ္ဘာပေါ်တွင် နေရောင်ခြည်မှ စွမ်းအင်ကို ထုတ်ယူအသုံးချရန်အတွက် (1) Solar Water Heating ၊ (2) Photovoltaic Systems ၊ (3) Concentrated Solar Power (CSP) နည်းလမ်းတို့ကို အသုံးပြုကြသည်။
(၁) Solar Water Heating
အဆိုပါနည်းစနစ်ကို အအေးပိုင်းနိုင်ငံများရှိ နေအိမ်ခေါင်မိုးပေါ်များတွင် ၎င်းတို့အသုံးပြုမည့် Water Heater ပါသည့် ရေတိုင်ကီတင်ပြီး နေရောင်ခြည်ဖြင့် အပူပေးကာ ရေနွေးရရှိရန် ဆောင်ရွက်ခြင်းဖြစ်သည်။ တရုတ်နှင့် ရုရှနိုင်ငံတို့တွင် အဆိုပါနည်းစနစ်ကို အိမ်တိုင်းနီးပါးအသုံးပြုကြသည်။ အစ္စရေးနှင့် ဆိုက်ပရပ်နိုင်ငံများတွင် ၉၀ ရာခိုင်နှုန်းခန့် အသုံးပြုကြသည်။
(၂) Concentrated Solar Power(CSP)
အဆိုပါနည်းစနစ်သည် အမြင့်တစ်ခုပေါ်တွင်တင်ထားသည့် ရေတိုင်ကီ (Boiler) ကို နေရောင်ခံပြားများက ဆလိုက်ထိုးသကဲ့သို့ ထိုးလိုက်သည့်အခါ ရေတိုင်ကီပူလာပြီး ထွက်လာသည့် ရေနွေးငွေ့ကြောင့် ရေနွေးငွေ့တာဘိုင် (Steam Turbine) ကို လည်ပတ်စေခြင်းဖြစ်သည်။ သဘောတရားရိုးရှင်းသော်လည်း ကရိကထများခြင်း၊ ပစ္စည်းကိရိယာရှုပ်ထွေးခြင်း၊ ရေချိုလိုအပ်ခြင်း၊ မြေဧရိယာအကျယ်လိုအပ်ခြင်း စသည်တို့ကြောင့် ကုန်ကျစရိတ် မြင့်မားလှသည်။ ၎င်းစနစ်သည် စက်စွမ်းရည် (Capacity Factor) ၂၅ ရာခိုင်နှုန်းကျော်အထိ စွမ်းဆောင်နိုင်ပြီး တစ်ရက်ပျှမ်းမျှ ခုနစ်နာရီခန့်အထိ ဓာတ်အားထုတ်လုပ်ပေးနိုင်သည်။ သို့ရာတွင် Solar PV ကထွက်ရှိသည့် ဓာတ်အားခထက် Concentrated Solar Power ကထွက်ရှိသည့် ဓာတ်အားခက နှစ်ဆကျော်နီးပါးဈေးကြီးသည့်အတွက် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပင် အသုံးပြုရန် လက်တွန့်နေကြသေးသည်။
ကြီးမားသည့် Concentrated Solar Power(CSP) စက်ရုံများကို အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယား၊ မိုဂျေ့(ဗ်) (M o ja u v) သဲကန္တာရရှိ ၃၉၂ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် Ivanpah Plant စက်ရုံ၊ ၂၅၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် Agua Caliente Plant စက်ရုံ၊ ၂၂၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် အိန္ဒိယနိုင်ငံရှိ Charanka Solar Park၊ ၁၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် စပိန်နိုင်ငံရှိ Solanvona Plant နှင့် ၁၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် Audasol Plant တို့အတွက် တည်ဆောက်ထားပြီဖြစ်သည်။
အမေရိကန်တွင် ကမ္ဘာ့အကြီးဆုံး Ivanpah CSP စက်ရုံမှ တစ်နှစ်ပတ်လုံးထုတ်ပေးသည့် ဓာတ်အားယူနစ်သန်းပေါင်း ၉၅၈ ဒသမ ၅ ထုတ်ပေးနိုင်သည်၊ ထိုသို့ထုတ်လုပ်နိုင်ရန် ၁၂၆ မဂ္ဂါဝပ် စက်နှစ်လုံးတပ်ဆင်ထားပြီး မြေဧရိယာအားဖြင့် ဧက ၃၉၀၀ ခန့် အသုံးပြုထားရသည်။ စက်စွမ်းရည်အရ အမြင့်ဆုံး ၃၇၇ မဂ္ဂါဝပ် ထုတ်လုပ်ပေးသည်။ တည်ဆောက်မှုကုန်ကျစရိတ်မှာ ဒေါ်လာသန်း ၂၂၀၀ နီးပါးရှိသည့်အတွက် ရေအားလျှပ်စစ်စက်ရုံထက် နှစ်ဆကျော်သုံးဆနီးပါးခန့် ကုန်ကျသည်ဖြစ်ရာ စရိတ်စကကြီးမားလှသည်။ သုံးရမည့်ရေမှာလည်း ရေချိုဖြစ်သည့်အတွက် သဲကန္တာရကဲ့သို့နေရာများ၊ ရေချိုရရှိရန် အခက်အခဲရှိသည့်နေရာများ၊ ပူပြင်းခြောက်သွေ့သည့် နေရာများအတွက် အဓိက ထည့်သွင်းစဉ်းစားရမည့် အချက်ပင်ဖြစ်သည်။
(၃) photovoltaic (PV) systems
အဆိုပါ နည်းသည် နေရောင်ခြည် (Photons) များကို နေရောင်ခံပြား (Cell) ပေါ်သို့ တိုက်ရိုက်ကျရောက်စေပြီး လျှပ်စစ်ဓာတ်တိုက်ရိုက်ထုတ်ယူသည့် နည်းဖြစ်သည်။ ကမ္ဘာပေါ်တွင် PV Solar Farm များ ပြုလုပ်ပြီး ဓာတ်အားထုတ်လုပ်မှုများရှိသည်။ အဆိုပါနည်းသည် ဓာတ်အားထုတ်လုပ်ရာတွင် ဓာတ်အား တစ်-မဂ္ဂါဝပ် ထွက်ရှိရန် ပျမ်းမျှမြေဧရိယာ သုံးဧက ခန့်လိုအပ်သည့်အတွက် မဂ္ဂါဝပ် ၁၀၀၀ ခန့် ရရှိရန်ဆိုလျှင် မြေဧက ၃၀၀၀ နီးပါးလိုအပ်မည်ဖြစ်သည်။
အချို့သောနိုင်ငံများတွင် ကုန်းမြေများနှင့်လွတ်ရာ ပင်လယ်ကမ်းစပ် သို့တည်းမဟုတ် ရေထဲတွင် Floating Solar Farm များတည်ဆောက်ကာ ဓာတ်အားရယူကြသည်။ ကုန်းမြေပေါ်တွင်ပြုလုပ်သည့် PV Solar Farm ထက် ရေထဲတွင်ပြုလုပ်သည့် Floating Solar Farm က ငွေကုန်ကြေးကျပိုများသည်ကို လေ့လာတွေ့ရှိရသည်။ photovoltaic (PV) systems သည် အပူပိုင်းနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ မင်းဘူးကဲ့သို့ နေရောင်ခြည်အရဆုံး အပူပိုင်းဒေသမှာပင် တစ်နှစ်လုံး တစ်ရက် ပျမ်းမျှ လေးနာရီခွဲသာ ဓာတ်အားထုတ်လုပ်နိုင်သည့်အတွက် ၎င်း၏စွမ်းဆောင်ရည် (Capacity Factor) သည် ၁၉ ရာခိုင်နှုန်းသာရှိသည်။
အားသာချက်အနေဖြင့် PV Solar Farm တစ်ခုကို တည်ဆောက်ရန် အချိန်အားဖြင့် တစ်နှစ်နီးပါးခန့်သာကြာမြင့်မည်ဖြစ်သည်။ မြေအသုံးချခွင့် ရရှိခြင်းနှင့် စူးစမ်းလေ့လာမှုများမြန်ဆန်စွာ ဆောင်ရွက်နိုင်ပါက တိုတောင်းသည့် အချိန်ကာလတစ်ခုအတွင်း အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အားနည်းချက်အနေဖြင့် ပြည်ပက တင်သွင်းလာသည့်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်မှုနှင့်၊ အခွန်အခများကြောင့် ဓာတ်အားထုတ်လုပ်မှု ဈေးနှုန်းကြီးမြင့်ခြင်းပင်ဖြစ်သည်။ သို့ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းသည့်အတွက် အသုံးပြုရန် စဉ်းစားရမည့်အချက်ပင်ဖြစ်သည်။
နေရောင်ခြည်များများရလေ ပိုပြီးတွက်ခြေကိုက်လေဖြစ်သည့် Solar Energy သည် ပို၍ သင့်လျော်လှသည်ဖြစ်ရာ မြန်မာနိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်ကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်မည့် အကောင်းဆုံးအချက်မှာ photovoltaic (PV) systems ဖြင့် လျှပ်စစ်ဓာတ်အား ထပ်မံဖြည့်တင်းရယူခြင်းပင်ဖြစ်သည်။
Solar PV ၏ စွမ်းဆောင်နိုင်မှုမှာ ၁၉ ရာခိုင်နှုန်းသာရှိသည့်အတွက် နေ့စဉ်ပျမ်းမျှ လေးနာရီခွဲခန့်သာ ဓာတ်အားရနိုင်သည်ဟုဆိုသော်လည်း မြန်မာနိုင်ငံ၏ ပူပြင်းခြောက်သွေ့သော ရာသီရေအားလျှပ်စစ် (Hydropower) စက်ရုံများမှ ရေခန်းခြောက်သည့်ကာလ နေ့လယ်ပိုင်းများတွင် ရေအားလျှပ်စစ်စက်ရုံများကို လျှော့မောင်းပြီး နေရောင်ခြည်စွမ်းအင်စနစ် Solar မှတစ်ဆင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးကာ ဓာတ်အားအသုံးများသည့် အချိန်မှသာပြန်ဝင်ပြီး မောင်းပေးလျှင် တိုက်ရိုက်အကျိုးရှိနိုင်မည်ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံ၏ အမြင့်ဆုံးထုတ်လုပ်နိုင်သည့် ဓာတ်အားသည် ပူပြင်းသည့်အချိန် မေလဆန်းတွင် ၃၈၀၀ မဂ္ဂါဝပ် ရှိသည်ဖြစ်ရာ နေနှင့် လေတို့မှ ရရှိသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ၃၅၀ မဂ္ဂါဝပ်နီးပါး နေရာအနှံ့ခွဲပြီး တပ်ဆင်ထားမည်ဆိုလျှင် နွေရာသီ လျှပ်စစ်ဓာတ်အားဖြန့်ဝေမှု အခက်အခဲအတွက် ခုသာခံသာ ရှိလာနိုင်မည်ဟု သုံးသပ်မိသည်။
■ လေစွမ်းအင် (Win Energy)
လေစွမ်းအင်သည် အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပြီး ၎င်းသည် ကမ္ဘာပေါ်တွင် အလျင်အမြန်ဆုံး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များထဲမှ တစ်ခုဖြစ်သည်။ သဘာဝအခြေအနေအရ လေတိုက်နှုန်းအချိန်နှင့်အမျှ အပြောင်းအလဲရှိသည့်အတွက် မတည်ငြိမ်သောဓာတ်အား ထုတ်လုပ်မှုရှိနိုင်သော်လည်း နေ့၊ ည နှစ်မျိုးစလုံး အသုံးပြုနိုင်သည်။ စက်စွမ်းအင် ၃၀ ရာခိုင်နှုန်းခန့်အထိရှိပြီး ပို၍အားထား၍ ရသည်။ ဓာတ်အားစနစ်ဖြင့်ချိတ်ရန် Wind Farm များ ထူထောင်ထား၍ ရသည်။ ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ရန် Wind Farm များရှိနေခြင်းဖြင့် တစ်နေရာမှ ဓာတ်အားမရလျှင် အခြားတစ်နေရာက ဓာတ်အားကို ရရှိနိုင်မည်ဖြစ်သည်။ အချို့သော နိုင်ငံများတွင် ပင်လယ်ရေတိမ်များတွင် လေစွမ်းအင်ထုတ်ယူကြသည်။
လေစွမ်းအင်ထုတ်လုပ်ရန် အနိမ့်ဆုံးလေတိုက်နှုန်း တစ်စက္ကန့်ကို ၁၀ ပေ (3 to 4 Meter/ Second) ရှိဖို့လိုသည်။ လေစွမ်းအင်ရရှိရန် အဓိကလိုအပ်ချက်မှာ အလွန်မြင့်မားသည့်တိုင်များ စိုက်ထူထားရန်ဖြစ်ပြီး လေးမဂ္ဂါဝပ်နီးပါးအားရှိသည့်စက်ကို အမြင့်ပေ ၂၀၀ ကျော်ရှိသည့် တိုင်များတွင် တပ်ဆင်ရမည်ဖြစ်သည်။ လေဒလက်အရွယ်အစားနှင့် တိုင်အမြင့်ပေါ်မူတည်ပြီး အမြင့်ဆုံး တစ်နာရီ လေတိုက်နှုန်း မိုင် ၆၀ မှ ၇၀ အထိသာခံနိုင်ရည်ရှိပြီး ထိုထက်ပိုပါက ပျက်စီးတတ်သည်။
သို့အတွက် မြန်မာနိုင်ငံကဲ့သို့ မုတ်သုံရာသီဥတုနှင့် ဘင်္ဂလားပင်လယ်အော်မှ နှစ်စဉ်မုန်တိုင်းများရှစ်ကြိမ်ခန့် အနည်းဆုံးဝင်ရောက်သည့် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် အသုံးပြုရန်အခက်အခဲရှိမည်ဖြစ်သည်။ သို့ရာတွင် လျှပ်စစ်ဓာတ်အားမရောက်ရှိနိုင်သေးသည့် ဒေသများ၊ နေရောင်ခြည်စွမ်းအင် အရနည်းသည့် ဒေသများ၏ အသင့်အတင့်မြင့်မားသောနေရာများတွင် သင့်လျော်သောအင်အားဖြင့် တပ်ဆင်အသုံးပြုသင့်ပေသည်။ အထူးသဖြင့် တောင်ပေါ်ဒေသများတွင် ပိုမိုသင့်လျော်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ ဘက်စုံစဉ်းစားပြီး ဓာတ်အားစနစ် အမြင့်ဆုံးထုတ်လုပ်နိုင်သည့် ပမာဏ၏ ၂၅ ရာခိုင်နှုန်းလောက်အထိ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် (Renewable Energy) များ ဖြစ်သည့် လေ (Win Energy)၊ နေ (Solar Energy) တို့ကို အသုံးပြုသင့်ကြောင်း လေ့လာ သုံးသပ်မိသည်။
ထို့ပြင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သော ဆိုလာပါဝါစီမံကိန်းများအပါအဝင် ပြန်လည်ဖြည့်ဖြိုးမြဲ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကို ဦးစားပေးမြှင့်တင်ရာရောက်သည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအဖြစ် သတ်မှတ်ကာ လုပ်ငန်းတည်ဆောက်နေစဉ်အတွင်း အမှန်တကယ်လိုအပ်၍ ပြည်ပမှတင်သွင်းသော စက်ပစ္စည်းများ၊ အသုံးအဆောင်တန်ဆာပလာများ၊ စက်ကိရိယာအစိတ်အပိုင်းများ၊ အရန်ပစ္စည်းများနှင့် ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသော တည်ဆောက်ရေးပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများအပေါ် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့် များပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီက ယခုနှစ် နှစ်ဆန်းပိုင်းက ထုတ်ပြန်ထားသည်။
သို့ဖြစ်ရာ မိမိတို့နိုင်ငံနှင့် သင့်တော်မည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် (Renewable Energy) များကို နိုင်ငံအနှံ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရာတွင် အထောက်အပံ့ဖြစ်စေရေးအတွက် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပါက နှစ်စဉ်ပွင့်လင်းရာသီတွင် ဖြစ်ပေါ်နေမြဲဖြစ်သည့် ဓာတ်အားအကျပ်အတည်းကို ကောင်းစွာဖြေရှင်းပေးနိုင်မည်ဖြစ်သည်။
Ref; (၁) - မော်သာထွေး (စွမ်းအင်နှင့်ကမ္ဘာ)
ဒုတိယဝန်ကြီး (ငြိမ်း) MOEP-2
(၂) - A Study on the Development of Potential Renewable Energy Sustainability Transition in Developed and Developing Countries (PhD Paper)
(၃) - စာရေးသူ၏ စာတွေ့လက်တွေ့အတွေ့အကြုံ
(၄) - အင်တာနက်