''နိဒါန်း''
သမိုင်းတစ်လျှောက် စစ်ပွဲများသည်လူသားတို့၏စီးပွားရေးအခြေအနေများအပေါ် များစွာလွှမ်းမိုးမှုရှိခဲ့သည်။ စစ်ပွဲများအတွက် ငွေကြေးနှင့် အခြားသောအရင်းအမြစ်များစွာကို အသုံးပြုကြရ၏။ ထို့ကြောင့် စစ်ပွဲမှန်သမျှ ကုန်ကျစရိတ်ရှိ၏။ အချို့စစ်ပွဲများဆိုလျှင် ပမာဏကြီးမားသောကုန်ကျစရိတ်ပင် ရှိတတ်သည်။ လူသားအရင်းအမြစ်အပါအဝင် အခြားသောအရင်းအနှီးများနှင့်ကုန်သွယ်မှု၊ အရင်းအမြစ်ရရှိနိုင်မှုနှင့် လုပ်သားဆိုင်ရာအခြေအနေစသဖြင့်အခြေအနေအားလုံးကိုအနှောင့်အယှက်ပေးတတ်သည်သာ။
ထို့ကြောင့် စစ်ပွဲနှင့်ပတ်သက်နေသည့် မည်သည့်နိုင်ငံ၊ မည်သည့်ဒေသမဆို စီးပွားရေးထိတ်လန့်မှုများ အနည်းနှင့်အများကြုံတွေ့ရသည်မှာ သဘာဝပင်။ စစ်ပွဲများသည် ပြန်လည်တည်ဆောက်ခြင်းဟူသော ကာလတိုစေ့ဆော်မှုတွန်းအားရှိသည်ဟု မတူညီသောအမြင်အချို့ကိုလည်းတွေ့ရ၏။ သို့သော် စစ်ပွဲဟူသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားပြီး လူ့အဖွဲ့အစည်း၏သာယာဝပြောရေးကို ပျက်ပြားစေသော အကျိုးဆက်ကို သေချာပေါက်ပေးတတ်ပေသည်။ သမိုင်းတစ်လျှောက် ကမ္ဘာ့နေရာဒေသများစွာတွင် ဖြစ်ပွားခဲ့သောစစ်ပွဲများသည် စီးပွားရေးနှင့်ပတ်သက်သည့် အနုတ်လက္ခဏာသက်ရောက်မှုများဖြစ်စေခဲ့သည်ကို
သမိုင်းမှတ်တမ်းများက သက်သေပြလျက်ရှိ၏။
''ငွေကြေးဖောင်းပွမှု''
စစ်ပွဲကြောင့်ဖြစ်စေသော ပုံသေအကျိုးသက်ရောက်မှုမှာ ကာလတိုဈေးနှုန်းမြင့်တက်ခြင်းဖြစ်ပြီး ကာလရှည်အကျိုးဆက်အနေဖြင့် လူနေမှုအဆင့်အတန်း ကျဆင်းမှုဆီသို့ ဦးတည်သွားခြင်းဖြစ်သည်။ စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ငွေကြေးဖောင်းပွမှုနှင့်ပတ်သက်၍ ရှေးတရုတ်စစ်ဗျူဟာပညာရှင် ဆွန်းဇူး (Sun Tzu) ၏ "Where the army is, prices are high; when prices rise the wealth of the people is exhausted" ဟူသော စကားကို သတိပြုမိနိုင်သည်။ “စစ်ပွဲဖြစ်လျှင် ဈေးနှုန်းများကြီးမြင့်မည်။ စျေးများကြီးမြင့်လျှင် ပြည်သူလူထု၏ငွေကြေးကုန်ကျစရိတ်များကာ ဥစ္စာဓနများကုန်ခန်းလျော့ပါးစေမည်” ဟူ၍ဖြစ်သည်။ စစ်ပွဲများကို အချိန်တိုအောင်လုပ်ပါဟူ၍လည်း ၎င်းကအကြံပေးထား၏။
ဥရောပသမိုင်းစာအုပ်များထဲတွင် စစ်တိုက်ရန်အလိုအပ်ဆုံးအရာမှာ ငွေကြေးသာဖြစ်သည်ဟု စပိန်ဘုရင်ကိုအကြံပေးမှုများရှိခဲ့ကြောင်း ဖတ်ရှုရသည်။ စစ်ပွဲအတွက်ငွေကြေးအပါအဝင် အရင်းအမြစ်များစွာလိုအပ်သည်။ စပိန်နှင့် ပေါ်တူဂီတို့သည် စစ်တပ်များအတွက်အသုံးပြုရန် အမေရိကမှ ငွေနှင့်ရွှေများကို တင် သွင်းခဲ့ဖူးသည်။ စစ်ပွဲအတွက် အစိုးရများလုပ်ဆောင်နိုင်သည့် နည်းလမ်းတစ်ခုမှာ အခွန်များတိုးမြင့်ခြင်းဖြစ်သည်ဟုလည်း ဆိုထားသည်။ အမေရိကန်အတွေးအခေါ်ပညာရှင်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ တော်လှန်ရေးသမား သောမတ်စ်ပိန်း (Thomas Paine:1737-1809 ) ကလည်း "စစ်ပွဲကြောင့် ဖြစ်ပေါ်လာနိုင်သည့် အသေချာဆုံးတစ်ခုမှာ အခွန်များတိုးလာနိုင်သည့်အချက်ဖြစ်သည်” ဟူ၍ ၁၇၈၇ ခုနှစ်က သတိပေးခဲ့ဖူးသည်။
အခြားနည်းလမ်းလည်းရှိသည်။ အစိုးရကြွေးမြီများ တိုးမြှင့်ခြင်းဖြစ်သည်။ ထိုနည်းလမ်း၏ အကျိုးဆက်မှာ နိုင်ငံများဒေဝါလီခံရခြင်းပင်။ စပိန်နိုင်ငံသည် ၁၅၅၇ ခုနှစ်နှင့် ၁၅၉၆ ခုနှစ်တို့၌ ဒေဝါလီခံခဲ့ရသည်ကို သမိုင်းစာမျက်နှာများထဲတွင် တွေ့နိုင်သည်။ နောက်ထပ်နည်းလမ်းမှာ ငွေစက္ကူများ ပိုမိုရိုက်နှိပ်ထုတ်ဝေခြင်းဖြစ်သည်။ ထိုအခြေအနေသည် ငွေကြေးဖောင်းပွမှုကို မီးထိုးပေးသည်။ ငွေကြေးဖောင်းပွမှုသည် စစ်ပွဲအသုံးစရိတ်ကြောင့်ဖြစ်လာသောကြောင့် သွယ်ဝိုက်ခွန်အဖြစ် အသွင်ပြောင်းသွားသည်ဟုလည်းဆိုသည်။
ကမ္ဘာ့သမိုင်းတွင် ထင်ရှားခဲ့သော ကမ္ဘာစစ်ကြီးနှစ်ခုသည် စီးပွားရေးအားကောင်းသောနိုင်ငံများကို ငွေကြေးဖောင်းပွမှုဖိအားများဖြစ်စေခဲ့သည်။ အစိုးရများသည် စစ်ပွဲအတွက် လူ့အဖွဲ့အစည်းတစ်ခုလုံးကို လိုသလိုရွှေ့ပြောင်းအသုံးချမှုများပြုခဲ့သည်။ လုပ်သားများကို အင်အားအဖြစ် စုဆောင်းထားခြင်း၊ သဘာဝ အရင်းအမြစ်များနှင့် စက်မှုထုတ်ကုန်များကို ဈေးနှုန်းများမြင့်စေခြင်း၊ အရင်းအနှီးနှင့် နည်းပညာများကို ပြည်သူလူထုအတွက်အသုံးပြုနေရာမှ (အရပ်ဘက်မှ) စစ်ပွဲများအတွက် ပြောင်းလဲအသုံးပြုခြင်းတို့ဖြစ်ခဲ့သည်။
ပထမကမ္ဘာစစ်တွင်ပါဝင်ခဲ့သောနိုင်ငံအစိုးရများသည် နိုင်ငံအများသဘောတူကျင့်သုံးလျက်ရှိသည့် ရွှေစံချိန်စနစ်ကို ချိုးဖျက်၍ ငွေကြေးကိုလွတ်လပ်စွာ ထုတ်ယူမှုများ ပြုလုပ်ခဲ့သောကြောင့် ငွေကြေးစနစ်များ ပျက်စီးခဲ့ကာ ငွေကြေးဖောင်းပွမှုကို အကြီးအကျယ်ကြုံတွေ့ခဲ့ကြရသည်။ ငွေကြေးဖောင်းပွမှုသည် အမေရိကန်ပြည်တွင်းစစ်၊ ဒုတိယကမ္ဘာစစ်၊ ဗီယက်နမ်စစ်ပွဲတို့နှင့်အတူ ဖြစ်ပွားခဲ့သည်။ စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ငွေကြေးဖောင်းပွမှုသည် စစ်ပွဲတွင်ပါဝင်သော နိုင်ငံများသာမက ဝေးကွာသောအရပ်ဒေသများရှိ နိုင်ငံကြီးငယ်များကို ကုန်သွယ်မှုတွင် အခက်အခဲများဖြစ်စေခြင်း၊ ကုန်ပစ္စည်းများ ရှားပါးလာခြင်းစသည့် အနှောက်အယှက်များစွာ ပေးခဲ့သည်။
ယခုမျက်မှောက်ခေတ်စစ်ပွဲများသည်လည်း ယခင်ရာစုကာလများကကဲ့သိုပင် ငွေကြေးဖောင်းပွမှုများကို ဆက်လက်ပြင်းထန်စေပြီး သုံးစွဲနေသောငွေကြေးများကိုလည်း တန်ဖိုးယုတ်လျော့စေလျက်ရှိသည်။ အန်ဂိုလာပြည်တွင်းစစ်ကာလ (၁၉၇၅-၂၀၀၂) အတွင်း အခြေအနေကို ဥပမာပေးလျှင် အထိတ်တလန့်ဖြစ်ကြလိမ့်မည်။ အင်ဂိုလာစစ်ပွဲအတွင်း အစိုးရထုတ်ဝေထားသော ငွေကြေးသည် လုံးဝအသုံးမဝင်တော့ဘဲ ဘီယာပုလင်းများကို ငွေကြေးအဖြစ် အစားထိုးအသုံးပြုခဲ့ရ သည့်အခြေအနေအထိ ဖြစ်ခဲ့ဖူးသည်။
''အရင်းအနှီး ပြုန်းတီးမှု''
စစ်ပွဲအများစုသည် လယ်ယာစိုက်ပျိုးမြေများ၊ စက်ရုံအလုပ်ရုံများ၊ လူနေထိုင်ရာ မြို့ရွာများ စသည်ဖြင့် အရင်းအနှီးအမျိုးမျိုးကို ဆိုးဆိုးရွားရွားဖျက်ဆီးတတ်သည်။ အထူးသဖြင့် လူသားအရင်းအနှီးပြုန်းတီးမှုမှာ လူ့အဖွဲ့အစည်းအတွက် အနစ်နာဆုံးဖြစ်သည်။ ကုန်ထုတ်လုပ်မှုများကိုလည်း ဆိုးရွားစွာ ကျဆင်းစေသည်။
ဥရောပသမိုင်းတွင် အရှည်ကြာဆုံးစစ်ပွဲဖြစ်ခဲ့သည့် အနှစ်သုံးဆယ်စစ်ပွဲ (၁၆၁၈-၁၆၄၈) ကြောင့် အငတ်ဘေးနှင့်ရောဂါဘယကပ်ဆိုးကြီးဖြစ်ပေါ်ခဲ့ပြီး ဂျာမနီလူဦးရေ၏ သုံးပုံတစ်ပုံခန့် သေဆုံးခဲ့သည်။ ကြေးစားစစ်သားများသည် အရပ်သားများထံမှ လုယူစားသောက်မှုများ ပြုလုပ်ကြပြီး အရပ်သားများသည်လည်း ကြေးစားစစ်သားများဖြစ်လာကြကာ အသက်ရှင်ရပ်တည်နိုင်ရေးလုပ်ဆောင်ခဲ့ကြရသည်။ ပထမကမ္ဘာစစ်အတွင်း၌လည်း ပြင်သစ်နိုင်ငံ၏ကုန်ထုတ်လုပ်မှုသည် ထက်ဝက်နီးပါး လျော့ကျခဲ့သည်။ ဂျာမန်လူထုထောင်ပေါင်းများစွာကို ငတ်ပြတ်သေဆုံးခဲ့သည်။ ဆယ်စုနှစ်တစ်ခုကျော် ထုတ်ကုန်ကျဆင်းမှုဖြစ်ခဲ့သည့် ဆိုဗီယက်ပြည်ထောင်စုထက် ပိုဆိုးရွားသောအခြေအနေ သို့ဦးတည် သွားခဲ့သည်။ ခန့်မှန်းချက်တစ်ခုတွင် ပထမကမ္ဘာစစ်၏ စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၄၀၀ ဘီလျံအထိရှိခဲ့ပြီး ထိုအချိန်က ပြင်သစ်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့၏ထုတ်လုပ်မှုတန်ဖိုး ငါးဆရှိခဲ့သည်ဟု ဖော်ပြထားသည် ။
စစ်ပွဲကြောင့် ထိခိုက်သေဆုံးဒဏ်ရာရမှုများ၊ စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ကူးစက်ရောဂါများနှင့် အခြားသော လူဦးရေဆိုင်ရာအခက်အခဲပြဿနာများသည် အလွန်ကျယ်ပြန့်ကြီးမားသော သက်ရောက်မှုများရှိလာနိုင်သည်။ လူသန်းပေါင်းများစွာ သေဆုံးခဲ့ရသည့် တုပ်ကွေးကပ်ရောဂါသည် ၁၉၁၈ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး ပထမကမ္ဘာစစ်က ထိုအခြေအနေကို ပို၍ဆိုးရွားမှုဖြစ်စေခဲ့သည်။ အရှေ့အာဖရိကတွင် တပ်စွဲထားသည့် စစ်တပ်များကြောင့်လည်း ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ပျံနှံ့ကူးစက်ခဲ့သည့် အေအိုင်ဒီအက်စ် ( AIDS) ဖြစ်ခဲ့သည်။ အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင် ကွင်စီ ရိုက် ( Quincy Wright ) က "ခေတ်သစ် ကမ္ဘာ၏ လူသားတို့ သေဆုံးမှုများထဲတွင် အနည်းဆုံး ၁၀ ရာခိုင်နှုန်းခန့်သည် စစ်ပွဲများနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောအားဖြင့် ဆက်စပ်နေသည်ဟုမှန်းဆ ထောက်ပြထား၏။
''ကုန်ကျစရိတ်နှင့်စစ်ပွဲ ''
စစ်ပွဲတွင်ပါဝင်သော နိုင်ငံများသည် ငွေကြေးအကုန်အကျများသော အပျက်အစီးများကို ရှောင်ရှားကြသည်ဟု သုတေသီအချို့ကဆိုကြသော်လည်း များသောအားဖြင့် စစ်ပွဲကြောင့်ဖြစ်လာသည့် အပျက်အစီးများသည် ကုန်ကျစရိတ်အနည်းအများ ကြိုတင်ခန့်မှန်း၍၊ ချင့်ချိန်၍ တိုက်ခိုက်ဖျက်ဆီးထားသောအခြေ အနေများမဟုတ်ပေ။ မည်သည့်စစ်ပွဲမဆို အပျက်အစီးရှိမည်သာ။ ကြီးမားနိုင်သည်၊ နည်းပါးသည်လည်း ရှိနိုင်သည်။
စစ်ပွဲမှန်သမျှသည်လူသားတို့ကို ဘေးန္တရာယ်ဖြစ်စေ၍ ငွေကြေးအရင်းအနှီးကုန်ကျမည်သာ။ စီးပွားရေးအခြေအနေများအပေါ်တွင် ဖိအားများ၊ ခက်ခဲကျပ်တည်း မှုများဖြစ်ပေါ်လျက် စီးပွားရေးဒဏ်ရာများအဖြစ်ရှိလာပေလိမ့်မည်။
Ref: War and Economic History by Prof. Joshua S. Goldstein