စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း ကောလင်း၊ထီးချိုင့်၊အင်းတော်၊ကသာ မြို့ကြီးများမှ လူပေါင်းသောင်းချီ စစ်ဘေးရှောင်နေကြရကြောင်း မြို့ခံများက ပြောကြားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ကျော်ကတည်းက မြို့ခံများမှာ ဒေသအနီးကျေးရွာများနှင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများသို့ တိမ်းရှောင်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောကြားသည်။
ကသာမြို့ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက'' သေနတ်သံတွေ ညမှာကြားနေရတာ ကြာပြီ။ တော်လှန်ရေးအဖွဲ့တွေက နိုဝင်ဘာ ၉ ရက်လောက်ကတည်းက ကသာ၊အင်းတော်၊ ထီးချိုင့်မြို့တွေကနေ ရှောင်ကြဖို့ သတိပေးတော့တာ။ အရပ်သားလည်း နှစ်ဆယ်ကျော်သေတယ်။ အဲဒီမှာ အခြားမြို့တွေလည်းထိတ်လန့်ပြီး ပြေးကြတော့တာ။ အခု မြို့ထဲက အိမ်တွေဆိုရင် သူခိုးတွေ ညတိုင်းဖောက်ပြီး ပစ္စည်းတွေ သယ်နေကြတာ။ အင်းတော်၊ ထီးချိုင့်က မိတ်ဆွေတွေလည်း ထို့အတူပဲ။အိမ်တွေမှာ လူမရှိတုန်း ရှိတဲ့ပစ္စည်း သယ်သွားကြတာ။မူးယစ်ဆေး သုံးတဲ့သူတွေပေါ့ဗျာ။ အများစုက''ဟု ပြောကြားသည်။
ကသာမြို့၊ ရပ်ကွက် ၅ တွင်လည်း နိုဝင်ဘာ ၁၃ ရက်ညပိုင်းက နေအိမ်တစ်အိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၇၀ ကျော် အဖွားအိုတစ်ဦးနှင့် အဖွားအို၏ မြေး ၁၃ နှစ်ကျော် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းက ပြောကြားသည်။
နိုဝင်ဘာ ၁၄ ရက်အထိ ပစ်ခတ်မှုများ ပြင်ထန်ခဲ့သည့် ထီးချိုင့်မြို့တွင်လည်း မြို့မ ရပ်ကွက် တစ်ခုလုံးနီးပါးမှာ ပျက်စီးသည့် အခြေအနေ ဖြစ်ကြောင်း မြို့အနီးကျေးရွာမှ ဒေသခံများက ပြောကြားသည်။
နိုဝင်ဘာ ၉ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ ထီးချိုင့် မြို့ပေါ်တွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဘုန်းကြီးကျောင်းရှိ သာသနိက အဆောက်အဦများ၊လူနေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
ဒေသခံ တစ်ဦးက '' နေ့ရော၊ညရော တိုက်ပွဲဖြစ်တာ ၆ ရက် ဆက်တိုက်ပဲ။ ဒီနေ့တော့ ပစ်ခတ်မှုတွေ နားနေတယ်။ မြစ်အရှေ့ကမ်းနှင့် အနောက်ကမ်းပေါင်းရင် ၃၀ ကျော်တယ်လို့ ပြောနေကြတယ်။ မြို့ထဲက သေတဲ့ လူတွေကိုတော့ မကောက်နိုင်ကြသေးဘူး။မြို့ကတော့ ပျက်သလောက် ဖြစ်ပါပြီ။ ငြိမ်းချမ်းမှပဲ ပြန်ထူထောင်နိုင်တော့မှာ''ဟု ဆိုသည်။
အင်းတော်မြို့မှ လက်သမားဆရာ တစ်ဦးက'' မြို့က ချမ်းသာတဲ့သူတွေကတော့ လစ်ကုန်ပြီ။ ဝန်ထမ်းတွေက အခုက ကွမ်း၊ဆေးလိပ်၊အရက်ဘာမှကို ဝယ်မရဘူးမောင်။မြို့ထဲသွားရတာကို ကျောချမ်းနေတော့တာ''ဟု ပြောကြားသည်။