အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ ခွဲစိတ်ဆရာဝန်များသည် ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် လူသားတစ်ဦးတွင် မျက်လုံးတစ်ခုလုံး အစားထိုးကုသမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၉ ရက်က ကြေညာခဲ့သည်။
အစားထိုးပေးခဲ့သည့် မျက်လုံးသည် အမြင်အာရုံ မရရှိခဲ့သော်လည်း ယခုကဲ့သို့ မျက်လုံးတစ်ခုလုံး အောင်မြင်စွာ အစားထိုးနိုင်ခဲ့ခြင်းသည် ဆေးပညာ၏ အောင်မြင်မှု မှတ်တိုင်တစ်ရပ်ဖြစ်လာခဲ့သည်။
မျက်လုံး အစားထိုးကုသမှုခံယူသည့် လူနာသည် အသက် ၄၆ နှစ်အရွယ် စစ်မှုထမ်းဟောင်း အာရွန်ဂျိမ်းစ် ဆိုသူဖြစ်ပြီး လုပ်ငန်းခွင် မတော်တဆမှုကြောင့် ၎င်း၏ နှာခေါင်း၊ ပါးစပ်နှင့် ဘယ်ဘက်မျက်လုံးအပါအဝင် မျက်နှာဘယ်ဘက်ခြမ်း ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
ဆရာဝန်များက ဂျိမ်းစ်၏ မျက်နှာကို ခြောက်လကြာ ခွဲစိတ်ကုသပေးခဲ့ပြီး မျက်လုံးကိုလည်း အစားထိုးကုသပေးခဲ့ခြင်းဖြစ်သည်။
မျက်လုံးအစားထိုးကုသမှုသည် ၂၁ နာရီ ကြာမြင့်ခဲ့သည်ဟုလည်း ဆရာဝန်များက ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ အစားထိုးကုသပေးခဲ့သည့် မျက်လုံးသည် စက္ခုအာရုံကြောမှတစ်ဆင့် ဦးနှောက်နှင့် ချိတ်ဆက်နိုင်ခြင်းမရှိသေးဘဲ အခြေအနေကို ဆက်လက်စောင့်ကြည့်နေကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။















