အသံတိတ် လူသတ်သမား အန္တရာယ်

အသံတိတ် လူသတ်သမား အန္တရာယ်
Published 25 December 2016
ဆန်းမိုးထွန်း

လူသတ်သမားဟု ဆိုလိုက်သည်နှင့် မိတ်ဆွေတို့ မျက်လုံးထဲတွင် နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားများထဲမှ သွေးအေးအေးဖြင့် လူသတ်တတ်သည့် လူသတ်သမားမျိုးကို မြင်ယောင်ပေလိမ့်မည်။
မိုးများ သည်းသည်းမည်းမည်း ရွာသွန်းနေသည့် ညတွင် ထိတ်လန့်တုန်လှုပ် ချောက်ချားဖွယ်ကောင်းလှသည့် တီးလုံးနောက်ခံဖြင့် လူသတ်သမားတစ်ဦးက လက်နက်တစ်ခုခုကိုကိုင်ပြီး မင်းသား၊ မင်းသမီးနှင့် ၎င်းတို့၏ သူငယ်ချင်းများထံ လှမ်းလျှောက်လာနေသည့် အခန်းက ငယ်ငယ်ကတည်းက ကြည့်ခဲ့ဖူးကြသည့် ဇာတ်ဝင်ခန်းများပင် ဖြစ်သည်။
ထိုသို့ တွေးတောနေချိန်တွင် မိတ်ဆွေတို့ ထင်မှတ်မထားသောထောင့်မှ အသံတိတ် လူသတ်သမား တစ်ယောက် မိတ်ဆွေတို့၏ အနီးအနားသို့ ရောက်ရှိနေပြီဆိုလျှင် မအံ့သြလိုက်ပါနှင့်။
အဆိုပါ အသံတိတ် လူသတ်သမားက မိတ်ဆွေတို့၏ အနီးအနားသို့ ရောက်ရှိနေသည်မှာ နှစ်ပေါင်း အတော်အတန်ပင် ကြာနေခဲ့ပါပြီ။ မိတ်ဆွေတို့အနေဖြင့် အဆိုပါ အသံတိတ် လူသတ်သမား၏ နေ့စဉ်သွေးအေးအေးဖြင့် သတ်ဖြတ်ခြင်းကို ခံနေရပါသည်။
အဘယ်သို့သော အသံတိတ် လူသတ်သမားက မိတ်ဆွေတို့ကို မည်သို့သော အငြိုးကြောင့် နေ့စဉ်သွေးအေးအေးဖြင့် သတ်နေရပါသနည်း။ သို့ဆိုလျှင် အဆိုပါ အသံတိတ် လူသတ်သမားကို မိတ်ဆွေတို့ အနေဖြင့် သိချင်ကြပေလိမ့်မည်။
အမှန်တကယ်တော့ မိတ်ဆွေတို့ကို နေ့စဉ်သွေးအေးအေးဖြင့် သတ်နေသည့် အသံတိတ် လူသတ်သမားဆိုသည်ကား ..........။
စစ်ဆေးတွေ့ရှိ
မြန်မာပြည်က ပြည်သူတွေကို အသံတိတ်သတ်နေသည့် လူသတ်သမားများကို နိုဝင်ဘာလ အလယ်ပိုင်းတုန်းက မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ရှာဖွေတွေ့ရှိခဲ့သည်။ လက်ရှိဈေးကွက်အတွင်း ရောင်းချနေသည့် ငရုတ်သီးမှုန့် ရာခိုင်နှုန်း ၆၀ တွင် အသည်းကင်ဆာ ဖြစ်စေသည့် Aflatoxin မှိုအဆိပ်များ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ပူစပ်ပူလောင် အရသာကို အထူးနှစ်ခြိုက်ပြီး ငရုတ်သီးမှုန့် ခပ်များများ ထည့်စားတတ်ကြသည့် မြန်မာနိုင်ငံမှ ပြည်သူများအတွက် ယင်းသတင်းက ထိတ်လန့်တုန်လှုပ်စရာ ကောင်းလှသည်ကတော့ အမှန်ပင်။
ယင်းသို့ ဈေးကွက်အတွင်း ရောင်းချနေသည့် စစ်ဆေးတွေ့ရှိခဲ့သည့် Aflatoxin နှင့်ဆိုးဆေးများ ပါဝင်သော ငရုတ်သီးမှုန့်များကို တစ်ပတ်အတွင်း ပြန်လည်သိမ်းဆည်း ဖျက်ဆီးရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ နိုဝင်ဘာလတုန်းက ညွှန်ကြားထားသည်။
မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် စက်တင်ဘာလ အတွင်းက ပြည်တွင်း ဈေးကွက်၌ ရောင်းချလျက်ရှိသော ငရုတ်သီးမှုန့် (အကြမ်းမှုန့်၊ အနုမှုန့်၊ လှော်ထောင်းမှုန့်၊ အစိမ်းမှုန့်) များတွင် ခွင့်မပြု ဆိုးဆေးများ၊ Aflatoxin များပါဝင်နေခြင်း ရှိမရှိ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့် အပါအဝင် စားသောက်ကုန် အချို့တွင် ခွင့်မပြုဆိုးဆေးများ အသုံးပြုထားသည့်အပြင် အဏုဇီ၀ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။
ဈေးကွက်အတွင်း ရောင်းချနေသည့် အစားအသောက်များကို နမူနာယူ စစ်ဆေးခဲ့ရာ မြရတီအမှတ်တံဆိပ် ငရုတ်သီးမှုန့်၊ ဟိန်းအမှတ်တံဆိပ် ငရုတ်သီး အရောင်တင်မှုန့်များတွင် ခွင့်မပြုဆိုးဆေး Sudan III များအသုံးပြုထားသည့်အပြင် အဏုဇီ၀ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ငွေကျေးမင်း အမှတ်တံဆိပ် ငရုတ်ဆီ၊ ညိုညိုအမှတ်တံဆိပ် ငရုတ်သီးအစိမ်းမှုန့်၊ ဆီတို့ဟူး၊ သရပ်သီးသနပ်၊ နနွင်းမှုန့်၊ ရွှေပြည်သာ အမှတ်တံဆိပ် ချင်းချဉ်၊ ကံ့ကော် အမှတ်တံဆိပ် ပဲငါးပိချဉ်စပ်များတွင် အဏုဇီဝသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ရွှေမင်းအမှတ်တံဆိပ် ဂျယ်လီ (ပန်းရောင်)၊ လင်းစန္ဒာ အမှတ်တံဆိပ် ကြက်သွန်မုန့်ခြောက်၊ ကောင်းလွန်း အမှတ်တံဆိပ် ပဲကြီးလှော်၊ သိန်းပျံ အမှတ်တံဆိပ် ငရုတ်ဆီ၊ နဂါး အမှတ်တံဆိပ် ရှာလကာရည်၊ တရုတ်စာတန်းဖြင့် ဖော်ပြထားသည့် ရောင်စုံဝေဖာလုံး၊ ရွှေပုဇွန် အမှတ်တံဆိပ် ပုစွန်ငါးပိ၊ ပစ်တိုင်းထောင် အမှတ်တံဆိပ် ငရုတ်သီး အရောင်တင်မှုန့်၊ ရွှေသာစည် အမှတ်တံဆိပ် အရောင်တင်မှုန့်၊ ရွှေပင်ဆင့် အမှတ်တံဆိပ် အရောင်တင်မှုန့်၊ ဟိုင်းမင်း အမှတ်တံဆိပ် ငရုတ်ဆီ၊ သိန်းမင်း အမှတ်တံဆိပ် ငရုတ်ဆီအစပ်၊ အမှတ်တံဆိပ်မပါ တုတ်ထိုး သကြားလုံး၊ ပုရှယ် အမှတ်တံဆိပ် ငရုတ်ပွ အရောင်တင်မှုန့်၊ ပုံပုံ အမှတ်တံဆိပ် ငရုတ်ဆီ၊ စူပါ အမှတ်တံဆိပ် ရောင်စုံသကြားလုံး၊ ရွှေဧရာ အမှတ်တံဆိပ် ရှယ်မျှင် ငါးပိထောင်းများတွင် ခွင့်မပြု ဆိုးဆေးများ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိခဲ့သည့် ခွင့်မပြု ဆိုးဆေးပါ စားသောက်ကုန် အမှတ်တံဆိပ်များအနက် အချို့မှာ ခွင့်မပြု ဆိုးဆေးများကို တစ်မျိုးချင်း သာမက နှစ်မျိုးရော သုံးစွဲထားသည်ကို တွေ့ရှိခဲ့ရသည်။ စစ်ဆေးတွေ့ရှိခဲ့သည့် စားသောက်ကုန်များအားလုံး စားသုံးရန် မသင့်သည့်အပြင် စစ်ဆေးတွေ့ရှိချိန်မှစ၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခွင့် ပိတ်ပင်ထားပြီး လက်ခံတင်သွင်း ရောင်းချသူအား လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိ ဥပဒေအရ အရေးယူသွားမည် ဖြစ်သည်။
စစ်ဆေးမှုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု၊ နေပြည်တော် နယ်မြေအတွင်းရှိ ဈေးများမှ ငရုတ်သီးမှုန့် (အကြမ်းမှုန့်၊ အနုမှုန့်၊ လှော်ထောင်းမှုန့်၊ အစိမ်းမှုန့်) များကို ဈေးကွက်နမူနာ ကောက်ယူပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ဓာတ်ခွဲခန်းများ၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စစ်ဆေးရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဈေးကွက်နမူနာ ကောက်ယူခဲ့သည့် ငရုတ်သီးမှုန့် စုစုပေါင်း ၆၅၁ မျိုးအနက် Aflatoxin B1 ပါဝင်မှု ၃၈၇ မျိုး၊ ခွင့်မပြုဆိုးဆေး Rhodamine B ပါဝင်မှု နှစ်မျိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်နမူနာများမှာ Aflatoxin B1 ပါဝင်မှု မရှိခဲ့ပေ။
ဈေးကွက်နမူနာ ကောက်ယူခဲ့သော ငရုတ်သီးမှုန့် ၆၀၀ ကျော်အနက် အမှတ်တံဆိပ်ပါ ထောက်ခံချက်ရပြီးသော ငရုတ်သီးမှုန့် နမူနာ ၁၄၃ မျိုး၊ အမှတ်တံဆိပ်ပါ ထောက်ခံချက် လျှောက်ထားခြင်းမရှိသည့် ငရုတ်သီးမှုန့် နမူနာ ၁၄၀ မျိုး၊ အမှတ်တံဆိပ်မပါသည့် ငရုတ်သီးမှုန့် နမူနာ ၃၆၈ မျိုး ပါဝင်ကြောင်း သိရသည်။
“ဈေးကွက်ထဲမှာ ထောက်ခံချက်မရှိ ရောင်းချနေတဲ့ ငရုတ်သီးမှုန့်တွေ အများကြီး ရှိနေပါတယ်။ ကျွန်တော်တို့ စစ်ဆေးဖို့ ဈေးကွက်နမူနာ ကောက်ယူခဲ့တဲ့ ငရုတ်သီးမှုန့် ၆၀၀ ကျော်ထဲမှာ အမှတ်တံဆိပ်ပါ ထောက်ခံချက်ရပြီးတဲ့ ငရုတ်သီးမှုန့် နမူနာ ၁၄၃၊ အမှတ်တံဆိပ်ပါ ထောက်ခံချက် လျှောက်ထားခြင်းမရှိသော ငရုတ်သီးမှုန့် နမူနာ ၁၄၀၊ အမှတ်တံဆိပ် မပါသော ငရုတ်သီးမှုန့် နမူနာ ၃၆၈ မျိုး ပါပါတယ်။ မှတ်ပုံမတင် ထုတ်လုပ်နေတဲ့ ငရုတ်သီးမှုန့် လုပ်ငန်းတွေ အများကြီးရှိနေပြီး ဒီလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့မှာ အချက်အလက်တွေ မရှိသလောက် ဖြစ်နေပါတယ်။ ဒါကြောင့် ဘယ်တံဆိပ်နဲ့ ဘယ်နေရာမှာ ထုတ်လုပ်တယ်ဆိုတာကိုသိရင် ကျွန်တော်တို့ကို အသိပေးနိုင်သလို မြို့နယ်တွေမှာ စားသုံးသူရေးရာ ဦးစီးဌာန တွေရှိပါတယ်။ သူတို့ကို သတင်းပေး တိုင်ကြားနိုင်ပါတယ်။ ကျွန်တော်တို့ လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမှာပါ” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။
အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် ရရှိထားသော ငရုတ်သီးမှုန့် လုပ်ငန်းများမှာ ရန်ကုန်တိုင်းတွင် ကိုးခု၊ မန္တလေးတိုင်းတွင် တစ်ခု၊ ဧရာဝတီတိုင်းတွင် တစ်ခု၊ မွန်ပြည်နယ်တွင် သုံးခုဖြစ်ပြီး ငရုတ်သီးမှုန့် နမူနာများအနက် Aflatoxin ပါဝင်နေသည်ဟု တွေ့ရှိခဲ့သည့် ကုန်ပစ္စည်းအများစုမှာ ရန်ကုန်၊ မန္တလေးနှင့် မွန်ပြည်နယ်များမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ ဖြစ်ကြသည်။
ဈေးကွက်အတွင်း ငရုတ်သီးမှုန့် အမှတ်တံဆိပ် အမည်တပ်၍ ထုတ်လုပ်ရောင်းချနေသည့် ကုန်ပစ္စည်း ၇၅ မျိုးတွင် ၁၅ မျိုးသာ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် ရယူထားပြီး ကျန်သည့် အမှတ်တံဆိပ် ၆၀ မှာထောက်ခံချက် ရယူထားခြင်း မရှိကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က ဆိုသည်။
“ငရုတ်သီးမှုန့်တွေနဲ့ ပတ်သက်လို့ ဈေးကွက်ထဲမှာ တရားဝင်မှတ်ပုံတင်ပြီး ရောင်းချတဲ့ အမှတ်တံဆိပ်ထက် မှတ်ပုံမတင် ရောင်းချတဲ့ အမှတ်တံဆိပ်က ပိုများနေပါတယ်။ ကျွန်တော်တို့ အမှတ်တံဆိပ် အမည်ပေါင်း ၇၅ မျိုးကို စစ်ဆေးတဲ့အခါ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိတဲ့ အမှတ်တံဆိပ်ပေါင်းက အမျိုးပေါင်း ၆၀ ရှိနေပါတယ်။ အခု Aflatoxin ပါဝင်တယ်လို့ တွေ့ထားတဲ့၊ ငရုတ်သီးမှုန့် ထုတ်လုပ်တဲ့ လုပ်ငန်းပိုင်ရှင်တွေဆီ ကျွန်တော်တို့ အကြောင်းကြားမှာပါ။ သူတို့က ဈေးကွက်မှာ ဖြန့်ထားတဲ့ သူတို့ကုန်ပစ္စည်းကို တစ်ပတ်အတွင်း ပြန်လည်သိမ်းယူရမှာပါ။ ဒါအပြင် အဲဒီကုန်ပစ္စည်းတွေကို ဖျက်ဆီးပစ်ရမှာ ဖြစ်သလို ဒီလိုသိမ်းဆည်း ဖျက်ဆီးထားတာတွေကိုလည်း အထောက်အထားနဲ့တကွ ကျွန်တော်တို့ဆီကို ပြန်လည်တင်ပြရမှာပါ။ တစ်ပတ်အတွင်း ဒါတွေကိုမလုပ်ဘဲ ကျွန်တော်တို့က ဈေးကွက်ဆင်း စစ်ဆေးလို့ ထပ်တွေ့တယ်ဆိုရင် ဥပဒေအရ အရေးယူမှုတွေကို ဆက်လုပ်သွားမှာပါ” ဟု ဒေါက်တာသန်းထွဋ်က ပြောကြားသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် FDA ထောက်ခံချက် ရရှိထားသည့် ငရုတ်သီးမှုန့်လုပ်ငန်း ၁၄ ခုမှာ ရန်ကုန်တိုင်းတွင် ကိုးခု၊ မန္တလေးတိုင်းတွင် တစ်ခု၊ ဧရာဝတီတိုင်းတွင် တစ်ခုနှင့် မွန်ပြည်နယ်တွင် သုံးခုရှိပြီး ထောက်ခံချက် ရရှိထားသည့် အမှတ်တံဆိပ်များ အနေဖြင့် မြန်မာရနံ့၊ ဘုတ်ဆုံမ၊ မြို့မဆင်ဖြူတော်၊ နံပါတ်ဝမ်း၊ ကိုလှထွန်း၊ ဒေါ်ထွေး၊ ရှူးရှဲ၊ ဂွတ်ရှယ်၊ KSS၊ ထူးအံ့၊ ဥုထွန်း၊ ဒေါ်တင် (ဆင်ဖြူကျွန်း)၊ မခင်အေး (မော်လမြိုင်)၊ အိအိချို၊ဖိုး၀ အမှတ်တံဆိပ်များ ဖြစ်ကြသည်။
FDA ထောက်ခံချက် မရှိသည့် ၅၉ မျိုး
ဈေးကွက်အတွင်း ရောင်းချနေသည့် FDA ထောက်ခံချက်မရှိသည့် ငရုတ်သီးမှုန့်၊ မဆလာမှုန့် အမှတ်တံဆိပ် ၅၉ မျိုးကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ဒီဇင်ဘာ ၂၃ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းအမှတ်တံဆိပ်များမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် ရရှိထားခြင်း မရှိသည့်အပြင် ဘေးအန္တရာယ် ကင်းရှင်းမှုနှင့် အရည်အသွေး အာမခံချက် မရှိကြောင်းကို FDA ကထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ ယင်းအမှတ်တံဆိပ်များမှာ ပစ်တိုင်းထောင်၊ ရွှေကျီး၊ ရွှေကျောက်ဆည်/SKS၊ စပယ်ဦး၊ ရွှေ၊ ရွှေတီ၊ မြဝတီ၊ စိန်၊ ကောင်းကောင်း၊ ကရဝိတ်၊ ရွှေမြင့်မိုရ်၊ နန်းတော်၊ ကောင်းမွှေး၊ နန်းဆန်သူ၊ လူရိုင်းခေါင်း၊ ဒေါ်ဖြူ၊ မီးမီးလေး၊ ရွှေပြည်အောင်၊ ကြူ မွှေး၊ အောင်ရဲထက်၊ မကျင်မြ-မမြင့်ကြည်၊ နှင်းပုလဲ၊ အောင်ကြည်သိန်း/Aung Kyi Thein၊ ကြည်ကြည်ခိုင်၊ သူရိယ၊ အိုကေဝမ်း၊ မနွယ်၊ လှလှဝင်း၊ ရွှေသရဖူ၊ ရဲသီဟ၊ ဝင်းမိုး၊ လူထု၊ နေကိုးလုံး၊ စိန်ဟင်္သာ၊ ခိုင်တိုးကျော်၊ မေ့အကြိုက်၊ စန္ဒာ၊ ရွှေပိုးအိမ်၊ မြင်းပျံ၊ ကောင်းအရသာ၊ ကောင်း၊ စိန်ခြင်္သေ့၊ နန်းဦးကျော်၊ မာဃ၊ ယုဇန၊ ညွန့်၊ ရွှေငါး၊ နန်းတွင်းသူ၊ ဒေါ်ခင်ချစ်၊ ရွှေငရုတ်မင်း၊ ခိုင်ခိုင်၊ ယိုးဒယား၊ ရတနာ၊ မူမူဆွေ၊ ဖိန်ဖိန်၊ ရွှေရဒီ/Shwe Yadi၊ ကောင်း၊ မြေလတ်သားနှင့် ရွှေအိုး (မဆလာ) တို့ဖြစ်ကြောင်း သိရသည်။
“Facebook မှာတင်ထားတာ တွေ့လိုက်ရတယ်။ မှိုပါတဲ့ ငရုတ်သီးမှုန့်ပေါ့။ တံဆိပ်တွေကို လိုက်ဖက်ကြည့်လိုက်တာ တီဗွီမှာ ကြော်ငြာနေကျတဲ့ တံဆိပ်တွေကြီးပဲ။ ကိုယ်ကြားဖူးသမျှ နာမည်ကြီးပဲ တွေ့လိုက်ရတော့ အတော်လေးကို လန့်သွားတယ်။ ဒီတံဆိပ်တွေကလည်း ကျွန်မတို့ ကိုယ်တိုင်သုံးနေတဲ့ တံဆိပ်တွေ။ မသိတဲ့နာမည်ဆိုရင် မကောင်းမှာစိုးလို့၊ အခုအန္တရာယ်ဖြစ်မှာစိုးလို့ မစားဘူး။ ကျွန်မတို့မှာလည်း ပိုက်ဆံပေးပြီးတော့ ရောဂါဝယ်စားနေရသလိုပါပဲ။ အခုလိုမျိုးဟာတွေက ဘယ်လိုအရေးယူပေးမှာလဲ။ နောက်ပြီးတော့ ဈေးကွက်ထဲမှာလည်း အများကြီး ပြန့်နေတာ။ ဒါကို ထိထိရောက်ရောက်တော့ လုပ်သင့်တယ်ထင်တယ်။ ဒီအတိုင်းပဲထားရင် တစ်နေ့တခြား ပိုပိုဆိုးလာဖို့ပဲရှိမှာ” ဟု သာကေတမြို့နယ်မှ ဒေါ်ခင်သန္တာအောင်က ဆိုသည်။
သန်လျင်မြို့နယ်မှ ဦးထွန်းလူက “အမှန်ပြောရရင် ကျွန်တော်တို့မှာ ဘာမှစားစရာကို မရှိတော့တာ။ ဆီဆိုလည်း အတုထုတ်တယ်။ စားအုန်းဆီကို အနံ့ထည့်ပြီးတော့ ပဲဆီဆိုပြီ ညာရောင်းကျတယ်။ ဒိတ်လွန်မုန့်တွေလည်း ပြန်ရောင်းတယ်။ စားသောက်ဆိုင်တွေမှာလည်း အကောင်ပလောင် တွေ့ရင်လည်း ဖယ်ပြီးတော့ စားရတာပဲ။ ပိုက်ဆံရှင်းရတာပဲ။ ကျွန်တော်တို့မှာ သိလျက်သားနဲ့ကို စားနေရတဲ့ဘဝ။ မြန်မာနိုင်ငံက FDA အနေနဲ့ကလည်း ပေါ့ဆလွန်းတယ်။ သေသေချာချာ စစ်ဆေးလုပ်ဆောင်တာတွေ အတော်ကိုနည်းတယ်။ နိုင်ငံတကာမှာ ဒီလိုလုံးဝလုပ်လို့မရဘူး။ သန့်ရှင်းလတ်ဆတ်မှု မရှိဘူး။ အန္တရာယ်ရှိတဲ့ အစားအသောက်ဆိုတာနဲ့ ရောင်းချတဲ့သူတွေ ချက်ချင်းဖမ်းဆီး အရေးယူတာကိုလုပ်တာ။ မြန်မာနိုင်ငံမှာ အစားအသောက် ကွပ်ကဲမှု ဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ အများကြီး ပေါ့လျော့နေတာတော့ အမှန်ပဲ” ဟုပြောကြားသည်။
လုပ်ငန်းရှင်များ၏ အခက်အခဲ
ကြိတ်ခွဲရောင်းချသည့် ငရုတ်သီးမှုန့် လုပ်ငန်းရှင်များ အနေဖြင့် အရည်အသွေး ကွာခြားချက်ကြောင့် ပြည်တွင်းထွက် ငရုတ်သီးတောင့်များ အစားအိန္ဒိယဘက်မှ ငရုတ်သီးတောင့်များကို မှာယူထုတ်လုပ်နေရကြောင်း ငရုတ်သီးမှုန့် ထုတ်လုပ်သည့် လုပ်ငန်းရှင်များက ဆိုသည်။
“မြန်မာတစ်နိုင်ငံလုံးမှာ ငရုတ်သီး ထွက်တယ်ဆိုပေမယ့် အဓိက အညာဒေသက ထွက်တယ်။ ဧရာဝတီတိုင်းဘက်ကလည်း ထွက်တယ်။  ပွဲရုံတွေကို ဝင်လာတဲ့ ငရုတ်သီးအတောင့် တော်တော်များများကို ကျွန်တော်တို့လို ကြိတ်ခွဲရောင်းချသူတွေက အများဆုံးယူတာပါ။
အရင်ကဆို ပြည်တွင်းထွက် ငရုတ်သီးတောင့်တွေကို အဓိကထား ကြိတ်ခွဲပြီး အိန္ဒိယဘက်ကလည်း ယူသုံးတာမျိုးတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်းက FDA က ငရုတ်သီးမှုန့်တွေမှာ Aflatoxin မှိုအဆိပ်များပါနေတယ်လို့ ပြောတယ်။ ဈေးကွက်ထဲက ပစ္စည်းတွေကို ပြန်သိမ်းခိုင်းတဲ့အတွက် ဖြန့်ထားပြီးသား ပစ္စည်းတွေကို ပြန်သိမ်းခဲ့ရတယ်။ မှိုက ဘယ်မှာကတည်းက ပါတာလဲဆိုတာကို ကျွန်တော်တို့ လေ့လာတဲ့အခါ ကုန်ကြမ်းဖြစ်တဲ့ ငရုတ်သီးတောင့်မှာကတည်းက ပါနေတယ်။ ဒီတော့အခုဆိုရင် ကျွန်တော်တို့ အိန္ဒိယဘက်က ငရုတ်သီးတောင့်တွေကိုမှာပြီး ကြိတ်ခွဲရတယ်။ အိန္ဒိယဘက်က ငရုတ်သီးတောင့်က ပိုဈေးမြင့်ပြီး ပြည်တွင်းထက် တစ်ပိဿာကို အနည်းဆုံး ကျပ် ၅၀၀၊ ၆၀၀ ကွာပါတယ်” ဟု ငရုတ်သီးမှုန့် ထုတ်လုပ်ရောင်းချသူ ပြည်တွင်းလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
ပြည်တွင်းထွက် ငရုတ်သီးတောင့်များမှာ ထိန်းသိမ်းမှု အားနည်းချက်များကြောင့် မှိုပေါက်ဖွားမှုများရှိနေပြီး အရည်အသွေးပိုင်း ကျဆင်းမှုများ ဖြစ်ပေါ်နေကြောင်း၊ Aflatoxin မှိုများကို မြေပဲဆံ၊ ပြောင်းဆံ စသည်တို့တွင် တွေ့ရတတ်ကြောင်းနှင့် ငရုတ်သီးတောင့်များမှာ တစ်ရာသီခန့်သာ အထားခံရာ နောက်ပိုင်းတွင် အရည်အသွေးပိုင်း ကျဆင်းသွားလေ့ရှိကြောင်း ငရုတ်သီးမှုန့် ထုတ်လုပ်သည့် လုပ်ငန်းရှင်များထံမှ သိရသည်။
စစ်ဆေးထား
ငရုတ်သီးမှုန့် ကြိတ်ခွဲထုတ်လုပ် ဖြန့်ဖြူးမှုကို ယာယီရပ်ဆိုင်းထားပြီး အသစ်ပြန်လည် ကြိတ်ခွဲရောင်းချမည့် ကုန်ကြမ်းငရုတ်သီး အတောင့်များကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ ပေးပို့စစ်ဆေးထားပြီး ရလဒ်ကောင်းမွန်မှသာ ကြိတ်ခွဲ ထုတ်လုပ်ဖြန့်ဖြူးမှုကို ပြန်လည် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြို့မဆင်ဖြူတော် ငရုတ်သီးမှုန့် ထုတ်လုပ်သည့် တော်ဝင်သူရိယကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းလွင်က ပြောကြားသည်။
“လောလောဆယ် ကျွန်တော်တို့ ထုတ်လုပ်မှုတွေကို ခဏရပ်ထားပါတယ်။ အသစ်ထပ်ထုတ်မယ့် ကုန်ကြမ်း ငရုတ်တောင့်တွေကို FDA ကိုပေးပို့ စစ်ဆေးထားပါတယ်။ အဲဒီရလဒ်ရမှသာ ထုတ်လုပ်မှုတွေကို ဆက်လုပ်သွားမှာပါ။ စစ်ဆေးမှုက နှစ်ပတ်လောက် ကြာမယ်လို့ ပြောပါတယ်။ ရလဒ် မထွက်မချင်း ထုတ်လုပ်ဖြန့်ဖြူးမှုတွေကို ရပ်ထားပါတယ်။ အရင်ကတည်းကလည်း ကုန်ကြမ်းပစ္စည်းတွေကို သုံးလတစ်ကြိမ် စစ်ဆေးတာမျိုးတွေလည်း ရှိပါတယ်” ဟု ဦးသန်းလွင်က ဆိုသည်။
ထို့ပြင် ဈေးကွက်အတွင်းရှိ ပစ္စည်းများကို ပြန်သိမ်းရာတွင် အဓိကအားဖြင့် ရက်လွန်ပစ္စည်းများကိုသာ ပြန်သိမ်းခဲ့ပြီး ရက်မလွန်သေးသည့် ပစ္စည်းများမှာမူ ဈေးကွက်ထဲ၌ ရှိနေကြောင်း သိရသည်။
ဒီဇင်ဘာ ပထမပတ်က ငရုတ်သီး ကြိတ်ခွဲရောင်းချသည့် ငရုတ်သီးမှုန့် လုပ်ငန်းရှင်များကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် အစာအာဟာရဆိုင်ရာ သိပ္ပံနှင့် နည်းပညာအသင်းတို့ ပူးပေါင်းပြီး သင်တန်းများပေးခဲ့သည်။
ခွင့်မပြုသည့် ဆိုးဆေးများ
မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရှိရသည့် ခွင့်မပြု ဆိုးဆေးများမှာ Auramine O, Rhodamine B, Sudan Dyes,Orange II တို့ဖြစ်ကြသည်။
Auramine O (အဝါရောင်) ကို ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊သားရေများကို အရောင်ဆိုးရာတွင် အသုံးပြုရခြင်းဖြစ်ပြီး လက်ဖက်၊ ပဲကြီးလှော်၊ မျှစ်တို့တွင် အများဆုံး အသုံးပြုနေသည်ကို တွေ့ရကြောင်း၊ Rhodamine B (အနီရောင်/ပန်းရောင်) ကို ရောဂါရှာဖွေရာတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းသုံး ဆိုးဆေးတစ်မျိုးဖြစ်ပြီး ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊သားရေများကို အရောင်ဆိုးရာတွင်လည်း အသုံးပြု ကြောင်း၊ Sudan Dyes (အနီရောင်) သည်ဖိနပ်၊ သားရေများကို အရောင်ဆိုးသော ဆိုးဆေးဖြစ်ပြီး ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်များတွင် အများဆုံး အသုံးပြုနေကြောင်းနှင့် OrangeII (လိမ္မော်ရောင်) ကို ချည်၊ သိုးမွေးများကို အရောင်ဆိုးရာတွင် အသုံးပြုရခြင်းဖြစ်ပြီး ငရုတ်သီးမှုန့်၊ ယိုစုံ၊ ပဲနီလေး စသည်တို့တွင် အရောင်လှစေရန် ရည်ရွယ်ကာ အသုံးပြုနေကြခြင်း ဖြစ်ကြောင်း သိရသည်။ 
ထိုသို့ ခွင့်မပြု ဆိုးဆေးများကို စားသုံးမိပါက အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း စသည့် လတ်တလော ဆိုးကျိုးများ ဖြစ်ပေါ်စေပြီး ရေရှည်တွင် ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေခြင်း၊ အသည်းနှင့် ကျောက်ကပ်များ ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပေါ်စေနိုင်ကြောင်း အစားအသောက်နှင့် ဆေးဝါးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဥပဒေ
၂၀၁၄ ခုနှစ် မတ်လတွင် ပြဋ္ဌာန်းခဲ့သော စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေသည် စားသုံးသူ အခွင့်အရေးကို အပြည့်အ၀ ကာကွယ်ပေးနိုင်ခြင်း မရှိသေးသဖြင့် ၂၀၁၆ ဇွန်လမှစတင်ကာ ဥပဒေအသစ် ပြန်လည်ရေးဆွဲနေပြီး ၂၀၁၇ မေလတွင် ဥပဒေမူကြမ်း ထွက်ရှိရန် ပြင်ဆင်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။               
၂၀၁၄ခုနှစ် မတ်လက ဥပဒေပြဋ္ဌာန်းခဲ့သော်လည်း ယခုအချိန်ထိ ယင်းဥပဒေဖြင့် အရေးယူမှု တစ်စုံတစ်ရာ မရှိသေးကြောင်း၊ ဥပဒေသစ် ပြန်လည်ရေးဆွဲနေသည့် ကြားကာလများတွင် လက်ရှိပြဋ္ဌာန်းထားသည့် ဥပဒေဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင့်၊ ဥပဒေ ပြန်လည်ရေးဆွဲသည့် အပေါ်တွင် အခွင့်အရေး ချိုးဖောက်ခံနေရမှုများ ကြုံတွေ့နေရသည့် အွန်လိုင်းကိစ္စများ၊ Channel များစသည့် ကိစ္စရပ်များကို လက်ရှိဆွဲနေသည့် မူကြမ်းတွင် ဖြည့်စွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။                                            
“ကြားကာလမှာ ကျွန်တော်တို့က ဒီရှိဆဲဥပဒေနဲ့ ဆက်လက် ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့က ဥပဒေအသစ်ဆွဲတယ်လို့ ဥပဒေဟောင်းကို မကျင့်သုံးဘူး မဟုတ်ပါဘူး။ ကျင့်သုံးမှာပါ။ ဒါတွေနဲ့ ပတ်သက်ပြီးတိုင်တာကို နည်းသေးတယ်။ မလေးရှားမှာဆို ထောင်နဲ့ချီပြီး တိုင်တယ်။ အခွင့်အရေးကို ကျွန်တော်ကနေပြီးတော့ မေးမယ်မြန်းမယ်ဆိုရင် အမေးခံဘူး။ ဒီဟာကိုကျတော့ လူတွေက တိုင်တဲ့အလေ့အထ မရှိသေးဘူးပေါ့နော်။ ဒါကိုကျွန်တော်တို့က သက်ဆိုင်ရာ ရုံးတွေမှာ၊ လမ်းလေးခွဆုံတွေမှာ ဗီနိုင်းဘုတ်တွေ ထောင်ပြီးတော့ တိုင်နိုင်တယ် ဆိုတဲ့ဟာတွေကို ဆောင်ရွက်နေပါတယ်။ ဟောပြောပွဲတွေမှာ တိုင်နိုင်ကြောင်းကို ဆောင်ရွက်နေပါတယ်။ ပြည်သူရဲ့အသိက ဒီတိုင်ကြားမှု ဆိုတာကို မသိသေးပါဘူး။ ကျွန်တော်တို့အားလုံးက နစ်နာဆုံးရှုံးမှုတွေအပေါ်မှာ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ကြာပါပြီ ၂၀၁၄ ခုနှစ် ကတည်းက တိုင်ကြားစာ လက်ခံဆောင်ရွက်ရေး ကော်မတီဆိုတာ ရှိပြီးသားပါ။ အဲဒီကော်မတီကို လာပြီးတိုင်ကြားတာကို မရှိသေးတာ။  ကျွန်တော်တို့ အခုပြင်ဆင်ရေးဆွဲနေတဲ့ ဥပဒေကို ၂၀၁၆ ခုနှစ်ဇွန်လက ရေးဆွဲနေပြီးတော့ ၂၀၁၇ မတ်လမှာ မူကြမ်းထွက်ဖို့ ပြင်ဆင်နေပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးအောင်က ပြောကြားသည်။
၂၀၁၄ ခုနှစ် မတ်လက ပြဋ္ဌာန်းခဲ့သော စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေတွင် မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပြဋ္ဌာန်းချက် တစ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား၍ စီရင်ခြင်းခံရပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ချမှတ်ခံရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသော်လည်း ဥပဒေချိုးဖောက်ခဲ့သည့် လုပ်ငန်းရှင်များကိုမူ ပြစ်ဒဏ်ပေးခြင်း မရှိသေးပေ။
သတိပေးပြီ
တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် ခွင့်မပြုဆိုးဆေးများနှင့် ပတ်သက်၍ လစဉ်ပညာပေးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ထပ်မံအသုံးပြုသူများအား စက်တင်ဘာမှစ၍ ဥပဒေအရ ထိရောက်စွာ အရေးယူမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတိပေးထားကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ခွင့်မပြုဆိုးဆေးများနှင့် ပတ်သက်ပြီး အစဉ်တစိုက် ပညာပေးခြင်း၊ ဈေးကွက် ထောက်လှမ်း စစ်ဆေးခြင်း၊ သတင်းစာများတွင် ထုတ်ပြန်ကြေညာခြင်း၊ အန္တရာယ်ရှိ အစားအသောက် ပစ္စည်းများ သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း၊ စီမံခန့်ခွဲမှု နည်းလမ်းနှင့် ဥပဒေကြောင်းအရ အရေးယူခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သည်။
ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်တွင် လစဉ်အကြိမ် ၂၀ ခန့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အစားအသောက်တွင် အသုံးပြုသော ဆိုးဆေးများကို ပိုမိုထိန်းချုပ်ရန် စက်တင်ဘာလကစ၍ ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စက်တင်ဘာ၂၁ ရက်က ထုတ်ပြန်ကြေညာ သတိပေးခဲ့သည်။
“ခွင့်မပြုဆိုးဆေးတွေနဲ့ ပတ်သက်ပြီး အရင်ကဆို စစ်လို့တွေ့ရင် ပညာပေးတယ်။ ပစ္စည်းသိမ်းပြီး ဖျက်ဆီးတယ်။ ရောင်းချခွင့်မပြုဘူး။ ထုတ်လုပ်သူရော ရောင်းချသူရော ပညာပေးတယ်။ ဒါတွေကို ဆက်တိုက် ပုံမှန်လုပ်ခဲ့တယ်။ အခု နိုင်ငံပိုင် သတင်းစာတွေမှာလည်း ခွင့်မပြုဆိုးဆေးက ဘာတွေလဲ။ ခွင့်ပြုထားတဲ့ ဆိုးဆေးတွေက ဘာတွေလဲဆိုတာကို တရားဝင်ပြောပြီးပြီ။
ပညာပေးလုပ်ငန်းတွေလည်း တော်တော်များများ လုပ်ပြီးပြီဆိုတော့ အခုလကစပြီး ဥပဒေအရ အရေးယူတာတွေကို ထိထိရောက်ရောက် လုပ်သွားပါမယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။        အစားအသောက်တွင် သုံးစွဲရန် ခွင့်ပြုထားသော ဆိုးဆေးများရှိသကဲ့သို့ သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများရှိပြီး စက်တင်ဘာ ၂၁ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် တရားဝင်ကြေညာခဲ့ပြီး ဖြစ်သည်။
လွှတ်တော်အဆို
ဒီဇင်ဘာ ၉ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွှေဘို မဲဆန္ဒနယ်မှ ဒေါက်တာအေဇင်လတ်က “ကျောင်းမုန့်ဈေးတန်းများ အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းရှိ ဈေးကွက်အတွင်းတွင် ရောင်းချလျက်ရှိသော ကျန်းမာရေးနှင့် မညီညွတ်သည့် ဓာတုဆိုးဆေးပါ စားသောက်ကုန်များ၊ စားသောက်ဖွယ်ရာများ ရောင်းချနေခြင်းအား ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ရန် တာဝန်ရှိသည့် ဌာနဆိုင်ရာများ စုပေါင်းပါဝင်သော နိုင်ငံတော်အဆင့် စီမံချက်တစ်ရပ် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုတစ်ရပ်ကို တင်သွင်းခဲ့သည်။
“ဒီဆိုးဆေးတွေဟာ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ဈေးကွက်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးနေတာကို စစ်ဆေးတွေ့ရှိရပါတယ်။ ဒီဆိုးဆေးတွေဟာ ကင်ဆာရောဂါ အပါအဝင် ကိုယ်ခန္ဓာကို ဘေးဥပဒ်ဖြစ်စေတဲ့ ဆိုးဆေးတွေပဲ ဖြစ်ပါတယ်။ ဒီဆိုးဆေးတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူလူထုအတွင်းမှာ ကွင်းဆင်းပြီး ဟောပြောမှု လုပ်နေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်ဆိုတာ သိပါတယ်။ ဥပမာအားဖြင့် ကျွန်မတို့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနရယ်၊ နောက်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ စားသုံးသူရေးရာ ဦးစီးဌာနတွေဟာ ဒီလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတာကိုလည်း ကျွန်မအနေနဲ့ မြင်တွေ့ရပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ လွှမ်းခြုံဖို့ ဆိုလို့ရှိရင် ဒီဦးစီးဌာနတွေက လုပ်ကိုင်ဆောင်ရွက်နေတာနဲ့ မလုံလောက်ပါဘူး။ အခြားသော ဝန်ကြီးဌာနတွေကလည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဒီနေရာမှာ ကျွန်မပြောချင်တာကတော့ ပြန်ကြားရေး ဝန်ကြီးဌာနကို ဖြစ်ပါတယ်။ ဒီအစားအသောက်တွေ အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ကြတဲ့အခါမှာ ပြည်သူလူထု တစ်ရပ်လုံးက ဒီလုပ်ငန်းစဉ်တွေ လုပ်ကိုင်ဆောင်ရွက်နေတာကို ကျယ်ကျယ်ပြန့်ပြန့် သိဖို့လိုပါတယ်။ အဲဒီအတွက်ကြောင့်မိုလို့ နိုင်ငံပိုင်သတင်းစာက မီဒီယာကနေပြီးတော့မှ ရံဖန်ရံခါ ထည့်ပေးတာမျိုး မဟုတ်ဘဲ ဒီလုပ်ငန်းစဉ် ဆောင်ရွက်နေတဲ့ တစ်လျှောက်လုံးမှာ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ ခရိုင်နဲ့ မြို့နယ်အဆင့်ဌာနတွေအထိ ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုပါတယ်။ သို့မှသာ ဒီလုပ်ငန်းစဉ်ဟာ အမှန်တကယ် အောင်မြင်မှာ ဖြစ်ပါတယ်။ နောက် ကျွန်မအနေနဲ့ ဌာနဆိုင်ရာများ စုပေါင်းပါဝင်တဲ့ နိုင်ငံတော်အဆင့် စီမံချက်တစ်ရပ် ရေးဆွဲပေးဖို့ဆိုတဲ့ နေရာမှာ တခြားအကြောင်းရင်းတွေလည်း ရှိပါတယ်။ ဈေးကွက်ဆိုတဲ့ နေရာမှာလည်း ပြည်တွင်းဈေးကွက် ရှိသလို ပြည်ပဈေးကွက်လည်း ရှိပါတယ်။ ပြည်တွင်းဈေးကွက်က အန္တရာယ်ရှိ အစားအသောက်တွေထဲက အစားအသောက်တစ်မျိုးကို ကျွန်မတို့ သိမ်းလိုက်လို့ရှိရင် အဲဒီအစားအသောက် ထုတ်လုပ်သူကပဲ နောက်တံဆိပ်တစ်မျိုးနဲ့ ထုတ်လုပ်နေတာကို ကျွန်မတို့ အများကြီး တွေ့ရှိပါတယ်။ ဒါတွေကို အရေးယူဖို့ အတွက်ဆိုရင် ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်းနဲ့ မဖြစ်နိုင်ပါဘူး။ တခြားသော ဌာနဆိုင်ရာတွေကပါ ပူးပေါင်းပါဝင်ရမှာဖြစ်တဲ့ အတွက်မို့လို့လည်း ကျွန်မက နိုင်ငံတော်အဆင့် စီမံချက်တစ်ရပ်ကို ပူးပေါင်းရေးဆွဲပေးဖို့ တိုက်တွန်းရခြင်းလည်း ဖြစ်ပါတယ်။ ခုနက ကျွန်မရည်ညွှန်းခဲ့သလိုပါပဲ။ ဈေးကွက်ဆိုတာမှာ ပြည်ပဈေးကွက်ကနေ တရားမဝင် မုန့်တွေဆိုတာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မုန့်တွေကို ဆိုချင်တာပါ။ ဒီမုန့်တွေကို တားဆီးနှိမ်နင်းဖို့ဆိုရင်လည်း ခုနကလုပ်နေတဲ့ စားသုံးသူရေးရာ ဦးစီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန နှစ်ခုတည်းနဲ့ ဘယ်လိုမှ ဒီလုပ်ငန်းတွေက အောင်မြင်မှာ မဟုတ်ပါဘူး။ ဒေသဆိုင်ရာ အာဏာပိုင်၊ ဌာနဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းအားလုံးက ပူးပေါင်းပါဝင်မှသာ အစားအသောက်များ အန္တရာယ် ကင်းရှင်းရေးဟာ အောင်မြင်မှာ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ကျွန်မအနေနဲ့ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်တဲ့ စီမံချက်တစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းအဆို တင်သွင်းရခြင်း ဖြစ်ပါတယ်” ဟု ဒေါက်တာ အေဇင်လတ်က ပြောကြားခဲ့သည်။
ယင်းသို့ တင်သွင်းခဲ့သည့် ဒေါက်တာ အေဇင်လတ် အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်က ထောက်ခံ ဆွေးနွေးခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာတွင် ကန့်ကွက်သူ မရှိသဖြင့် အဆိုကို ဆက်လက် ဆွေးနွေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့သည်။
တားဆီးအရေးယူပေးရန်လို
Autoimmune Diseases ဟုခေါ်သည့် ခုခံအား စံလွဲရောဂါသည် ဓာတုဆိုးဆေးများကြောင့် ဖြစ်ပွားမှု များပြားနေပြီး ဆိုးဆေး ပါဝင်သော အစားအသောက်များအား တားဆီးအရေးယူပေးရန် လိုအပ်နေကြောင်း အရိုး၊ အကြောနှင့် အဆစ် ဆေးပညာဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာချစ်စိုးက ပြောကြားသည်။
“ဒီရောဂါတွေဖြစ်တယ်ဆိုတဲ့ ဆိုးဆေးတွေက မြန်မာပြည်မှာ သိပ်များတာဘဲ။ တရားမဝင် သုံးနေတာရှိတယ်။ တရားဝင် သုံးတော့လည်း တကယ်တမ်းကျတော့ လိုတာထက် ပိုထည့်တာတွေလည်း ရှိတယ်။ ဒါတွေက တိတိကျကျ အရေးယူဖို့ကောင်းတယ်။ ကျန်းမာရေး စီမံချက်တွေမှာ ကျန်းမာရေးကို နောက်ဆုံး ကျောက်ကပ် ပျက်စီးတော့မှ ကျောက်ကပ် အစားထိုးတာတို့ကို ဟန်ပြလုပ်ပြပြီးတော့ ငွေတွေ အများကြီးသုံးတာထက်စာရင် ဒီလိုပျက်စီးစေတဲ့ အကြောင်းရင်းတွေက ဘယ်ကစလဲဆိုရင် အစားအသောက်တွေကြောင့်ပါ။ တားဆီးပေးဖို့ကတော့ ကျန်းမာရေး တိုးတက်မှုမှာ အများကြီး လိုအပ်တာပေါ့။ အရိုး၊ အကြော၊ အဆစ်နဲ့ ကိုယ်ခံအား ရောဂါတွေတင်မကပါဘူး။ ဒါတွေက အသည်းပျက်စီးမှု၊ အစာအိမ်ပျက်စီးမှု၊ နောက်နှလုံးရောဂါ အကုန်လုံးနဲ့ ဆိုင်တယ်။ ဆိုးဆေးတွေကတော့ တော်တော်လေး တားဆီးဖို့ လိုပါတယ်” ဟုဒေါက်တာ ချစ်စိုးက ပြောကြားသည်။
Autoimmune Diseases ဟုခေါ်သည့် ခုခံမှုစံလွဲရောဂါသည် ခန္ဓာကိုယ်တွင်းရှိ ခုခံဓာတ်မှ ခန္ဓာကိုယ်အား ကာကွယ်နိုင်ရန် သဘာဝမှ ဖန်တီးပေးထားခြင်းဖြစ်ပြီး ပြင်ပမှ ရောဂါပိုးမွှားများ၊ ဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားများ ဝင်ရောက်လာပါက ပြန်လည် တိုက်ခိုက်ပေးသော ရောဂါဖြစ်ကြောင်း သိရသည်။   
“ဒါတွေမှာ အရေးကြီးတာကတော့စားသုံးသူ ကာကွယ်ရေးပေါ့။ Human Right, Consumer Right ပေါ့။ ဒါတွေကို ကာကွယ်ပေးဖို့ လိုတာပေါ့။ ဥပဒေတွေကို ချဉ်းကပ်တယ်ဆိုတာက ဟိုတစ်နေ့ကတောင် သတင်းစာမှာ တွေ့လိုက်သေးတယ်။ အရက်သောက်တဲ့သူတွေကို အရက်ငွေ့ကို တိုင်းပြီးတော့မှ အရေးယူတယ် ဆိုတာပေါ့။ ဒါကစားသုံးသူကို လာပြီးတော့ ဒုက္ခပေးတာ ဖြစ်တာပေါ့။ ဒီအရက်တွေကို ထုတ်လုပ်တဲ့လူတွေ၊ အရက်တွေကို တရားမဝင် ရောင်းတဲ့လူတွေ ဒါတွေကို အရေးမယူဘဲနဲ့ စားသုံးသူကိုမှ နောက်ဆုံး ကွက်ကွက်လေး လာပြီးတော့ အရေးယူတယ်ဆိုတော့ ကျေနပ်မှု မရှိဘူးပေါ့။ ဥပဒေနဲ့ အရေးယူတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဥပဒေက ကွက်ပြီး အရေးယူရင်လည်း ကွက်ကြားမိုးဆိုတော့ မကောင်းဘူးပေါ့” ဟု ဒေါက်တာချစ်စိုးက ပြောသည်။
ယင်းရောဂါ ဖြစ်ရခြင်းသည် ဓာတုပစ္စည်းများဖြစ်သော ဆိုးဆေးများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခြင်းကြောင့်ဖြစ်ပြီး ဆိုးဆေးများ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသောအခါ ကလာပ်စည်းများကို သေဆုံးနှုန်း မြန်စေသည့်အပြင် ယင်းရောဂါများကို လေ့လာရန် မြန်မာနိုင်ငံ၌ ကိုယ်ခံအား ရောဂါဌာန မရှိသေးကြောင်း ဒေါက်တာချစ်စိုးက ဆက်လက်ပြောကြားသည်။
“ကိုယ်ခံအား ရောဂါဌာနဆိုလည်း သက်သက်ဖွင့်တာပေါ့။ မြန်မာပြည်မှာက မရှိသေးဘူး။ မြန်မာပြည်မှာကတော့ အရိုးအကြော အဆစ်ဌာနကတော့ သုံးနှစ်ရှိပြီပေါ့။ နိုင်ငံတကာကတော့အရိုးအကြော အဆစ်ဌာနကနေ တိုးချဲ့လိုက်တာက အရိုး၊ အကြော၊ အဆစ်နှင့် ကိုယ်ခံအား ရောဂါဌာန ဆိုပြီးတော့ တိုးချဲ့ဖွဲ့စည်းထားတာပေါ့။ အဲဒီလိုတိုးချဲ့ ဖွဲ့စည်းဖို့ဆိုတော့လည်း ဒီကိုယ်ခံအား ရောဂါတွေကို ရောဂါဖော်ထုတ်နိုင်မဲ့ နည်းစနစ်လည်း လိုလာတာပေါ့။ အဲဒီနည်းစနစ်တွေကတော့ ဓာတ်ခွဲခန်းတွေမှာ လူနာရဲ့သွေးကို ထုတ်လိုက်တာနဲ့ သူ့ထဲမှာ ကိုယ့်ကိုကိုယ် ပြန်တိုက်တဲ့ဓာတ်တွေ ရှိနေတာရှာပေးတဲ့ စနစ်တွေရှိတယ်” ဟု ဒေါက်တာချစ်စိုးက ဆိုသည်။
ခြောက်လအတွင်း တရားစွဲဆိုမှု ၆၀
၂၀၁၆ ဇန်နဝါရီမှ ဇွန်လအထိ ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များနှင့် ပတ်သက်၍ တရားစွဲဆိုခဲ့သည့် အမှုပေါင်းမှာ ၆၀ ကျော်ရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ သိရသည်။
အဆိုပါ စားသောက်ကုန်များထဲတွင် ဓာတုဆေးဝါးနှင့် ဆိုးဆေးပါဝင်သည်ကို တွေ့ရှိပါက စည်ပင်သာယာသို့ အကြောင်းကြားနိုင်ပြီး ပထမအဆင့် အနေဖြင့် ရောင်းကုန်ပစ္စည်း သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း၊ ဒုတိယအဆင့် အနေဖြင့် ရောင်းချခွင့် ပိတ်သိမ်းသည်အထိ အရေးယူခြင်းအပြင် တားမြစ်ချက်ကို ထပ်မံဖောက်ဖျက်ပါက တတိယအဆင့် အနေဖြင့် ဥပဒေအရ အနည်းဆုံး ငွေဒဏ်တစ်သိန်းကျပ်မှ အများဆုံး ကျပ်သိန်း ၅၀ အထိဖြစ်စေ၊ ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်အရေးယူမည် ဖြစ်ကြောင်း သိရသည်။
အစားအသောက် ကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် မြို့အပြင် ကျေးလက်များအထိ ကွင်းဆင်း၍ အသိပညာပေးခြင်းများနှင့် ဥပဒေရေးရာ ကိစ္စများကိုလည်း အရှိန်မြှင့် ဆောင်ရွက်နေပြီဖြစ်သည်။
အသံတိတ် လူသတ်တရားခံ
ယခုလောက်ဆိုလျှင် မိတ်ဆွေတို့ အနီးအနားတွင် နှစ်ပေါင်းများစွာ တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်နေသည့် အသံတိတ် လူသတ်သမားကို သိလောက်ပြီ ထင်ပါသည်။
မည်သည့် အချိန်ကစပြီး လုပ်ကြံသတ်ဖြတ်နေသည်ကိုမူ ကာယကံရှင်များမှလွဲ၍ မည်သူမျှ မသိရှိနိုင်ပါ။ အာဟာရဖြစ်စေဖို့ ကျွန်ုပ်တို့ နေ့စဉ်စားသောက်နေကြရသည့် အစားအစာများ ဆိုသည်ကား အဆိပ်လား၊ အစာလား မခွဲခြားနိုင်တော့ပြီ။
မြန်မာနိုင်ငံကဲ့သို့ အခြေခံလူတန်းစား ပေါများလှသည့် နိုင်ငံတွင် မိမိငွေဖြင့် ဝယ်စားရသည့် အစားအသောက်များကပင် စိတ်မချရသည့် အနေအထားတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ဝိသမလောဘသားတို့၏ လောဘကြောင့် ကျွန်ုပ်တို့သည် အဆိပ်များကို အစားအမှတ်ဖြင့် နေ့စဉ် စားသုံးနေကြရသည်။
လက်ရှိ အစိုးရသစ်လက်ထက်တွင် တိုင်းနှင့်ပြည်နယ်များ၌ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံရေးစင်တာများ ဖွင့်လှစ်တော့မည်ဖြစ်သည်။
အဆိုပါ စားသုံးမှု သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံရေးစင်တာ (CICC) များတွင် စားသုံးသူများအတွက် သတင်းအချက်အလက်များ ပေးခြင်း၊ တိုင်ကြားနိုင်ခြင်းနှင့် စားသုံးသူနှင့် ထုတ်လုပ်သူ အကြား စေ့စပ် ညှိနှိုင်းပေးခြင်းတို့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ယင်းစင်တာများကို ပထမအဆင့် အနေဖြင့် လူဦးရေထူထပ်ပြီး သွားလာမှု များပြားသော တိုင်းနှင့် ပြည်နယ် ငါးခုနှင့် ယင်းတို့ထဲရှိ ခရိုင်များတွင်လည်းကောင်း၊ ဒုတိယအဆင့် အနေဖြင့် အရေးကြီးသော တိုင်းနှင့်ပြည်နယ်များတွင် လည်းကောင်း၊ တတိယအဆင့် အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ ခရိုင်အားလုံးတွင် လည်းကောင်း ဖွင့်လှစ်မည်ဖြစ်ပြီး လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင် ၅၅ ခုတွင် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များ ဖွဲ့စည်းပြီး တိုင်ကြားမှုများ လက်ခံဆောင်ရွက်ပေးလျက် ရှိသည်။
သို့ဆိုလျှင်အနာဂတ်၌ ကျွန်ုပ်တို့အနေဖြင့် အစားအသောက်များကို စိတ်ရှင်းစွာ စားသောက်နိုင်တော့မည်လော။ လက်ရှိအချိန်တွင် ကျွန်ုပ်တို့ မိတ်ဆွေတို့ ပတ်ဝန်းကျင်၌ မမြင်ရသော အသံတိတ် လူသတ်သမားများ၏ အန္တရာယ်များက ဝန်းရံနေပါသည်။
“ဒီအစားအသောက် ပြဿနာ က မြန်မာနိုင်ငံမှာ အတော်လေးကို ကြီးမားပါတယ်။ ဗဟုသုတလည်းနည်းတော့ ပိုဆိုးတာပေါ့။ နောက်ပြီး သိတဲ့သူတွေ အနေနဲ့ကလည်း ဒါတွေကို သိလျက်သားနဲ့ စားသုံးနေရတာတွေကလည်း အများကြီးပဲ။ အခုဆိုရင် အတုလိုက်ထုတ်တာတွေက အတော်လေးကို များလာတော့ ပိုဆိုးတာပေါ့။ နယ်စပ်ကနေ အကောက်ခွန်မရှိ တရုတ်မုန့်တွေက အတားအဆီးမရှိ ဝင်တယ်။ ကလေးတွေကလည်း စားကြတယ်။ ရောင်းတဲ့သူတွေကလည်း ရောင်းရပြီးရော ရောင်းတယ်။ ဈေးက ပေါပေါလောလော စားရတော့ စားကြတယ်။ ဒါတွေအတော်လေး ဆိုးပါတယ်။ ဒါကြောင့် အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ ကင်ဆာရောဂါသည်တွေ၊ သွေးတိုး၊ ဆီးချိုတခြား ရောဂါဆန်းတွေ တော်တော်လေး အဖြစ်များလာကြတယ်။ အော်ဂင်းနစ် အစားအစာ ဆိုတာကလည်း ဈေးကြီးတော့ တော်ရုံသူတွေကလည်း မစားနိုင်ဘူးလေ။ ဒီတော့ အစားအစာတွေကို ထိန်းချုပ်နိုင်ဖို့ တကယ်ကို လိုအပ်နေတာတော့ အမှန်ပဲ” ဟု အထွေထွေ သမားတော် ဒေါက်တာ လင်းနိုင်က ဆိုပါသည်။