ATM စက်မှ ငွေစက္ကူများ ခိုးထုတ်ခဲ့သည့် ဘူဂေးရီးယားနိုင်ငံသားအား ပုဒ်မလေးခုဖြင့် စုစုပေါင်းထောင်ဒဏ် ငါးနှစ်ခြောက်လ ကျခံစေရန် အမိန့်ချ

ATM စက်မှ ငွေစက္ကူများ ခိုးထုတ်ခဲ့သည့် ဘူဂေးရီးယားနိုင်ငံသားအား ပုဒ်မလေးခုဖြင့် စုစုပေါင်းထောင်ဒဏ် ငါးနှစ်ခြောက်လ ကျခံစေရန် အမိန့်ချ
Published 19 December 2016
ဝေလင်းအောင်

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် အတွင်းရှိ ATM ငွေထုတ်စက်များရှိ ငွေများအား ကတ်အတုဖြင့် ခိုးထုတ်မှုကြောင့် တရားစွဲခံထားရသည့် ဘူဂေးရီးယားနိုင်ငံသားကို ဒီဇင်ဘာ ၁၉ ရက်တွင် ကမာရွတ်မြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည်။
ယင်းနေ့တွင် တရားစွဲခံထားရသူ ဘူဂေးရီးယားနိုင်ငံသား Mr.MILENATANASOV (TASEV) အား ပုဒ်မ ၃၈၀ ဖြင့် ထောင်ဒဏ် သုံးနှစ်၊ ပုဒ်မ ၄၆၅ ဖြင့် ထောင်ဒဏ်တစ်နှစ်၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁ (၁) ဖြင့် ထောင်ဒဏ်ခြောက်လ၊ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄ (က) ဖြင့် ငွေဒဏ်ကျပ်သိန်း ၅၀ သို့မဟုတ် ထောင်ဒဏ်တစ်နှစ် စုစုပေါင်း ထောင်ဒဏ် ငါးနှစ်ခြောက်လအား ကျခံရမည်ဖြစ်ကြောင်း ကမာရွတ်မြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။
ထို့ပြင် အမှုနှင့်ပတ်သက်၍ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့သော မြန်မာငွေကျပ်  ၄၉,၃၄၂ç၀၀၀ အနက် ကမ္ဘောဇဘဏ်သို့ ကျပ် ၃၅,၉၀၀,၀၀၀ ပြန်လည်ပေးဆောင်ရန်နှင့် ကျန်ရှိငွေကျပ် ၁၃,၄၄၂,၀၀၀ အား နိုင်ငံတော်ဘဏ္ဍငွေအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ခဲ့သည်။
အမိန့်ချခံရသူ ဘူဂေးရီးယားနိုင်ငံသား Mr.MILENATANASOV (TASEV) ၏ ယာဉ်မောင်းလိုင်စင်နှင့် အင်္ဂလန်ငွေများအား ပြန်လည်ယူဆောင်ခွင့်ပြုကြောင်းနှင့် သက်သေခံ ငွေထုတ်ကတ်များအား ဖျက်ဆီးရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
“ချုပ်ရက်တစ်နှစ်ကျော်ကို ခံစားခွင့်ပေးပါတယ်။ အမိန့်ချတဲ့ထဲမှာပါဝင်တဲ့ အီလက်ထရွန်နစ်ပုဒ်မနဲ့က ငွေဒဏ်ကိုပေးဆောင်ဖို့ ချတာပါ။ မပေးဆောင်ခဲ့ရင်တော့ ထောင်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။ အမိန့်ချပြီးနောက်တော့ ငွေဒဏ်ဆောင်မယ်လို့တော့ မပြောသေးပါဘူး။ အထက်တရားရုံးကိုလည်း အယူခံဝင်နိုင်ပါတယ်” ဟု ကမာရွတ်မြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် ကမာရွတ်မြို့နယ် လှည်းတန်းစင်တာရှိ ကမ္ဘောဇဘဏ် ATM ငွေထုတ်စက်နှင့် လှည်းတန်းစိန်ဂေဟာရှေ့ရှိ ကမ္ဘောဇဘဏ် ATM စက်တို့တွင် ပြစ်ဒဏ်ချမှတ်ခံရသူက VISA ကတ်အတု၊ MASTRO ကတ်အတုနှင့် MASTER ကတ်အတုတို့ဖြင့် ကျပ် ၁၈ သိန်းအား ထုတ်ယူသွားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
၎င်းကို ကျောက်တံတားမြို့နယ်ရှိ ဟိုတယ်တစ်ခု၌ ငွေကျပ် ၄၉၂ သိန်းကျော်၊ ENGLAND POUNDS ၂၀ တန် ၁၅ ရွက် နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent