မှတ်ပုံတင်နှင့် အိမ်ထောင်စု စာရင်းအတုများဖြင့် တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားသူ ၂၀ ဦးခန့်ကို အမှုဖွင့်ထား

မှတ်ပုံတင်နှင့် အိမ်ထောင်စု စာရင်းအတုများဖြင့် တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားသူ ၂၀ ဦးခန့်ကို အမှုဖွင့်ထား
Published 17 December 2016
ကျော်မျိုး

မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း အတုများဖြင့် တစ်ဦးချင်းမော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားသူ ၂၀ ဦးခန့်ကို ရဲစခန်းတွင် အမှုဖွင့်ထားပြီဖြစ်ပြီး ထပ်မံအမှုဖွင့် အရေးယူရန်အတွက်လည်း သက်ဆိုင်ရာဌာနများနှင့် စုံစမ်း ဖော်ထုတ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပြောကြားသည်။
“ယခင်မှတ်ပုံတင် အတုနဲ့ သန်းခေါင်စာရင်း အတုနဲ့ လျှောက်ထားတဲ့သူတွေကို အမှုဖွင့်ထားပါတယ်။ ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပြီး ရဲမှူးက ဆက်လက် စစ်ဆေးနေပါတယ်။ အမှုဖွင့်ထားတာ ၂၀ လောက် ရှိပါတယ်။ နောက်ထပ်လည်း ထပ်ဖွင့်ဖို့ ရှိပါသေးတယ်” ဟု ဦးကျော်စိုးဝင်းက ပြောကြားသည်။
မှတ်ပုံတင်အတု တွေ့ရှိရသော်လည်း ကိုင်ဆောင်သူကို စုံစမ်းမရသည့် အနေအထား အချို့အတွက်လည်း လျှောက်ထားခဲ့သည့် အေးဂျင့်များမှတစ်ဆင့် ဆက်လက်စုံစမ်း အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာလပိုင်းအတွင်း ထုတ်ပေးခဲ့သည့် မော်တော်ကား ပါမစ်များအားလည်း ဆိပ်ကမ်းနေရာတွင် ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
“အခုရက်ပိုင်းမှာ ထုတ်ပေးခဲ့တဲ့ မော်တော်ကား ပါမစ်တွေ ရှိပါတယ်။ ဆက်လက်ပြီး ဆိပ်ကမ်းနေရာမှာ စစ်ဆေးဖို့အတွက် သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားပြီး စစ်ဆေးသွားပါမယ်။ မှတ်ပုံတင်အတုကို စစ်ဆေးဖို့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပြောကြားသည်။
ထို့ပြင် စီးပွားကူးသန်းဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းရှင်အချို့မှ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းကို အခကြေးငွေပေးကာ အငှားလျှောက်ထား ဆောင်ရွက်စေခြင်းများ ပြုလုပ်လာခြင်းများ ရှိသည့်အတွက် ဆက်လက် စုံစမ်း အရေးယူမည်ဖြစ်ကြောင်း သိရသည်။
“တချို့ကုမ္ပဏီတွေသည် မော်တော်ကား ရောင်းချခွင့်၊ တရားဝင် အရောင်းပြခန်းဖွင့် ရောင်းဖို့ခွင့်ပြုချက် မရှိပါဘူး။ အဲဒီလို ဘေးပေါက်ကုမ္ပဏီတွေက မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းတွေ လိုက်ဝယ်ပြီး နည်းမျိုးစုံနဲ့ ကားတင်သွင်းဖို့ ကြိုးစားနေတာတွေ အများကြီး ရှိပါတယ်။ ဒီလိုလုပ်တဲ့ လူတွေကြောင့် ကားဈေးကွက်လည်း ကမောက်ကမဖြစ်ပါတယ်။ တကယ်တမ်း အရောင်းစင်တာဖွင့်ပြီး ရောင်းနေသူတွေ ရှိပါတယ်။ နိုင်ငံတော်ကို အခွန်အခတွေပေး၊ နှစ်ကုန်ရင်လည်း အခွန်တွေလည်း ဆောင်ပါတယ်။ ဘေးပေါက်လုပ်သူတွေက အခွန်တွေ နည်းမျိုးစုံနဲ့ ရှောင်တယ်။ အဲဒီနှစ်ခုရဲ့ ဈေးကွက်ယှဉ်နိုင်မှုက အရမ်းခက်ခဲပါတယ်။ အဲဒီအတွက် အရောင်းပြခန်းတွေရဲ့ ရပ်တည်မှုကလည်း ခက်ခဲလာနိုင်တဲ့ အနေအထား ရှိပါတယ်။ အရောင်းပြခန်းတွေရဲ့ ရပ်တည်မှုကိုလည်း ခိုင်မာစေချင်ပါတယ်” ဟု ဦးကျော်စိုးဝင်းက ပြောကြားသည်။
တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့်ကို ကုမ္ပဏီနှင့် ကိုယ်စားလှယ်များမှ တစ်ဆင့် လျှောက်ထားခြင်းကို ခွင့်မပြုတော့ဘဲ ကိုယ်တိုင်လာရောက် လျှောက်ထားရန် စီးပွားကူးသန်း ဝန်ကြီးဌာနမှ ဒီဇင်ဘာ ၁၃ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။
ထိုသို့ ကြေညာပြီးနောက် လာရောက် လျှောက်ထားသူများအား မှတ်ပုံတင်အတု၊ အိမ်ထောင်စုစာရင်း အတုများကို စိစစ်ခြင်းအပြင် ကုမ္ပဏီအချို့က အခကြေးငွေပေးကာ မှတ်ပုံတင်နှင့် လူငှားရမ်းပြီး အစား လျှောက်ထားစေခြင်းများကို စိစစ်နေရခြင်းအတွက် လျှောက်ထားရာတွင် ပိုမိုကြန့်ကြာမှုများ ရှိနေကြောင်း သိရသည်။
စီးပွားကူးသန်းဝန်ကြီးဌာနမှ မော်တော်ယာဉ် တင်သွင်းခွင့်နှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂၃ ရက် နောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် မူဝါဒ အသစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent