မြန်မာနိုင်ငံတွင် ပထမဦးဆုံး အမျိုးအစားစုံ ဘူမိဗေဒ ကျောက်ဥယျာဉ်အဖြစ် မန္တလေးတက္ကသိုလ်တွင် ဘူမိကျောက်ဥယျာဉ် ဖွင့်ပွဲအား ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
ဘူမိဗေဒ ကျောက်ဥယျာဉ်ကို မန္တလေးတက္ကသိုလ် ပင်မဆောင်အနီးရှိ ဘူမိဗေဒဌာန ဧရိယာအတွင်း၌ တည်ဆောက်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အတွင်းရှိ ဒေသအစုံမှ ဘူမိဗေဒကျောက် အမျိုးအစားအစုံအား ထားရှိပြသထားပြီး အဓိကအားဖြင့် ကျောက်ကြီး သုံးမျိုးဖြစ်သော မီးသင့်ကျောက်၊ အနည်ကျကျောက်၊ အသွင်ပြောင်း ကျောက်များကို တစ်မျိုးချင်းစီ ဇုန်အလိုက် သက်တမ်းအစဉ်တိုင်း ထားရှိပြသထားကြောင်း သိရသည်။
“ဘူမိဗေဒ ကျောက်ဥယျာဉ်ကြီးကို ဒီနေ့မှာ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ဘူမိဗေဒသမိုင်း တစ်ခေတ်ဆန်းသစ်ပြီး မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ ပွဲတစ်ပွဲလည်းဖြစ်တယ်။ ကျောက်ဥယျာဉ်ဆိုတဲ့ နာမည်ကတော့ နည်းနည်းဆန်းသစ် နေပါမယ်။ အမှန်ကတော့ ကျောက်မျိုးစုံနဲ့ လှပအောင် သစ်ပင်တွေ၊ ပန်းပင်တွေ၊ မြက်ခင်းတွေ စတဲ့ အလှအပတန်ဆာ ဆင်ထားတာကြောင့် ဘူမိဗေဒ ကျောက်ဥယျာဉ်လို့ သတ်မှတ်တာပါ။ ဒီကျောက်ဥယျာဉ် တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ဘူမိဗေဒ ဘာသာရပ်ကို သင်ကြားရေးဆိုင်ရာ အထောက်အကူပြုစေဖို့နဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ကွင်းဆင်းလေ့လာစရာ နေရာတစ်ခုအဖြစ် ဖန်တီးပေးထားခြင်းဖြစ်တယ်။ နောက်တစ်ခုက မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ကျောက်အမျိုးအစားတွေ အားလုံးကို တစ်နေရာတည်းမှာ စုစုစည်းစည်းနဲ့ တင်ပြထားခြင်းအားဖြင့် တိုတောင်းတဲ့ အချိန်အတွင်း ကျောက်မျိုးစုံကို တွေ့မြင်လေ့လာနိုင်မှာလည်း ဖြစ်တယ်။ မန္တလေးတက္ကသိုလ်နဲ့ ဘူမိဗေဒဌာနဂုဏ်ကို တစ်နည်းအားဖြင့် မြှင့်တင်စေဖို့အတွက် ဒီဥယျာဉ်ကို တည်ဆောက်တယ်လို့လည်း ပြောလို့ရပါတယ်” ဟု ကျောက်ဥယျာဉ် ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဘူမိဗေဒဌာန (အငြိမ်းစား) ဒေါက်တာ ကိုကိုကြီးက ပြောကြားသည်။
ဘူမိဗေဒ ကျောက်ဥယျာဉ်အား ၂၀၁၆ ခုနှစ် ဇွန်လတွင် စတင်အကောင်အထည်ဖော် ရေးဆွဲတည်ဆောက် ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းများအား ဇွန်လတတိယပတ်အတွင်း ဒေသအသီးသီးမှ ကျောက်တုံးများ သယ်ဆောင်ကာ စီစဉ်နေရာချထား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဥယျာဉ်အကျယ်အဝန်းမှာ အလျားပေ ၄၅၀ ခန့်၊ အနံ ပေ ၆၀ ကျော်ရှိပြီး ဧရိယာစတုရန်းပေပေါင်း ၁၅၈၈၀ ပေရှိကာ နောင်တွင်လည်း ရန်ပုံငွေပေါ်မူတည်၍ တိုးချဲ့ဆောက်လုပ် သွားမည်ဖြစ်ကြောင်း၊ ဥယျာဉ်အတွင်း မြန်မာနိုင်ငံ ဒေသအသီးသီးမှ ကျောက်အမျိုးအစား အစုံအလင်ပါဝင်ကာ ဘူမိသက်တမ်းအားဖြင့် လွန်ခဲ့သော နှစ်သန်းပေါင်း ၅၅၀ အချိန်က ရှိခဲ့သော သဲကျောက်တုံးများမှသည် အသက်အငယ်ဆုံးဖြစ်သော နှစ်လေးသိန်းကျော်လောက်က မီးတောင်ကျောက်တွေအထိ ရှာဖွေစုစောင်းထားပြီး ကျောက်တုံး အရေအတွက် စုစုပေါင်း ၁၅၀ ကျော် တန်ချိန် စုစုပေါင်း ၇၀ ကျော် ခင်းကျင်းပြသထားသည်။ ထို့အတူ ကျောက်ဥယျာဉ် အနီးဝန်းကျင်တွင် အပင်ကျောက်ဖြစ် ရုပ်ကြွင်းများကိုလည်း ဇုန်တစ်ခုအဖြစ် ထည့်သွင်းခင်းကျင်း ပြသထားကြောင်း သိရသည်။
ဘူမိကျောက်ဥယျာဉ်ကြီး ဖြစ်မြောက်ရန်အတွက် မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနမှ အငြိမ်းစားဆရာကြီးများ ဦးဆောင်၍ ဘူမိဗေဒမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် ပြင်ပစေတနာရှင်များမှ ဝိုင်းဝန်းစုပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံး အမျိုးအစားစုံ ဘူမိဗေဒကျောက်ဥယျာဉ် မန္တလေး တက္ကသိုလ်တွင် ဖွင့်လှစ်
Most Read
Most Recent
17 hours ago









