Eleven Media Group ၏ မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ KTV ဆိုင်ပိုင်ရှင်တစ်ဦးနှင့် ဝန်ထမ်းသုံးဦးတို့အား ဆက်လက်စစ်ဆေးနေ

Eleven Media Group ၏ မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ KTV ဆိုင်ပိုင်ရှင်တစ်ဦးနှင့် ဝန်ထမ်းသုံးဦးတို့အား ဆက်လက်စစ်ဆေးနေ
Published 16 December 2016
ဌေးလှအောင်

Eleven Media Group ၏ မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်းအား ရက်ရက်စက်စက်ဖြင့် စနစ်တကျ ကြိုတင်ကြံစည်ကာ လုပ်ကြံသတ်ဖြတ်ခဲ့သည့်အပေါ် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်လျက်ရှိပြီး အမှုမှန်ပေါ်ပေါက်စေရန်အတွက် KTV ဆိုင်ပိုင်ရှင်တစ်ဦးနှင့် ဆိုင်ဝန်ထမ်းသုံးဦး တို့အား ခေါ်ယူစစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်နေကြောင်း အမှုအားစစ်ဆေးနေသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည့် မုံရွာမြို့မရဲစခန်းမှ ဒုရဲမှူးသိန်းဆွေမြင့်က ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
Eleven Media Group ၏ မုံရွာမြို့အခြေစိုက် သတင်းထောက်ကို စိုးမိုးထွန်းကို ဒီဇင်ဘာ ၁၃ ရက်နံနက် ၀၀ း ၂၀ အချိန်တွင် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ပြည်ထောင်စု လမ်းဘေးတွင် ဦးခေါင်းထိပ်ကွဲပြဲ ဒဏ်ရာနှစ်ချက်၊ ဝဲမျက်ခုံးကွဲပြဲ ဒဏ်ရာတစ်ချက်၊ မျက်နှာဖူးရောင် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် မှောက်လျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ထိုဖြစ်စဉ်ကို အမှုကြီး (လူသတ်မှု) အမှတ်စဉ် ၁၀/၂၀၁၆ (ပ) ၁၅၆၄/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိသည်။
Eleven Media Group ၏ မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားကြောင်းသိရပြီး အဆိုပါ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့တွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ CID၊ ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပါဝင်ဖွဲ့စည်းကာ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားခံဖမ်းဆီးရမိရေးများအတွက် ဆောက်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိအချိန်တွင် အမှုနှင့်ပတ်သက်၍ မြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မုံရွာမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
“Eleven Media Group က မုံရွာမြို့သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ဆက်လက်စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒီကနေ့မှာတော့ KTV ဆိုင်ရှင်တစ်ဦးနဲ့ ဆိုင်ကဝန်ထမ်းသုံးဦးကို စစ်ဆေးနေပါတယ်။ အမှုမှန်ပေါ်ပေါက်စေဖို့အတွက် အမှုနဲ့ပတ်သက်ပြီး ကွင်းဆက်တွေ ဖော်ထုတ်နိုင်ဖို့အတွက် ခေါ်ယူမေးမြန်းတာတွေ၊ စစ်ဆေးတာတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ CID ကလည်း သတင်းထောက် ကိုစိုးမိုးထွန်းရဲ့ ဖုန်း Missed တွေနဲ့ပတ်သက်ပြီး ဖော်ထုတ် စစ်ဆေးလျက်ရှိပါတယ်။ CID ကအမှုစစ်အဖွဲ့ကလည်း အဖွဲ့ခွဲပြီးတော့ စစ်ဆေးနေတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ အမှုမှန်ပေါ်ပေါက်စေရေးအတွက် အစွမ်းကုန် လုပ်ဆောင်သွားမှာပါ။ သက်ဆိုင်သူ အားလုံးကလည်း ရဲတပ်ဖွဲ့ကို ပူးပေါင်းကူညီဖို့လိုပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားခံဖမ်းဆီးရမိရေးအတွက် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်နေပါတယ်” ဟု မုံရွာမြို့မရဲစခန်းမှ ဒုရဲမှူးသိန်းဆွေမြင့်က ပြောကြားသည်။
Eleven Media Group ၏ သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ အပိုင်းလိုက် လုပ်ငန်းဆောင်ရွက်မှုများ နေ့စဉ် ဆောင်ရွက်လျက်ရှိပြီး အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားသည်။ အဆိုပါ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့တွင် စုံစမ်းရေးအဖွဲ့၊ စစ်ကြောရေးအဖွဲ့ အစရှိသည့် အဖွဲ့များဖြင့် ဖွဲ့စည်း လုပ်ဆောင်လျက်ရှိကြောင်း၊ အဆိုပါအဖွဲ့များတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ CID၊ ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့များ ပါဝင်ကြောင်း သိရသည်။ Eleven Media Group ၏ မုံရွာသတင်းထောက် ကိုစိုးမိုးထွန်းမှာ မုံရွာမြို့ပေါ်တွင် ဖြစ်ပျက်နေသည့် သတင်းများ၊ နယ်မြေသတင်းများ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသတင်းများ အစရှိသည့် နယ်မြေအတွင်း ဖြစ်ပျက်လျက်ရှိသည့် သတင်းများအား အမှန်အတိုင်း ဖော်ထုတ်ရေးသားလျက်ရှိသည့် သတင်းထောက်တစ်ဦးဖြစ်ပြီး မည်သူနှင့်မျှ ရန်ငြိုးရန်စ မရှိကြောင်းလည်း စုံစမ်းသိရသည်။
မုံရွာမြို့ခံသတင်းထောက် ကိုစိုးမိုးထွန်းမှာ မကြာသေးမီက မုံရွာမြို့ပေါ်တွင် KTV များပိုမိုများပြားလာခြင်းနှင့် ပတ်သက်၍ စုံစမ်းမှုများပြုလုပ်ခဲ့ပြီး တရားမဝင် KTV များအား ထပ်မံဖွင့်လှစ်ခြင်း မပြုနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ စာတင်ပြထားဖူးကြောင်း ဒေသခံသတင်းထောက်များထံမှ သိရသည်။ လက်ရှိသတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရခြင်းမှာလည်း အဆိုပါ KTV ဖြစ်စဉ်နှင့် ပတ်သက် ဆက်နွှယ်မှုရှိနိုင်ကြောင်း ဒေသခံသတင်းထောက်များ၊ ၎င်းနှင့် ရင်းနှီးသူများက သုံးသပ်ပြောကြားသည်။   

Most Read

Most Recent