၂၀၂၅ ခုနှစ်တွင် မိခင်မှ ကလေးသို့ HIV ပိုးကူးစက်မှု လုံးဝကင်းစင်အောင် ဆောင်ရွက်မည်ဖြစ်ပြီး ကာကွယ်ခြင်း လုပ်ငန်းများကို တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရန် ဆက်လက် တိုးချဲ့မည်

၂၀၂၅ ခုနှစ်တွင် မိခင်မှ ကလေးသို့ HIV ပိုးကူးစက်မှု လုံးဝကင်းစင်အောင် ဆောင်ရွက်မည်ဖြစ်ပြီး ကာကွယ်ခြင်း လုပ်ငန်းများကို တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရန် ဆက်လက် တိုးချဲ့မည်
နယ်စည်းမခြား ဆရာဝန်အဖွဲ့ (သာကေတဆေးခန်း) ရှိ ကျန်းမာရေးဝန်ထမ်းက လူနာတစ်ဦးအား နှစ်သိမ့်ဆွေးနွေး ပညာပေးနေစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
နယ်စည်းမခြား ဆရာဝန်အဖွဲ့ (သာကေတဆေးခန်း) ရှိ ကျန်းမာရေးဝန်ထမ်းက လူနာတစ်ဦးအား နှစ်သိမ့်ဆွေးနွေး ပညာပေးနေစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
Published 3 December 2016
ကျော်မျိုး

၂၀၂၅ ခုနှစ်တွင် မိခင်မှ ကလေးသို့ HIV ပိုးကူးစက်မှု လုံးဝကင်းစင်အောင် ဆောင်ရွက်မည်ဖြစ်ပြီး ကူးစက်မှုမှ ကာကွယ်ခြင်း လုပ်ငန်းများကို တစ်နိုင်ငံလုံး လွှမ်းခြုံ နိုင်ရန် ဆက်လက် တိုးချဲ့သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
“မိခင်မှကလေးသို့ HIV ပိုးကူးစက်မှုမှ ကာကွယ်ခြင်းလုပ်ငန်း (PMTCT) ကို ၂၀၀၀ ပြည့်နှစ်မှာ မြန်မာထိုင်းနယ်စပ် ဒေသရှိ တာချီလိတ်နဲ့ ကော့သောင်း နှစ်မြို့နယ်မှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ တော်တော်အောင်မြင်ပါတယ်။ မြို့နယ်အခြေပြု လုပ်ငန်းကို ၃၁၄ မြို့နယ်အထိ တိုးချဲ့နိုင်ခဲ့ပြီး ဆေးရုံအခြေပြုကို HIV ဖြစ်ပွားမှု နှုန်းမြင့်မားတဲ့ ကော့သောင်း၊ တာချီလိတ်၊ နမ့်ခမ်းစတဲ့ ဒေသတွေမှာ စတင်ခဲ့တယ်။ နယ်စပ်ဒေသ ခုတင် ၁၀၀၀ ဆေးရုံ ငါးရုံနဲ့ တိုင်းဒေသကြီး ပြည်နယ် အသီးသီးမှာရှိတဲ့ ခုတင် ၂၀၀ နဲ့အထက် ဆေးရုံ ၃၃ ရုံတို့မှာ ဆောင်ရွက်လျက် ရှိပါတယ်။ လာမယ့် ၂၀၁၇ ခုနှစ်မှာတော့ တစ်နိုင်ငံလုံး လွှမ်းခြုံမှုရအောင် ကျန်ရှိသော မြို့နယ်များမှာလည်း တိုးချဲ့ဖို့ စီစဉ် ဆောင်ရွက်ထားပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
မိခင်မှ ကလေးသို့ HIV ကူးစက်မှုနှုန်းမှာလည်း ၂၀၁၁ ခုနှစ်တွင် ၀ ဒသမ ၈၄ ရာခိုင်နှုန်းမှ ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် ၀ ဒသမ ၄၇ ရာခိုင်နှုန်းသို့ ကျဆင်းလာကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့  ၂၀၂၅ ခုနှစ်မှာ မိခင်မှကလေးသို့ HIV ကူးစက်မှု လုံးဝကင်းစင် ပျောက်ကင်းသည်အထိ လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကလည်း ဒါကိုမှန်းထားပါတယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၀ ပြည့်နှစ်က ကိုယ်ဝန်ဆောင် ၃၂၀၀၀၀ ကျော်ကိုသာ သွေးစစ်ဆေးပေးနိုင်ခဲ့သည့် အခြေအနေမှ ၂၀၁၆ ခုနှစ် အောက်တိုဘာလကုန်အထိ ကိုယ်ဝန်ဆောင် ခုနစ်သိန်းကျော်အထိ သွေးစစ်ဆေးမှု ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
HIV ပိုး ရှိ၊ မရှိ သွေးစစ်ခြင်းကို ၂၀၁၅ ခုနှစ်တွင် လူဦးရေ ၂၆၀၀၀၀ ကျော်၊ ၂၀၁၆ ခုနှစ် ပထမနှစ်ဝက် ဇွန်လကုန်အထိ လူဦးရေ ၁၆၀၀၀၀ ကျော်ကို စစ်ဆေးပေးနိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး အောက်ခြေအထိ တိုးချဲ့စစ်ဆေးသွားရန်လည်း ရှိကြောင်းနှင့် ယခုနှစ်တွင် HIV ပိုးရှိသူ ၂၂၅၀၀၀ ကျော် အနက် တစ်သက်တာ သောက်ရမည့် အေအာရ်တီဆေးဖြင့် ကုသပေးမှုများမှာ အောက်တိုဘာလကုန်အထိ စာရင်းများအရ လူနာ ၁၂၀၀၀၀ ကျော်ကို ကုသပေးနိုင်ခဲ့ကြောင်း၊ အစိုးရ ကျန်းမာရေးဌာနတွင် ကုသမှုခံယူသူ ၇၀၀၀၀ ခန့်ကို ကုသပေးလျက်ရှိပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၏ ဆေးခန်းများတွင် ကုသမှုခံယူနေသူများကိုလည်း လွှဲပြောင်းလက်ခံ ကုသပေးနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ AIDS Epidemic Model (AEM) ဖြင့် ခန့်မှန်းတွက်ချက်မှုအရ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း HIV ဖြစ်ပွားမှုနှုန်း ၀ ဒသမ ၆၀ ရာခိုင်နှုန်းနဲ့ HIV ပိုး ရှိသူဦးရေ ၂၂၅၀၀၀ ခန့်ရှိပြီး အာရှ-ပစိဖိတ်ဒေသနိုင်ငံများအတွင်း HIV ဖြစ်ပွားမှုနှုန်း ဆဋ္ဌမအမြင့်ဆုံးနိုင်ငံအဖြစ် ဆက်လက် တည်ရှိနေကြောင်း သိရသည်။

Most Read

Most Recent