ကလေးသူငယ်အား မုဒိမ်းမှုကျူးလွန်သူကို ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တစ်သက်အထိအပြင် ငွေဒဏ်ပါချမှတ်နိုင်သည်ဟု ဥပဒေပြင်ဆင်ထားပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးကလည်း အမြင့်ဆုံးပြစ်ဒဏ်ချမှတ်နိုင်ရေး စီစဉ်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ကလေးသူငယ်အား မုဒိမ်းမှုကျူးလွန်သူကို ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တစ်သက်အထိအပြင် ငွေဒဏ်ပါချမှတ်နိုင်သည်ဟု ဥပဒေပြင်ဆင်ထားပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးကလည်း အမြင့်ဆုံးပြစ်ဒဏ်ချမှတ်နိုင်ရေး စီစဉ်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 28 November 2016
စိုးမင်းထိုက်

ကလေးသူငယ်အား မုဒိမ်းမှုကျူးလွန်သူကို ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်ပါချမှတ်နိုင်သည်ဟု ဥပဒေပြင်ဆင်ထားပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးကလည်း အမြင့်ဆုံးပြစ်ဒဏ် ချမှတ်နိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
နိုဝင်ဘာ ၂၈ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် စစ်ကိုင်းတိုင်း မဲဆန္ဒနယ် အမှတ် (၃) မှ ဦးဝင်းအောင်က လမ်းဘေးလေလွင့် ကလေးသူငယ်များ ဘဝလုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ပညာသင်ကြားရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် မှတ်ပုံတင်ရရှိရေးတို့အတွက် အစီအမံများ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းချက်ကို ဖြေကြားစဉ် ဝန်ကြီးက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာဝင်းမြတ်အေးက “သက်ငယ် မုဒိမ်းမှုနဲ့ပတ်သက်ပြီး ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေမှာ ပြစ်မှုနဲ့ပြစ်ဒဏ်ကို သီးခြားဖော်ပြထားခြင်း မရှိပါဘူး။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရသာ ပြစ်ဒဏ်ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။ အခုပြင်ဆင်လျက်ရှိတဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ  ဥပဒေအခန်း (၂၈)၊ ပုဒ်မ ၁၃၈ မှာ မည်သူမဆို ကလေးသူငယ်အား မုဒိမ်းမှုကျူးလွန်သူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြင်ဆင်ထားပါတယ်။ အဲဒီပြင်ဆင်ချက်အပေါ် သဘောထားအကြံပြုနိုင်ဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့ခဲ့ရာမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အကြံပြုချက်ပေးပို့ရာမှာတော့ ကလေးသူငယ်မုဒိမ်းမှု ပြစ်ဒဏ်အား ယခုထက် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်နိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
ကလေးသူငယ်များနှင့် ပတ်သက်ပြီး ကျူးလွန်ခံရသည့် အမှုများတွင် အမှုကြီး ၁၀ မျိုးအနက် မုဒိမ်းမှုသည် အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ လူသတ်မှုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ကလေးသူငယ် များအပေါ်တွင် အများဆုံးကျူးလွန်ခံရသည့် သက်ငယ်မုဒိမ်းမှုများ လျော့နည်းကျဆင်းရေးအတွက် စီမံချက်များ ရေးဆွဲဆောင်ရွက်ခြင်း၊ ကျူးလွန်သူများအား ထိရောက်ဟန့်တား လောက်သော ပြစ်ဒဏ်ရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ကလေးသူငယ်များ ကျူးလွန်ခံရသည့် မှုခင်းများ လျော့နည်းကျဆင်းပပျောက်ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ပြောကြားသည်။
လွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီး ဖြေကြားပြီး ပြန်လည်ထွက်ခွာချိန်တွင် သတင်းထောက်တစ်ဦးက ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်ဖြစ်သည့် အမြင့်ဆုံးပြစ် ဒဏ်နှင့်ပတ်သက်ပြီး မေးမြန်းခဲ့သည်။
ယင်းကဲ့သို့မေးမြန်းမှုအား ဒေါက်တာ ဝင်းမြတ်အေးက “သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပြစ်မှု ပြစ်ဒဏ်က ဖော်ပြထားတာ မရှိဘူး။ ဒါကြောင့် ၁၉၉၃ ကလေးသူငယ် ဥပဒေကို အသစ်ပြန်လည်ရေးဆွဲ နေပါတယ်။ ရေးဆွဲလို့ ပြီးသွားပါပြီ။ အဲဒီအထဲမှာ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီးတော့ သက်ငယ်မုဒိမ်း မှုကျူးလွန်ရင် ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ်တစ်သက်အထိ ထည့်ထားတယ်။ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက အကြံပြုတာက အမြင့်ဆုံးပြစ်ဒဏ်ကို တောင်းဆိုမယ်လို့ ပြောထားတယ်။ ၁၉၉၃ ကလေးသူငယ် ဥပဒေကို ပြင်ဆင်တဲ့ဥပဒေက မကြာခင်မှာထွက်လာမယ်။ အဲဒီကျမှ ပြစ်ဒဏ်တိတိကျကျ ပါလာမှာ ဖြစ်ပါတယ်။ အမြင့်ဆုံး ပြစ်ဒဏ်ဆိုတာကတော့ တကယ်တမ်းပြောရရင် နှစ် ၂၀ ပေါ့။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ သေဒဏ်ချမှတ်တဲ့ နိုင်ငံရှိတယ်။ မချမှတ်တဲ့ နိုင်ငံရှိတယ်။သေဒဏ် ဆိုတာကတော့ အားလုံးညှိနှိုင်းတိုင်ပင် ရမှာဖြစ်ပါတယ်” ဟု မီဒီယာများအား ပြောကြားသည်။                                  

Most Read

Most Recent