MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အား ပုဒ်မ ၅၀၅ (က) ဖြင့် မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် ရုံးထုတ်

MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အား ပုဒ်မ ၅၀၅ (က) ဖြင့် မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် ရုံးထုတ်
Published 23 November 2016
နေမျိုးဝင်း

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ (MDCF) ခေါင်းဆောင် ကိုထင်ကျော်ကို နိုဝင်ဘာ ၂၃ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ရုံးချိန်းတွင် တရားလို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ယခင်ရုံးချိန်းက စစ်ဗိုလ်ချုပ်ဟောင်းအချို့ကို အရေးယူပေးရန် ကိုထင်ကျော်က ဦးတိုက် လျှောက်ထားခဲ့သည့်အမှုကို မြို့နယ်တရားသူကြီးက ပယ်ချခဲ့ကြောင်း ကိုထင်ကျော်က ပြောကြားသည်။
“ဗိုလ်ချုပ်ဟောင်းတွေကို တရားစွဲထားတဲ့အမှု သက်သေအထောက်အထား ခိုင်လုံပေမဲ့ တရားရုံးက လက်မခံပါဘူး”ဟု ရုံးချိန်းအပြီးတွင် ကိုထင်ကျော်က ပြောကြားသည်။
ထိုနေ့ရုံးချိန်းအပြီးတွင် MDCF အဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို အင်းစိန်ထောင်သို့ ပြန်လည် ပို့ဆောင်စဉ် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး ခေါ်ဆောင်သည်ဟုဆိုကာ ကိုထင်ကျော်အား လာရောက်ဝန်းရံသူများက မြောက်ဥက္ကလာပမြို့နယ် တရားရုံးနှင့် မြောက်ဥက္ကလာပမြို့မရဲစခန်းရှေ့တွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လာရောက်ဝန်းရံသူများက “တရားဥပဒေစိုးမိုးရေး၊ ဒို့အရေး၊ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ဖျက်သိမ်းရေး ဒို့အရေး” အစရှိသည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြောင်း သိရသည်။
MDCF (ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့)မှ ခေါင်းဆောင် ကိုထင်ကျော်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီးဇော်ဇော်က တရားလိုပြုလုပ်ကာ တရားစွဲဆိုသဖြင့် မြောက်ဥက္ကလာပမြို့နယ် တရားရုံး၏ ဖမ်းဝရမ်းဖြင့် အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီခန့်က သင်္ဃန်းကျွန်းမြို့နယ်ရှိ MDCF ရုံးခန်းတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကိုထင်ကျော်မှာ ရန်ကင်းမြို့နယ် တရားရုံးတွင် ၄၄၇၊ အကျိုးဖျက်ဆီးမှုပုဒ်မ ၄၂၇ တို့ဖြင့် တရားရင်ဆိုင်လျက် ရှိပြီး ကျောက်တံတားမြို့နယ် တရားရုံးတွင်လည်း ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် တရားရင်ဆိုင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent