ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် (၈) ရပ်ကွက် ဗောဓိမြိုင် (၄) လမ်းရှိ Y2A ရေသန့်စက်ရုံ ဝင်းအတွင်း တရားမဝင် အရက်ထုတ်လုပ်နေမှုအား နိုဝင်ဘာ ၁၁ ရက် ည ၉ နာရီခန့်တွင် ဖမ်းဆီးရမိကြောင်း ပုသိမ်မြို့ နယ်မြေရဲစခန်းမှ သိရသည်။အဆိုပါ Y2A ရေသန့်စက်ရုံအတွင်း ထောင့်စွန်းရှိ ဂိုထောင်ရှေ့တွင် ကားပေါ်တင်ဆောင်ထားသော MIN MAHAR RUM အရက် ၁၅၄ လုံးနှင့် ထုတ်လက်စ အရက်ဖာများနှင့်အတူ အရက်ထုတ်လုပ်ရာတွင် အသုံးပြုသော RUM အနံဆေးဘူးများ၊ ထန်းလျက်ရည်များ၊ သစ်ခေါက်စိမ်ထားသော ရေသန့်ဘူးများ၊ ရသာခဲမှုန့်များ၊ သကြားအိတ်များ၊ ချိန်ခွက်၊ အရက်ဒီဂရီတိုင်း ကရိယာ အပါအင် လီတာ ၁၅၀၀ ဆံ့ စတီးတိုင်ကီ သုံးလုံး၊ လီတာ ၃၀၀၀ ဆံ့ စတီးတိုင်ကီ သုံးလုံးတို့အား တွေ့ရှိခဲ့ပြီး အဆိုပါ တိုင်ကီ အတွင်း၌ အရက်ဟု ယူဆရသော အရည်များ တွေ့ရှိရသဖြင့် အဆိုပါ ပစ္စည်းများအား တရားမဝင် လိုင်စင်မဲ့ အရက်ထုတ်လုပ်မှု သက်သေခံ ပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။“သတင်းပေးချက်အရ ဝင်ရောက် စစ်ဆေးတဲ့ အခါမှာ ရေသန့်စက်ရုံမှာ မရှိသင့်တဲ့ ပစ္စည်းတွေ တွေ့ရှိရတယ်။ အခု ရေသန့်စက်ရုံဝင်း နံဘေးမှာ စတီးတိုင်ကီ ခြောက်လုံး ပိုက်တွေနဲ့ သွယ်ထားတာ တွေ့လို့ ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာ အရက်လို့ ယူဆရတဲ့ အရည်တွေ ထွက်လာတယ်။ ဒါကြောင့် ညတွင်းချင်းပဲ သယ်ဆောင်လို့ မရတဲ့ ပစ္စည်းတွေကို ပစ္စည်းအာမခံနဲ့ ထားပြီး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ သိမ်းဆည်းခဲ့တယ်” ဟု ပုသိမ်မြို့နယ်မြေ ရဲစခန်းမှူး သိန်းဇော်ဦးက ပြောကြားသည်။အဆိုပါ ရေသန့်စက်ရုံပိုင်ရှင် ဦးရဲနီ၏ အရက်ချက် ထုတ်လုပ်ခွင့် လိုင်စင်မှာ ကန်ကြီးထောင့်မြို့နယ် အစုကြီး ကျေးရွာတွင် ဖြစ်ပြီး ယခုကဲ့သို့ ပုသိမ်မြို့နယ်အတွင်း ထုတ်လုပ်နေသောကြောင့် တရားမဝင် လိုင်စင်မဲ့ ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ ဆက်စပ်ပစ္စည်းများ ဖြစ်သော သစ်သားအောက်ခံ သံဖြင့် ပြုလုပ်ထားသော ပုလင်းအဖုံး ရိုက်စက်နှစ်ခု၊ မိုးကောင်းကင်နှင့် MIN MAHAR RUM စာတန်းပါ စက္ကူဖာ ၃၀၊ RUM ပုလင်းအဖြစ် အသုံးပြုနိုင်သည့် ပုလင်းခွန်များ ထည့်ထားသော ကာလပေါက်ဈေး ၁၄ သိန်းခန့် တန်ဖိုးရှိသော ပုလင်းခွံများနှင့် Mitsubishi Canter Truck အမျိုးအစား အဖြူရောင် ယာဉ်တစ်စီးအား သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားကြောင်း သိရသည်။အဆိုပါ အမှုအား ပုသိမ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အစုကြီးကျေးရွာမှ ငရုတ်ကောင်းမြို့အထိ အရက်သယ်ဆောင်ခွင့် ပါမစ် ၂၉၀/၁၆ စာရွက်အား သိမ်းဆည်းခဲ့ပြီး စက်ရုံမန်နေဂျာ ဦးထွန်းထွန်းနိုင်အား အမှုအမှတ် ၄၁၄/၂၀၁၆ ယစ်မျိုး ဥပဒေပုဒ်မ ၃၀ (ဃ) တရားမဝင် ထုတ်လုပ်မှုဖြင့် ပုသိမ်မြို့ နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ ရဲလုပ်ငန်း ရက် ၁၀၀ စီမံကိန်းအပြီး မှုခင်းကျဆင်းရေး ခြောက်လ စီမံချက်ဖြင့် စစ်ဆေးဖမ်းဆီး အရေးယူမှုများ ပြုလုပ်လျက်ရှိရာ ပုသိမ်မြို့နယ်တွင် နိုဝင်ဘာလအတွင်း အရက်ဖြူ တရားမဝင် သိုလှောင်ရောင်းချမှု ကျပ်သိန်း ၂၀၀၀ ကျော်ဖိုးနှင့် တရားမဝင် လိုင်စင်မဲ့ အရက်ဖြူတိုင်ကီ ၂၂ လုံး ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
ပုသိမ်မြို့တွင် ရေသန့်စက်ရုံ၌ တရားမဝင် အရက်ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှုအား ဖမ်းဆီးရမိ
Most Read
Most Recent
14 hours ago
15 hours ago