ဗဟန်းမြို့နယ်တွင် ရှစ်နှစ်အရွယ် မိန်းကလေးကို နှိပ်စက်မှုဖြင့် တရားစွဲဆိုခံထားရသည့် အိမ်အကူအမျိုးသမီးအား စွဲချက်တင်ကြောင်း အမိန့်ချ

ဗဟန်းမြို့နယ်တွင် ရှစ်နှစ်အရွယ် မိန်းကလေးကို နှိပ်စက်မှုဖြင့် တရားစွဲဆိုခံထားရသည့် အိမ်အကူအမျိုးသမီးအား စွဲချက်တင်ကြောင်း အမိန့်ချ
Published 10 November 2016
နေမျိုးဝင်း

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦး၏ နေအိမ်တွင် နှိပ်စက်ခံခဲ့ရသည့် အသက်ရှစ်နှစ်အရွယ် မိန်းကလေးအမှုနှင့် ပတ်သက်၍ တရားစွဲခံထားရသည့် အိမ်အကူအမျိုးသမီးကို နိုဝင်ဘာ ၁၀ ရက်တွင် ဗဟန်းမြို့နယ် တရားရုံး၌ ရုံးချိန်းခေါ်ယူခဲ့ကြောင်း သိရသည်။
 
ယင်းနေ့တွင် တရားစွဲဆိုခံထားရသော အိမ်အကူအမျိုးသမီးဖြစ်သူ ဒေါ်သန်းနွဲ့အား ၁၉၉၃ ကလေးသူငယ် ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ဗဟန်းမြို့နယ် တရားရုံးက စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့သည်။
 
အဆိုပါအမှုနှင့်ပတ်သက်၍ စွပ်စွဲခံရသူ ဒေါ်သန်းနွဲ့က အပြစ်မရှိဟု ငြင်းဆိုခဲ့သဖြင့် ရုံးချိန်း ထပ်မံချိန်းဆိုခဲ့ပြီး လာမည့်ရုံးချိန်းတွင် စွပ်စွဲခံရသူအား ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း ဗဟန်းမြို့နယ် တရားရုံးမှ သိရသည်။
 
ထိုအမှုတွင် မိန်းကလေးငယ်၏ ယာလက်ကောက်ဝတ်တွင် ၂x၁ စင်တီမီတာရှိသည့် ပွန်းဒဏ်ရာ၊ ယာလက်ခုံတွင် ၂x၂ စင်တီမီတာ ရှိသည့် ဖူးရောင်ဒဏ်ရာ၊ ဝဲဘက်ပါးတွင် ၁.၅xဝ.၅ စင်တီမီတာရှိသည့် ပွန်းဒဏ်ရာ၊ ကျောပြင်တွင် ၁၅x၅ စင်တီမီတာရှိသည့် ပွန်းဒဏ်ရာ၊ ဝဲယာပေါင်ကြားတွင် ၅x၃ စင်တီမီတာရှိသည့် ပွန်းဒဏ်ရာ၊ ဝဲနှုတ်ခမ်းထောင့်တွင် ၁xဝ.၅ စင်တီတာရှိသည့် ပွန်းဒဏ်ရာ၊ ယာနှုတ်ခမ်းထောင့်တွင် ၁xဝ.၅ စင်တီတာရှိသည့် ပွန်းဒဏ်ရာတို့ကိုတွေ့ရှိကြောင်း ဆေးစာတွင် ဖော်ပြထားသည့်အတိုင်း တရားလိုပြ သက်သေအဖြစ် မှုခင်းဆရာဝန်ကြီးက ထွက်ဆိုထားကြောင်း သိရသည်။
 
ထို့ပြင် ၎င်းက အထက်ပါတွေ့ရှိချက်များအရ မျက်နှာတွင် တွေ့ရှိသော ဒဏ်ရာများမှာ ပွန်းဒဏ်ရာဟောင်းများ ဖြစ်သည့်အတွက် အချိန်အပေါ်မှုတည်၍ အမြဲတစေ အမာရွတ်များ မဖြစ်နိုင်ကြောင်းလည်း ထွက်ဆိုခဲ့သည်။
 
ဗဟန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အသက်ရှစ်နှစ်အရွယ် မိန်းကလေး နှိပ်စက်ခံခဲ့ရမှုအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန (အမျိုးသမီး အသက်မွေးဝမ်းကြောင်း အတတ်ပညာ သင်တန်းကျောင်း) မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါ်စန်းစန်းထွေးက တရားလိုပြုလုပ်၍ အိမ်အကူဖြစ်သူ ဒေါ်သန်းနွဲ့အား ကလေးသူငယ် ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
 
ပြီးခဲ့သည့်နိုဝင်ဘာ ၁၈ ရက်က ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ခြံအမှတ် ၂၅ (ဃ-၄) နေအိမ်တွင် အသက်ရှစ်နှစ်အရွယ် မိန်းကလေးမှာ ထမင်းအိုးအတွင်းသို့ လက်မဆေးဘဲ နှိုက်ခဲ့သောကြောင့် အဆူခံရသဖြင့် အိမ်သာအတွင်းသို့ ဝင်ကာ တံခါးချက်ချ ပိတ်ထားခဲ့ကြောင်း၊ ယင်းကြောင့် အမျိုးသမီးတစ်ဦးက ပြတင်းပေါက်မှ ဝင်ရောက်ကာ မိန်းကလေးငယ်အား ခေါ်ထုတ်ခဲ့ရကြောင်း၊ ယင်းနောက် အိမ်အကူဖြစ်သည့် ဒေါ်သန်းနွဲ့က ရိုက်နှက်ဆုံးမခဲ့ပြီး မီးဖိုခန်းအတွင်း လက်အားထိုင်ခုံနှင့် ကြိုးချည်ထားခဲ့ကြောင်း သိရသည်။
 
ထို့ပြင် နိုဝင်ဘာ ၁၉ ရက်တွင် ဒေါ်သန်းနွဲ့က အပြစ်ပေးသည့်အနေဖြင့် အသက်ရှစ်နှစ်အရွယ် မိန်းကလေးအား နေအိမ်ရှေ့၌ အဝတ်မပါဘဲ ကြိုးတုတ်၍ ထားခဲ့ကြောင်း သိရသည်။                

Most Read

Most Recent