မြန်မာနိုင်ငံမြေပုံကို ရွှေဝါဆပ်ပြာတုံးများဖြင့် ဖန်တီးထားသည့် ပန်းချီထိန်လင်း၏ အင်စတော်လေးရှင်းလက်ရာကို ဟောင်ကောင်ရှိ အနုပညာပြတိုက်ဖြစ်သည့် M+ Contemporary Art Museum က ဝယ်ယူ စုဆောင်းထားကြောင်း သိရသည်။အဆိုပါ အင်စတော်လေးရှင်းပြကွက်ကို ‘Soap Block’ ဟု အမည်ပေးထားပြီး ရွှေဝါဆပ်ပြာတုံးပေါင်း ၁၃၀၀ ကျော်ကို ပန်းပုထွင်းထုထားကာ မြန်မာနိုင်ငံမြေပုံ ပုံသဏ္ဌာန် ဖန်တီးထားခြင်း ဖြစ်ကြောင်း သိရသည်။“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မြန်မာအနုပညာရှင် ငါးယောက် ဟောင်ကောင်မှာ ပြပွဲသွားလုပ် ဖြစ်ခဲ့ပါတယ်။ အဲဒီပြပွဲ နောက်ဆက်တွဲအဖြစ် သြဂုတ်လမှာ M+ Contemporary Art Museum က ဆက်သွယ်ပြီး ဒီ ‘Soap Block’ အင်စတော်လေးရှင်းကို ဝယ်ယူစုဆောင်းခဲ့ပါတယ်။ ဒီအင်စတော်လေးရှင်း ဖြစ်ပေါ်လာပုံကို ပြောရရင် ၁၉၉၉ ခုနှစ် မန္တလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ကျပ်ကျပ်တည်းတည်း ဖြတ်သန်းနေရချိန် နိုင်ငံတကာကြက်ခြေနီအဖွဲ့က မန္တလေးထောင်ကို ရောက်လာတော့ ကိုယ်တွေရင်ဆိုင်ရတဲ့ အခြေအနေကို သိနိုင်အောင် ဆပ်ပြာကို ပန်းပုထုပြီး ခိုးပြီးပေးခဲ့တယ်။ ထောင်ကလွတ်ပြီး ၂၀၀၇ ခုနှစ်မှာ နိုင်ငံတကာကြက်ခြေနီအဖွဲ့ကို မေးလ်ပို့ပြီး ဒီအဖြစ်အပျက်ကို ဆက်သွယ် ပြောပြတဲ့အခါ အဲဒီဆပ်ပြာပိုင်းလေးကို သူတို့ကြက်ခြေနီပြတိုက်မှာ ပြသထားပြီး မဂ္ဂဇင်းမှာ မျက်နှာဖုံးပုံအဖြစ် သုံးခဲ့တယ်လို့ သိရတယ်။ အဲဒီကနေ ရွှေဝါဆပ်ပြာတုံးတွေနဲ့ အကျဉ်းသားရုပ်တွေပန်းပုထုဖို့ စိတ်ကူးစရခဲ့တာပါ။ နောက်ပြီး ရွှေဝါဆပ်ပြာနံ့ဟာ ကျွန်တော်တို့ကြီးပြင်းခဲ့တဲ့ ဆိုရှယ်လစ်စနစ်၊ တစ်ပါတီဆိုရှယ်လစ် အမှောင်ခေတ်ကို ပြန်ပြီး အမှတ်ရတဲ့ ခံစားချက်ကိုရစေလို့ ဒီအင်စတော်လေးရှင်းကို ဖန်တီးခဲ့တာပါ” ဟု ပန်းချီထိန်လင်းက ပြောပြသည်။ပန်းချီထိန်လင်းသည် တစ်ကိုယ်တော် အနုပညာပြပွဲများကို နိုင်ငံတကာတွင် အများအပြားပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်တွင် ပထမဆုံး တစ်ကိုယ်တော်ပြပွဲအဖြစ် ‘ပုံပြင်ပြောပြသူ’ အမည်ရ ပြပွဲကိုပြုလုပ်ခဲ့ကာ ‘Soap Block’ အင်စတော်လေးရှင်း လက်ရာကိုလည်း ထည့်သွင်းပြသခဲ့သည်။ ဒုတိယအကြိမ် တစ်ကိုယ်တော်ပြပွဲကို ပြီးခဲ့သည့် ၂၀၁၆ သြဂုတ်လအတွင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပန်းချီထိန်လင်းသည် လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်သည့် နိုင်ငံတကာအနုပညာ ပွဲတော်တွင်ပါဝင်ကာ ဗီဒီယိုအနုပညာပြကွက်ကို ပြသထားပြီး အောက်တိုဘာ ၂၅ ရက်တွင် စင်ကာပူနိုင်ငံ Singapore Art Museum ၌ စတင်ပြုလုပ်မည့် နိုင်ငံတကာ အနုပညာပြပွဲတွင် ယခု ‘Soap Block’ အင်စတော်လေးရှင်းလက်ရာကို ထည့်သွင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမြေပုံကို ရွှေဝါဆပ်ပြာတုံးများဖြင့် ဖန်တီးထားသည့် ပန်းချီထိန်လင်း၏ အင်စတော်လေးရှင်းလက်ရာကို ဟောင်ကောင်အနုပညာပြတိုက် M+ Contemporary Art Museum က ဝယ်ယူစုဆောင်းထားကြောင်း သိရ









