မြစ်ထဲက အသံ

မြစ်ထဲက အသံ
Published 22 October 2016
အောင်မှူးဝေ

ချင်းတွင်းနှင်းမှုန်တွေ ဝေ့ဝေ့နေပုံကျောက်ဆောင်တို့ မထီတရီကြည့်နေပုံမြုပ်သွားတဲ့ စက်လှေတွေထဲကျွန်တော်တို့စက်လှေလည်း ပါသွားဖူးခဲ့‘အောင်ပဒေသာ’ ဟာပေဝဲအလွန်မှာရေအောက်က ပြန်တက်မလာခဲ့ဘူး။ချင်းတွင်းခင်ဗျားကို အပြစ်မမြင်ပါဘူး။ထန်းလျက်တောင်းတွေသယ်ပြီးအညာကိုဆန်လာမယ့် စက်လှေအတွက်သစ်တွေဝါးတွေကိုတပင်တပန်း မျှောချနေရတဲ့ဝဋ်နဲ့ဟိုး…မှောင်ခိုခေတ်ကနေ ဒီနေ့အထိလူတွေကြောင့် အနေခက်နေတဲ့ မြစ်တစ်စင်း။ခင်ဗျားတို့ ချစ်ချစ် မချစ်ချစ်မြစ်ကတော့ စီးနေရမှာပဲ။အောင်မှူးဝေ(၁၈-၁၀-၂၀၁၆)ကျွန်တော်ညည်းတွားမိသော ညည်းတွားသံဖြစ်၏။ အောင်စိုးမိုးကျော်အမည်ရှိ ချင်းတွင်းမြစ်တွင်းသွား အမြန်ရေယာဉ် တိမ်းမှောက် နစ်မြုပ်မှုနှင့် ပတ်သက်ပြီး ညည်းတွားမိခြင်း ဖြစ်ပါ၏။
အမြန်ရေယာဉ်ကို ကျွန်တော်တို့ဒေသ အခေါ်ကတော့ ‘ရှော်တယ်’ ဟုခေါ်၏။ ပညတ်သွားရာ ဓာတ်သက်ပါဆိုတာလို ‘ရှော်တယ်ပီပီ တယ်ရှော်သွားတာပဲ၊ နမော်နမဲ့ နိုင်ပြီး တော်တော် အသုံးမကျတာပဲ၊ ထမင်းကျွေးတဲ့ အလုပ်ကို တာဝန်မကျေတာပဲ’ ဟု အပြစ်တင်မိ၏။ “လူ့အသက်ထက် ပိုက်ဆံက ပိုအရေးကြီးလို့ မတန်တဆ စွတ်တင်ရသလား။ ဒီဝါကျွတ်အမီ မင်းအမေယောက်ျားကို ရှင်ပြုဖို့ ငွေအသည်းအသန် လိုနေလို့ မတရား တင်ရသလား” ဟု ဒေါသထွက်ထွက်နှင့် ဆဲဆို ရှုတ်ချမိ၏။ ဒီဖြစ်ရပ်သည် ရှုတ်ချ သင့်သောကိစ္စဖြစ်၏။
ရှော်တယ်ဆိုတာတွေ စတင် ပေါ်ပေါက်ကတည်းက သုံးလလောက်ပဲ စည်းကမ်းရှိရှိ အဆင့်မီမီမောင်း၏။ နောက်ပိုင်း လူနှင့်ကုန်ကို မတန်တဆ တင်လာကြသည်မှာ ဒီနေ့အထိဖြစ်၏။ ယခင်အခါက ယခုအခါလောက် အခြေအနေ မဆိုး၍သာ သူတို့ မတန်တဆတင်သည့်ကိစ္စ၊ လူကိုလူလို မဆက်ဆံလူလို့ သဘောမထား သူတို့၏ ကျေးကျွန်များပမာ ငေါက်ငမ်းတတ်သည့်ကိစ္စ၊ စီးချင်စီး မစီးချင်နေ မောက်မာတတ်သည့်ကိစ္စ၊ တစ်လိုင်းနှင့်တစ်လိုင်း အပြိုင်မောင်းကြသည့်ကိစ္စ၊ ထိုကိစ္စများကို ပြည်သူလူထုက မသိခဲ့ကြခြင်းဖြစ်၏။ တချို့သော ရေယာဉ်တိမ်းမှောက်မှု ကိစ္စများကို ဒေသခံစာရေးဆရာများက ရေးသားကြ၏။ သို့သော် ၁၀ ဦးသေလျှင် ငါးဦးမျှသာ သေသည်ဟူ၍ စာရင်းလျှော့ပြ ထုတ်ပြန် ကြေညာသည့်ခေတ်၊ မဂ္ဂဇင်းဂျာနယ်မှာ ဖော်ပြမည့် စာမူမှန်သမျှ ‘စာပေအနုပညာ သတ်ကွင်း’ ကြီးကို ကျော်ဖြတ်ပြီးမှ ပုံနှိပ်ထုတ်ဝေခွင့် ရသောခေတ်ဖြစ်၍ တကယ့် အမှန်တရားစစ်စစ်များကို သိရှိခွင့်မရခဲ့ကြပေ။“ချင်းတွင်းက အသက်ငင်နေသလို လိုင်းတွေရှားပါးမှုလည်း ပါတယ်ဗျ။ အမြန်ယာဉ်တွေက သူတို့လိုင်းကို အသစ်တိုးလာရင် ပူးသတ်ကြတယ်။ ကျွန်တော့်အတွေးတော့ ချင်းတွင်းပတ်ဝန်းကျင်မှာ ရွှေမျောတွေ မတိုက်စေဘဲ မြစ်ကြောင်းကို သင်္ဘော ၁၂ စင်းလုံး သွားလို့ရအောင် လုပ်ပေးသင့်တယ်လို့ ထင်ပါတယ်အစ်ကို” ဟု ချင်းတွင်းမြစ်ဖျား ခန္တီးမြို့ ဇာတိသား ကဗျာဆရာ စိုးပြည့်လျှံက ပြော၏။ သူ့အမြင်၌ ချင်းတွင်းသည် အသက်ငင် နေခဲ့ပေပြီ။ အမြန်ယာဉ်လိုင်းတွေကလည်း ရွေးချယ်စရာနည်းပါးလှ၏။“ဒါစီး…ဒါမစီးရင် တခြားစီးစရာမရှိဘူး” ဆိုသောဘဝ။ အမြန်ယာဉ်လိုင်းတွေက အသစ်ဝင်လာသူတွေကို ပူးသတ် တိုက်ခိုက်ကြသည်ဆို၏။ ချင်းတွင်းမြစ် အထက်ပိုင်းအပါအဝင် ချင်းတွင်းတစ်ခွင် မြေသားများကို တူးဖြို ပြီး ရွှေမျောတိုက်မှု၊ ချင်းတွင်းရေအောက်က သဲမြေကို စက်ဖြင့်စုပ်ယူပြီး ရွှေမျောတိုက်မှု၊ ချင်းတွင်းဝဲယာ ဒေသသစ်ဝါးများ တဖြည်းဖြည်း ပြုန်းတီးလာမှုတွေကြောင့် ချင်းတွင်းသည် သဘာဝဟန်ချက် ပျက်နေပြီဖြစ်၏။ ချင်းတွင်းကို သင်္ဘော ၁၂ စင်းလုံး သွားလာနိုင်အောင် လုပ်ပေးလျှင် ချင်းတွင်းခရီးသည် တို့အတွက် အသက်အန္တရာယ် ကင်းရှင်းနိုင်သည်ဟု ဆိုပါ၏။ လုပ်ပေးနိုင်စွမ်းရှိသူများ အနေဖြင့် မြစ်ကြောင်းသွား ပြည်သူတို့အတွက် မေတ္တာရှေ့ထားပြီး လုပ်ဆောင်ပေးစေလိုပါ၏။ဤဖြစ်စဉ်နှင့်ပတ်သက်၍- “ရှော်တယ်ဟာ အသက်အန္တရာယ် ရှိမှန်း သိလျက်သားနဲ့ ဘာလို့စီးကြသေးလဲ။ အစိုးရသင်္ဘော စောင့်စီးပါလား” ဟု ဆိုသူတွေရှိ၏။ ရေဝင်လွဲလျှင် သေတတ်မှန်း သိလျက်နဲ့ ဘာလို့ ရေသောက်သေးလဲဟု ကျွန်တော် ပြန်မေးချင်၏။ မစီးမဖြစ်၍ စီးကြရခြင်းသာ ဖြစ်၏။ “သီတင်းကျွတ်ရက်တိုလေးပဲ ကျောင်းပိတ်တဲ့ဥစ္စာ အိမ်ကို အချိန်လုပြန်ရတာပေါ့။ အစိုးရသင်္ဘောတွေကလည်း အခြေအနေ ကောင်းတာမဟုတ်ဘူး”“အခြေအနေတွေ ဘာတွေ စကားလှအောင် ပြောမနေစမ်းပါနဲ့ဗျာ အစိုးရ အဆက်ဆက် ပစ်ထားလို့ စုတ်ပြတ်သတ်နေတယ် သာပြောစမ်းပါ” ဟု မှတ်ချက်ကြမ်းကြမ်း ဝင်ပေးသူလည်းရှိ၏။“သင်းတို့သားသမီး မဟုတ်တိုင်း လုပ်ရက်ကြပါပေရဲ့။ သင်းတို့သားသမီးတွေ အဲဒီလို ရေနစ်သေမှ ကိုယ်ချင်းစာတတ်မယ့် ဟာတွေ” ဟု ဆိုသူတွေလည်း ရှိ၏။ လူဆိုတာမျိုးကလည်း သူများပေါင်ပေါ် ဆေးလိပ် မီးပွားကျပြီး ပူသွားလျှင် ရယ်စရာလို သဘောထားကာ ဟားတိုက်ရယ်မောဖို့ ဝန်မလေးသော သတ္တဝါဖြစ်၏။ ကိုယ့်ပေါင်ပေါ် ဆေးလိပ် မီးပွားကျပြီး ပူလျှင်တော့ သေလုအောင် ထအော်ပြီး မိုးမွှန်အောင် ဆဲပြပါလိမ့်မည်။ကျွန်တော့်ဇာတိမြေ ချင်းတွင်းဒေသ ခရီးသွားများအဖို့ ပုံတောင်ပုံညာ ကားလမ်းသည်လည်း မကောင်းသေး။ မဟာမြိုင် လမ်းကလည်း အခြေအနေဆိုး၏။ ယာကြီးလမ်းကလည်း မိုးရွာလျှင် ဒါလီ၏ နာရီတွေလို အရည်ပျော်၏။ ရေလမ်းကလည်း ယခုမြင်သည့်အတိုင်း။ ချင်းတွင်း ခရီးသွားများအဖို့ ဘယ်လိုသွားသွား အသက်သေရန် ရာခိုင်နှုန်း ၉၀ သေချာနေသည့် ဘဝမျိုးဖြစ်၏။
ယခု အောင်စိုးမိုးကျော် ရေယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ မုံရွာ၌ ရှိနေသော ကျွန်တော့်သူငယ်ချင်း စိုးဝင်းဆွေထံ လှမ်းမေးမိ၏။ သေဆုံးရသူစာရင်းမှာ ၂၀-၁၀ -၂၀၁၆ ရက် မနက် ၉  နာရီအထိ လေ့လာ စုံစမ်းမှုအရ ၆၄ဦး အထိရှိနေ၏။ ရေယာဉ်ပေါ်တွင် ဆိုင်ကယ်အစီး ၂၀ နှင့် လူ ၃၀၀ တင်ဆောင်သွားခဲ့သည်ဟု သိရ၏။ ထိုအလေးချိန်သည် ခွင့်ပြုထားသော အလေးချိန်ထက် ရှစ်ဆကျော် ကိုးဆကျော် ပိုနေ၏။ စီးနင်းလိုက်ပါသွားသူများထဲမှာ ပညာရေးဝန်ထမ်း ၄၀ ကျော် ပါဝင်၏။အမြန်ရေယာဉ် တိမ်းမှောက်ချိန်သည် ၁၅-၁၀-၂၀၁၆ နံနက် ၅ နာရီခန့်ဟု သိရ၏။ ထိုအချိန်သည် ချင်းတွင်းမြစ်ထဲ၌ မိုးအကုန် ဆောင်းအကူး ကာလမို့ မြူတွေဆိုင်းမှိုင်းတွေ ဝေပြီးနေပေလိမ့်မည်။ နေ့ည သဘာဝအရ လင်းအားယူကာစ အစွမ်းကုန် မှောင်မိုက်နေသော အချိန်လည်းဖြစ်၏။ အဘယ်မျှ ဒုက္ခများရှာ ပေလိမ့်မည်ဟု ကျွန်တော်မတွေးဝံ့။ ရေမကူးတတ်သူတို့ အဖို့ရာ သာ၍ပင် မတွေးဝံ့ပါချေ။ သေလိုက်ကြသည်မှာ မြင်မကောင်း။ အထူးခန်းထဲက လူတွေထွက်မရ ပိတ်မိပြီး သေ၏။ ရိုးရိုးတန်းက လိုက်ပါလာသူတွေ ခုံညပ် သေကြ၏။ အမြန်ယာဉ် ထိုင်ခုံတွေက ချောင်ချောင်ချိချိ မဟုတ်။ ကျပ်ညပ်နေ၏။ လူမမည် ကလေးတွေလည်း သေကြ၏။ အသက်ရှင်သန် ကျန်ရစ်သူတို့သည်လည်း ခက်ခက်ခဲခဲ ရှင်သန် ကျန်ရစ်ခဲ့ခြင်းဖြစ်၏။“ကျွန်မတို့ သုံးနာရီလောက် ရေထဲမှာ ကူးခတ်နေခဲ့ရတယ်” ဟု အသက်ရှင် ကျန်ရစ်သူ မိန်းကလေးတစ်ယောက်က ပြော၏။ အရေးထဲ တစ်ပူပေါ်နှစ်ပူဆင့်သော အဖြစ်ကလည်းရှိသေး၏။ ကွယ်လွန်သူ ဆရာမလေးတစ်ဦး၏ ရုပ်အလောင်းကို ရွာနာတယ် ဆိုပြီး ရွာထဲအဝင်မခံဘဲ ရွာအပြင်မှာ သင်္ဂြိုဟ် ခိုင်းသော အဖြစ်ပင်ဖြစ်၏။ ကျွန်တော်တို့ ချင်းတွင်းဒေသလောက် ဝိပဿနာ  အားထုတ်တာလည်း ကျွန်တော်တို့ ချင်းတွင်းဒေသပဲရှိ၏။ လယ်တီဆရာတော်၊ ကန္နီဆရာတော်၊ မိုးညှင်းဆရာတော်တို့ကဲ့သို့ ထေရဝါဒ သာသနာ့ အာဇာနည်ကြီးများ ပေါ်ထွန်းခဲ့ရာ အရပ်ဖြစ်၏။ အခုဘယ်လိုဖြစ်ရတာလဲ။ ‘ရွာနာတယ်’ ဆိုသော အယူအဆသည် ထေရဝါဒ အယူအဆ မဟုတ်ကြောင်း ဗြဟ္မဏဝါဒ အယူသာဖြစ်ကြောင်း ရွာဦးကျောင်း သံဃာများက ရှင်းပြသင့်ပါ၏။“ရွာကျောင်းတွေလည်း စာတတ်ပေတတ် သံဃာက မရှိတော့ဘူး။ တောထွက် စာမတတ်ပေမတတ်တွေပဲ ကိုးကွယ်နေရတာ။ စာတတ်တွေက ရွာပြန်မလာဘူး။ တချို့လည်း လူထွက်ကုန်ကြတယ်” ဟု ဆရာတော် တစ်ပါးကမိန့်၏။ ကျွန်တော်ကိုယ်တိုင် ရဟန်းလူထွက် ဖြစ်သောကြောင့် စောဒကမတက်ဘဲ ငြိမ်နေလိုက်ရ၏။မြတ်ဗုဒ္ဓဒေသနာအရ ဤကမ္ဘာမြေပေါ်၌ လူသေမမြှုပ်ဖူးသော နေရာဟူ၍ မရှိပါ။ နေရာတိုင်းသည် သုသာန်မြေပင်ဖြစ်၏။ ပြီးတော့ လူတိုင်းသည် တစ်နေ့ကျလျှင် သေခြင်းဆိုး (သို့မဟုတ်) သေခြင်းကောင်း နှစ်ခုထဲက  တစ်ခုခုနှင့်တော့ သေချာပေါက်သေရမည့် မသာလောင်းများသာ ဖြစ်ကြပါ၏။ သေပြီးသားမသာ ရွာထဲသွင်းလျှင် ရွာနာသည်ဟု ဆိုပါက သေမည့်မသာလောင်းတွေ ရွာထဲရှိနေခြင်းသည် ပို၍ ရွာမနာလောဟု မေးချင်၏။ အောင်စိုးမိုးကျော် ရေယာဉ်မောင်းသူသည် ထွက်ပြေးနေဆဲပင်ဖြစ်၏။ ထိုသူကဲ့သို့ လုပ်ချင်ရာလုပ်ပြီး ထွက်ပြေးသူ များစွာရှိနေ၏။အမြန်ရေယာဉ်များ သင်္ဘောများကို ခေတ်မီအောင် သစ်လွင်ကောင်းမွန်အောင် လုပ်သင့်ပါ၏။ ထိုထက်ပိုအရေးကြီးသည်မှာ ရေယာဉ်ပိုင်ရှင်၊ ရေယာဉ်မောင်း၊ ရေယာဉ်အသင်းများ၏ အောက်တန်းကျ လူမဆန်သော စိတ်ဓာတ်ကို အထက်တန်းကျ လူဆန်သော စိတ်ဓာတ်ဖြစ်အောင် ပြောင်းလဲပေးရန် ဖြစ်ပါ၏။ သူတို့မိသားစုတွေ ရေယာဉ်ပေါ်တင်ပေးပြီး မောင်းနှင်ခိုင်းခြင်းအားဖြင့် လောကအတွက် သုံးစားမရသော နှလုံးသားများကို ပြန်လည် ကောင်းမွန်လာစေမည်ဟု ကျွန်တော်ထင်၏။ “နောင်နှစ်တော့ အရီးကျေးအုံရေ ကျွန်မတို့ပြန်လာပြီဆိုတဲ့အသံ မြစ်ထဲက ကြားရတော့မှာ မဟုတ်ပါဘူးတော်” ဟု တယ်လီဖုန်းထဲက အသံကို ကျွန်တော်ကြားရသည့်ခဏ ရင်ထဲဆို့လာ၏။ မြစ်ထဲက နှုတ်ဆက်သံတချို့ အပြီးတိုင် ပျောက်ဆုံးခဲ့ပါပြီ။ မြစ်မှာတော့ အပြစ်မရှိပါလေ။ကျန်းမာချမ်းသာကြပါစေ။