အလင်းနဲ့အမှောင်

အလင်းနဲ့အမှောင်
Published 20 October 2016
ဘစံကောက်

လူလေးမျိုးရှိတယ်လို့ ကြားဖူးပါတယ်။ ပထမတစ်မျိုးကတော့ အလင်းထဲကနေပြီးတော့မှ အမှောင်ထဲကို သွားနေတဲ့သူပေါ့။ ဒုတိယတစ်မျိုးကတော့ အမှောင်ထဲမှာနေပြီးတော့ပဲ အမှောင်ထဲကို ဆက်သွားနေတဲ့သူပေါ့။ အဲတတိယ တစ်မျိုးကတော့ အမှောင်ထဲကနေပြီးမှ အလင်းထဲကို သွားနေတဲ့သူဖြစ်ပြီး နောက်ဆုံးတစ်မျိုးကတော့ အလင်းထဲမှာနေပြီး အလင်းထဲကိုသွားနေတဲ့သူဆိုပါတော့။
ဒီလူလေးမျိုးကိုကြည့်ရင် ပထမဆုံးအမျိုးအစားဖြစ်တဲ့ အလင်းထဲကနေပြီး အမှောင် ထဲကိုသွားတဲ့ သူဆိုတာကတော့ ပင်ကိုက လူတော်လူကောင်းပါ။ သူ့မှာ အရည်အချင်း လည်းရှိပါတယ်။ ဒါပေမဲ့ တစ်နေရာရာမှာ မကောင်းမှုနဲ့လည်း ကြုံလိုက်ရော သူ့စိတ်ကို သူမထိန်းနိုင်တော့ဘူး။ အမှောင်ထဲကို တိုးဝင်သွားတယ်။ နောက်တော့ တဖြည်းဖြည်း တဖြည်းဖြည်း အမှောင်ထဲမှာ ဆက်ပြီး လျှောက်ရင်းလျှောက်ရင်းနဲ့ သူ့ဘဝက အမှောင်ထဲမှာပဲ အဆုံးသတ်သွားရတော့တယ်။ အင်မ တန်နှမြောစရာ ကောင်းပါတယ်။
နောက် ဒုတိယတစ်မျိုးဖြစ်တဲ့လူကတော့ အစကတည်းကလည်း မကောင်းမှုထဲမှာပဲ ကျင်လည်နေတယ်။ ဘာအသိတရား တစ်ခုမှလည်းမရဘူး။ သူ့ဘဝက အမှောင်ကမ္ဘာထဲမှာပဲကျင်လည်ရင်း နောက်ဆုံး အမှောင်ကမ္ဘာထဲမှာ ပျက်စီးဆုံးရှုံး နစ်မွန်းသွားရရှာတယ်။ ပြောရရင် သူ့ဘဝက သနားစရာ ကောင်းပါတယ်။ အလင်းရောင်ကိုတောင်မှ မြင်ခွင့်ရမသွားရှာဘူး။
တတိယ တစ်မျိုးကတော့ ဆိုခဲ့သလို မကောင်းမှုထဲမှာ ရောက်နေပေမယ့် သူ့မှာအသိတရားရှိတယ်။ သူ့ဘဝကို အမှောင်ထဲက ရုန်းထွက်ဖို့ အမြဲကြိုးစားတယ်။ ဒါ့ကြောင့် နောက်ဆုံးမှာ အလင်းရောင်ထဲကို ရောက်လာရတယ်။ အင်မတန် ချီးကျူးစရာကောင်းတဲ့ လူပါ။ ကိုယ့်ဘဝကို တန်ဖိုးထားတယ်။ လူဖြစ် လာရတဲ့အခိုက်မှာ မကောင်းမှုထဲမှာချည်းပဲ နစ်မွန်းမနေဘဲ ကိုယ့်ဘဝကို အလင်းရောင်ထဲ ရောက်အောင် ကယ်တင်သွားနိုင်တယ်ဆိုတဲ့ သူ့ရဲ့အရည်အချင်းဟာ တော်ရုံအရည်အချင်း မဟုတ်ဘူးဆိုတာ သိသာနိုင်လောက်ပါတယ်။
နောက်ဆုံးတစ်မျိုး ဖြစ်တဲ့လူကတော့ ဘာမှကို အပြစ်ပြောစရာမရှိအောင် ကောင်းမွန်တဲ့သူပါ။ သူကိုယ်တိုင်ကလည်း မကောင်းမှုကို စက်ဆုပ်တယ်။ စက်ဆုပ်တဲ့အလျောက်လည်း သူ့စိတ်ကိုမကောင်းမှုထဲမှာ အရိပ်တောင်မထင်အောင် စောင့်စည်းတယ်။ ဘယ်လိုမကောင်းမှုမျိုးမှ သူ့ကိုမစွန်းမထင်း မညစ်မပတ်အောင် အကောင်းဆုံးနေသွားတယ်။ သူ့ကြောင့်လည်း လောကကြီးဟာ ကောင်းမှုဂုဏ်သတင်းတွေနဲ့ ပျံ့လှိုင်ကျော်ကြားပြီး နေတော့တာပေါ့။
ပြောရရင် လောကမှာ ပထမအမျိုးအစားလူတွေက အတော်များပါတယ်။ တချို့ဆို မိဘမျိုးရိုး ဂုဏ်အဆင့်အတန်းလည်းရှိကြတယ်။ မိမိကိုယ်တိုင်လည်း အသိတရားရှိကြတာပဲ။ဒါပေမဲ့ လောကနီတိမှာပြဆိုသလိုပဲ “စိတ်ဟာ မကောင်းမှုမှာ ပိုပြီးပျော်မွေ့တတ်တယ်” ဆိုသလို မကောင်းမှုကို ဘယ်လိုနေမလဲ သိရအောင် စမ်းကြည့်ရင်းနဲ့ နောက်တော့ ရုန်းမထွက်နိုင်တော့ဘူး။ ခုခေတ်လူငယ်အ တော်များများ မူးယစ်ဆေးဝါးစွဲကုန်ကြတယ်။ အမှန်တော့ ဒီမူးယစ်ဆေးဝါးတွေဟာ မကောင်းဘူးဆိုတာ လူတိုင်းသိနေကြတာပဲ။ ဒါပေမဲ့ တစ်ခါလောက်တော့ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး စမ်းကြည့်ရင်းက နောက်တော့ မူးယစ်ဆေးဝါးရဲ့ကျေးကျွန်ဖြစ်ပြီး ရာဇဝတ်မှုတွေပါ နောက်ဆက်တွဲ ကျူးလွန်လာမိကြတယ်။ အလင်းကနေ အမှောင်ကို ရောက်သွားတာပါပဲ။ ဒါကြောင့် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာပဲဖြစ်စေ ကျန်တဲ့မကောင်းမှု ကိုပဲဖြစ်စေ အစမလုပ်တာ အကောင်းဆုံးပါပဲ။ “အစမလုပ်နဲ့ အဆုံးမရှိတတ်ဘူး” ဆိုတဲ့ စကားလည်း အရှိသားမဟုတ်လား။
အဲ ဒုတိယအမျိုးအစားတွေလည်း များတာပဲ။ စာရေးသူ ငယ်စဉ်ကနေခဲ့ဖူးတဲ့ရပ် ကွက်ကလေးတစ်ခုဆိုရင် လောင်းကစား အားကြီးလုပ်တာပဲ။ လူကြီး လူငယ် ကလေး မိန်းမ တွေပါမကျန် လောင်းကစားမှာ ဝါသနာပါကြတယ်။ သူတို့အဖို့ ဒီအလုပ်ဟာ မကောင်းဘူး ဆိုတာတောင်မှ သတိမထားနိုင်တော့ဘူး။ လောင်းကစားတစ်ခု လောင်းရိပ်မိရုံနဲ့တင် ဘဝအခြေအနေ အဆင့်အတန်းတွေ နိမ့်ပါး သွားရတယ်ဆိုရင် ကျန်တဲ့မကောင်းမှုကြီးတွေ သာလုပ်နေကြလို့ကတော့ ဘယ်မှာသူတို့ဘဝတွေ အောက်ခြေကနေ မြင့်လာနိုင်ပါတော့မလဲ။ သတိထားစရာပါ။
တတိယလူမျိုးကတော့ ရှိပါတယ်။ ဒါပေမဲ့ အတော်နည်းပါတယ်။ လူဆိုတာ ပတ်ဝန်းကျင်က သင်လို့ကြားလို့ ဆုံးမလို့ လိမ္မာတယ်ဆိုတာ ခပ်ရှားရှားပါ။ အများအားဖြင့် ကိုယ်ကိုယ်တိုင်က လိုလိုချင်ချင်နဲ့ သင်ယူပါမှ ကိုယ့်ကိုယ်ကိုယ် ဆုံးမပါမှ လိမ္မာနိုင်ကြတာပါ။ ဥပမာဆိုရရင် ဘုရားရှင်ဟာ သားတော် ရာဟုလာကိုလည်း ဆုံးမပါတယ်။ ရာဟုလာ ကိုယ်တိုင်ကလည်း ဘုရားအစရှိသော သူတော်ကောင်းကြီးတွေရဲ့ အဆုံးအမကို သဲလုံးနဲ့အမျှ နေ့စဉ်ရနေရရင် ကောင်းလေစွလို့ သူ့ကိုယ်သူ တောင့်တပါတယ်။ ဘုရား သားတော်ပေပဲလို့ ဂုဏ်မမောက်ပါဘူး။ ရဟန်းတော်များရဲ့အလယ်မှာ သူက အငယ်ဆုံးဖြစ်တာမို့ အကြီးတွေနဲ့စာရင် သူက အခွင့်အရေးကို အနည်းဆုံး ရသင့်တယ်လို့ပဲ အမြဲတွေးပါတယ်။ တစ်ခါမှာဆိုရင် ကျောင်းတော်ထဲမှာ အိပ်စရာနေရာလေးတောင်မှမရှိလို့ ကုဋိထဲမှာဝင်ပြီး ကျိန်းစက်နေတာကို ဘုရားရှင်ကမြင်လို့ ရှင်သာရိပုတြာ၊ ရှင်မော ဂ္ဂလန်တို့ကိုတောင်ခေါ်ပြီး ရှင်ရာဟုလာကို ဂရုစိုက်ပေးကြပါဦးလို့ မှာတော်မူရတဲ့အထိပါ။
ဒီလိုပဲ ရှင်ဒေဝဒတ်ကိုလည်း သားတော် ရာဟုလာနဲ့အတူထားပြီး ဘုရားရှင်က ဆုံးမတော်မူတာပါပဲ။ ဒါပေမဲ့ ဒေဝဒတ်ကျတော့တစ်မျိုး။ စပြီး သာသနာတော်ထဲကို ဝင်လာ ကတည်းက ငါကဘုရားရှင်ရဲ့ ယောက်ဖဆိုတဲ့ အချိုးမျိုးနဲ့ ဝင်လာတာပါ။
ဘုရားရှင်က ဆုံးမတော့လည်း မနာခံတဲ့အပြင် ဘုရားကိုတောင် အဆိုးမြင်ပြီး ရန်ငြိုးထားတော့တာပါပဲ။ နောက်တော့ သူ့ဘဝလည်းနစ်မွန်း သံသရာလည်း နစ်မွန်းပေါ့လေ။ အမှန်သာ သူနာယူတတ်မယ် သူ့စိတ်ကိုသူ ပြုပြင်နိုင်မယ်ဆိုရင် သူ့မှာ အလင်းရောင် ထဲကိုရောက်ဖို့ အခွင့်အများကြီးရှိတာပဲ။ နောက်ဆုံးမှာတော့ အသိတရားရပါတယ်။ ဒါပေမဲ့ အရမ်းနှောင်းသွားတာကတော့ သူ့အတွက် ကံဆိုးခြင်းလို့ ဆိုရမှာပေါ့လေ။
နောက်ဆုံးတစ်မျိုးကတော့ လောကမှာအတော့်ကို ရှားတယ်လို့ ပြောရမှာပါ။ မရှိဘူးတော့ မဟုတ်ပါဘူး။ စာထဲမှာဖတ်ဖူးတာကတော့ ဝိပဿနာတရားပြဆရာကြီး ဆရာကြီး ဦးဘခင်လိုလူမျိုးပေါ့။ ဆရာကြီးက အင်္ဂလိပ်ခေတ်မှာ အစိုးရဝန်ထမ်းလုပ်ပါတယ်။ ငွေစာရင်းမင်းကြီးလားထင်ရဲ့။ နောက်ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်တော့ အင်္ဂလိပ်တွေ စစ်ပြေးကြတယ်။ ရန်ကုန်မြို့လည်း လေယာဉ်တွေဗုံးကြဲလို့ မွမွကြေအောင် ပျက်စီးနေပါပြီ။ အင်္ဂလိပ်အစိုးရလည်း ဘာတစ်ခုမှ မယူနိုင်ဘူး။ ပြေးကြတာပဲ။ ဒီတုန်း ဆရာကြီးဦးဘခင်မှာက အစိုးရငွေအနည်းအပါး သူ့ရုံးမှာ ကျန်နေတယ်။ မိတ်ဆွေတွေကတော့ ပြောတာပေါ့။ စစ်ဖြစ်လို့ တိုင်းပြည်တောင်ပျက်နေမှဥစ္စာ။ ဒီငွေလောက်တော့ ခင်ဗျားယူထားလိုက်လည်း ဖြစ်ပါတယ်။ နောက်တစ်နေ့ ရှင်းကြစတမ်းဆိုလည်း ဗုံးထဲပါသွားတယ်ပေါ့မဟုတ်လား။ ဆရာကြီး ဦးဘခင်က ဒါကိုလက်မခံဘူး။ ရုံးမှာကျန်ခဲ့တဲ့ စာရင်းဇယားတွေနဲ့ ငွေတွေကိုယူပြီး စစ်ပြေးသွားတဲ့ အင်္ဂလိပ်အစိုးရနောက် ကိုလိုက်တယ်။ အဲဒီခေတ်က လမ်းခရီးကလည်း မကောင်းပါဘူး။ မတော် ကိုယ့်အသက်တောင် ပေးသွားရနိုင်ပါတယ်။ ဒါပေမဲ့ ဆရာကြီးက မေမြို့ (ပြင်ဦးလွင်) ကို ရောက်အောင်သွားပြီး အင်္ဂလိပ်အစိုးရလက်ထဲကို ငွေနဲ့ စာရင်းဇယားတွေရောက်အောင် သွားပို့ပါတယ်။ အင်္ဂလိပ်အစိုးရကတောင်မှ ဆရာကြီးကို အံ့အားသင့်ရပါသတဲ့။ ခုခေတ်အမြင်နဲ့ ကြည့်ရင်တော့ ရယ်စရာ ဖြစ်ကောင်းဖြစ်နေ မှာပေါ့လေ။ ဒါပေမဲ့ ဆရာကြီးရဲ့လုပ်ရပ်ကို မကောင်းဘူးလို့တော့ ဘယ်သူမှ ပြောမယ်မထင်ပါဘူး။
အချုပ်အားဖြင့်ပြောချင်တာကတော့ “မနုဿတ္တဘာဝေါ ဒုလ’ဘော”လူအဖြစ်က ရခဲပါတယ်။ ရလာတဲ့ဘဝတစ်ခုမှာ အလင်းရောင်ထဲမှာနေပြီး လောကရဲ့အလှကို မြင်အောင်ကြည့်နိုင်ကြဖို့ လိုပါတယ်။ အမှောင်ဆို တာကတော့ မျက်စိရှိပေမယ့်လည်း အလှဆိုတာ ကြည့်လို့မမြင်အောင် အမှောင်ကပိတ်ဆို့ ထားတာမဟုတ်လား။ ဘယ်မှာအလှဆိုတာရှိ နိုင်ပါ့မလဲ။ တကယ်တော့ အမှောင်ထဲမှာအလှ လည်းမရှိပါဘူး။ ဘဝလည်း မရှိပါဘူး။ အကြောက်တရားနဲ့ စိုးရိမ်နေရတာပဲရှိပါတယ်။ တမလွန်မှာလည်း ငရဲက စောင့်နေဦးမှာပါ။