ချစ်မေတ္တာ အိမ်ကလေး

ချစ်မေတ္တာ အိမ်ကလေး
Published 20 October 2016
ဟေမာန်

ညက ရွာသွန်းခဲ့တဲ့ မိုးကြောင့်ထင်ပါရဲ့ ရာသီဥတုက အေးတမြမြရှိလေသည်။ သာသောင့်သာယာ နံနက်ခင်းပေမို့ လောကဓာတ်ကြီး တစ်ခုလုံးလည်း သစ်လို့နေသည်။
သစ်ပင်ပန်းမန်တို့သည်လည်း စိမ်းစိမ်းစိုစို လန်းလန်းဆန်းဆန်း ရှိနေပေ၏။ ရန်ကင်းတောင်ခြေ လမ်းမှာလည်း မှိုင်းမှိုင်းပျပျလေး စွတ်စို၍နေပါသည်။ ထိုရန်ကင်းတောင်ခြေရှိ ကျူရိုး၊ ဓနိဖြာ၊ ဝါးထရံကာနှင့် ဖွဲ့စည်းတည် ဆောက်ထားသည့် ခြေတံရှည်အိမ်ကလေး၏ အရှေ့ဘက်တွင် အဘိုးအိုတစ်ဦး အပေါ်ပိုင်း အင်္ကျီမပါ ဗလာကျင်းဖြင့် ဝါး၊ ဓနိတွေဖြင့် ပရိယေသနဝမ်းစာအတွက် ဝါးထရံတွေ ရက်လုပ်နေသည်။ ထိုဝါးထရံအိမ်ကလေး၏ အနောက်ဘက်ရှိ မီးဖိုချောင်လေးမှာတော့ အဘွားအိုတစ်ဦး ထမင်းဖြူနှင့် ခရမ်းချဉ်သီးအနှစ် ဆုပ်နယ်ကာ ပန်းကန်းပြားလေးထဲထည့်ပြီး အိမ်ရှေ့မန်ကျည်းပင်ပေါ် ခိုနားနေသည့် ချိုးငှက်ကလေးအား မိချိုးရေ ထမင်းစားရအောင် လာခဲ့ဟု လှမ်းခေါ်၍နေလေ၏။
ခေါ်သံကြား၍ ဆင်းလာသော မိချိုးလေးအား ထမင်းစားပြီး ရေသောက်ရန် ရေခွက်ထဲသို့ ရေခပ်ထည့်ပေးပြီး မိချိုးလေး ထမင်းစား ချောမွေ့စေဖို့ ဘေးနားနေ၍ ဂရုတစိုက် စောင့်ကြည့်ပေးရင်း စားစားသမီးစားဟုလည်း နှုတ်မှ တတွတ်တွတ် ပြောနေသည်။

တစ်ချိန်က မိချိုးနေခဲ့သည့် အသိုက်ကလေး လေအဝှေ့တွင် ပြုတ်ကျခဲ့သဖြင့် အဘွားအိုက ကောက်ယူမွေးစားခဲ့သည်။ မွေးကင်းစ အမွေးအတောင် မစုံသေးသည့်အရွယ် မိခင်ချိုးငှက်မှ သူ၏အတောင်ဖြင့်အုပ်ကာ ချိုးကလေးငယ်တွေအား အနွေးဓာတ်ပေး ကာကွယ် စောင့်ရှောက်ရမည် ဖြစ်သော်ငြား မိခင်ချိုးငှက် မရှိတော့သည့် မိချိုးအဖို့ ညအိပ်တန်းဝင်ချိန် အဖွားအိုတို့အိပ်ရာဘေး ခိုကပ်အနွေးဓာတ် ယူရင်းကြီးပြင်းခဲ့ရသည်။ အဘွားအိုက ဝါးကျွေးခွံ့ပေးသည့်ထမင်းကို စားသောက်ရင်း အရွယ်ရောက်ခဲ့သည်။
နှမ်းကို အင်မတန်နှစ်သက်သည့် မိချိုး နှမ်းစားချင်၍ ဆင်းလာသော် နှမ်းမရှိပါက အဖွားအိုက ခေတ္တစောင့်ရန်ပြောပြီး အပြေးအလွှားဝယ် ပန်းကန်းလေးထဲ ဖောက်ထည့်ပေးလျှင် မြိန်ရေယှက်ရေ နှုတ်သီးကလေးဖြင့် စားသောက်လေသည်။ ထမင်းစားချင်ပါက မီးဖိုချောင်ထဲသွား၍ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်တတ်သော မိချိုး အဘိုးအို၊ အဘွားအိုတို့ ထမင်းစားချိန်နှင့် ကြုံကြိုက်ပါကဝင် စားတတ်သေးသည်။
မိချိုးဟုခေါ်သည့်တိုင် မိချိုးလေးမှာ အမမဟုတ် အထီးတစ်ကောင်သာဖြစ်၍ ငယ်စဉ် အထီး အမ မကွဲသေး၍ ချစ်စနိုးဖြင့် မိချိုးဟုခေါ်ရင်း နှုတ်ကျိုးကာ မိချိုးဟုပင် ဆက်ခေါ်နေခြင်းဖြစ်သည်။ ယခု မိချိုးနေသည့် မန်ကျည်းပင်ပေါ်၌ ချိုးမလေး တစ်ကောင်လည်းရှိရာ နဖူးစာရွာလည်လို့ မေတ္တာငင်ရင်း ဥကလေးပြီး ပေါက်ခါစ ချိုးကောင်လေးနှစ်ကောင် ရှိသေးသည်။ ထိုချိုးကလေးငယ်နှင့် မိသားစုနေဖို့ အသိုက်ဆောက်ရန် ဝါးမျှင်စ သစ်ကိုင်းခြောက်တို့ကို မိချိုးဆင်းလာ ကောက်တတ်သေးသည်။ ဝါး မျှင်စ၊ သစ်ကိုင်းခြောက်တို့ကိုလည်း  နှုတ်သီးဖြင့် ထောက်ကြည့်ပြီး စိတ်တိုင်းကျ သဘောကျမှ ကောက်ယူသွားတတ်သည့် မိချိုးမြေပြင်တွင် ကြာနေပါက ချိုးမကလေးက စိတ်မရှည် ဆင်းလာပြီး ဝိုင်းကောက်တတ်သေး၏။
မိချိုး ထမင်းစားပြီး၍ ပြန်တက်သွားသော် အဖွားအိုသည် ပန်းကန်းနှင့် သောက်ရေခွက်အား ဆေးကြောသိမ်းဆည်းမှု ပြုလေသည်။ ဝါး၊ ဓနိတွေကို ရက်လုပ်နေသည့်အဘိုး အိုမှာလည်း ပြောင်းဖူးစေ့ကိုခြွေချရင်း ကြက်မကလေးအား အစာကျွေးနေပေသည်။ တစ်ဖန် ရှဉ့်တစ်ကောင်အား တယုတယပွေ့ဖက်ရင်း မွေးသပ်ပေး၍နေသည်။
တိုးတိုးဟု အမည်ပေးထားသည့် ရှဉ့်အိုတစ်ကောင်။ အသက်အရွယ် ရှစ်နှစ်ခန့်ရှိရော့မည်။ အပေါ်သွား အောက်သွားများ မရှိတော့သည့်အတွက် ထိုရှဉ့်အိုလေးအတွက် စားသောက်ဖွယ်ရာများကို ဂရုစိုက်ပေးရသည်။ ထမင်းပျော့ပျော့၊ ငှက်ပျောသီးပျော့ပျော့တို့ စီမံပေးရသည်။ ပြောင်းဖူးကျွေးမည်ဆိုလျှင် ဓားဖြင့်ပေါက်ပြီး နုပ်နုပ်စဉ်းပြီးမှ ကျွေးသည်။ အဆီပါသော အစားအစာများဖြစ်သည့် အကြော်၊ အီကြာကွေးတို့ကိုမူ တိုးတိုးက မကြိုက်သော်လည်း တိုးတိုးနှင့်အတူနေသည့် ကစားဖော်ကစားဖက် တွေဖြစ်သည့် ရှဉ့်ထီး ပျိုဝါလေး၊ ရှဉ့်မလေး ဘိုမနှင့် လုံးလုံးတို့ကမူ အင်မတန် ကြိုက်နှစ်သက်သည်။ သီးနှံစုံကျွေးမွေးသည့်အပြင် ညနေစောင်းလျှင် ထမင်းကျွေးသေးသည်။ မအားသည့် ညနေများ၌ ထမင်းကျွေးရန် မေ့လျော့သည်ဆိုလျှင်ဖြင့် တစ်ညတာလုံး သောင်းကျန်းဗြောင်းဆန် နေတတ်လေသည်။

ထိုရှဉ့်ကလေးတွေ ကောက်ရမွေးမြူစဉ်အခါက နေ့စဉ်နေ့တိုင်း နို့မုန့်ထုပ်လေးဖျော်ကာ နို့ဘူးလေးထဲထည့် တိုက်လျှင် မွေးကင်းစ ကလေးငယ်လေးများ ကဲ့သို့ပင် နို့ဘူးလေးအား လက်ကလေးနှစ်ဖက်ဖြင့် ကိုင်စို့ရင်း ကြီးပြင်းလာခဲ့ကြသည်။ နေမကောင်း မကျန်းမမာဖြစ်လျှင် ဒီကိုဂျင် တစ်ခြမ်းတိုက်၍ အဘွားအိုတို့နှင့်အတူ အိပ် စေခဲ့သည်။ ချွဲကျပ် ရင်ကျပ်ဖြစ်ရင်လည်း အသင့်ဆောင်ထားတတ်သည့် ထက်လင်းရင်လူးဆေးဖြင့် တယုတယ လိမ်းပေးသည်။ ရှဉ့်ကလေးတွေအတွက် သီးသန့်အခင်းလေးများ စီစဉ်ပေးထားသော်လည်း ထိုအဝတ်အ ခင်းများ သေးစိုနေလျှင် ဂရုတစိုက် အသစ်လဲပေးပြီး အဟောင်းလျှော်ဖွပ်ပေးခြင်းဖြင့်  ပြုစု စောင့်ရှောက်ခဲ့သည်။ ဆောင်းတွင်း၏ညချမ်း အချိန်၌ ရှဉ့်ကလေးများ နွေးနွေးထွေးထွေးရှိ စေဖို့ရာ အဘွားတို့အိပ်ရာ၌ ထားသိပ်ပေးရင်း ပြုစုစောင့်ရှောက်လာခဲ့သည်မှာ တိုးတိုး၏တစ်သက်မျှရှိပြီဖြစ်သည်။
တစ်ခါကလည်း ယုန်ကလေးတစ်ကောင် ကိုလည်း မွေးဖူးခဲ့သေးသည်။ ယခုလက်ရှိတွင်လည်း ရှဉ့်လေးကောင်၊ ချိုးငှက်မိသားစု၊ ကြက်မိသားစုအပြင် အခြားသော ကျေးငှက်တို့သည်လည်း ရံဖန်ရံခါ လာတတ်သေးသည်။ ထိုအကောင်ကလေးများ အသိုက်မှပြုတ်ကျလျှင် ခဏတဖြုတ် ပြုစုရန် ကောက်ယူထားခဲ့သော်လည်း ကျေးဇူးရှင်မှန်း သိတတ်ကြသည့် အကောင်လေးများသည် တော်ရာမှာ မနေတော့ဘဲ ပျော်ရာဖြစ်သော အန်တီတို့အိမ်ကလေး၌ပင် ဆက်လက်၍ နေထိုင်ကြမြဲဖြစ်သည်။ မေတ္တာတရားပြည့်ဝကြသော အဘိုးအို၊ အဘွားအိုတို့လည်း  ငြိုငြင်ခြင်းစိုးစဉ်းမျှမရှိဘဲ ပြုစုစောင့်ရှောက်ရင်း ပျော်ရွှင်စွာ နေထိုင်စားသောက် ရှင်သန်နေကြစမြဲပင်ဖြစ်သည်။
လေအဝေ့ကြောင့် ပြုတ်ကျလာတတ်သည့် အသိုက်ကလေးတွေကိုလည်း သစ်ပင်ပေါ်သို့ ပြန်တင်ပေးပေါင်းများခဲ့ပြီ။“တချို့တွေက ဒီလိုအကောင်လေးတွေ ပြုတ်ကျရင် ကောက်ပြီးချက်စားကြတယ်။ အန်တီတို့တော့ ချက်မစားရက်တဲ့အပြင် အဲဒီလိုအကောင်လေးတွေ ပြုတ်ကျလာရင် သူတို့နဲ့အပြိုင်လုပြီးကောက် ရတာအမော”ဟု အဘွားအိုက ဆိုလေသည်။
အချို့ကလေးငယ်များသည် လေသေနတ်ဖြင့် ပစ်ကြသောအခါ အဘိုးအိုတို့မှ မပစ်ကြရန် မေတ္တာရပ်ခံတတ်လွန်းသည်ကြောင့် ယခုနောက်ပိုင်း သိပ်မပစ်ကြတော့ဘဲ ပြုတ်ကျနေသည့် အသိုက်ကလေးများ ရှိပါကလည်း အဘိုးအိုတို့အား လာပေးတတ်လေသည်။ သို့သော် ရန်ကမူမအေးသေး။ အကောင်ငယ် လေးများအား လိုက်ဆွဲလိုက်ကိုက်တတ်သည့် ခွေးတွေ၊ ကြောင်တွေရန်မှလည်း ကင်းရှင်းစေရန် အမြဲတမ်း မျက်စိဒေါက်ထောက် ကြည့်ရင်း ဂရုစိုက်နေရပေသေးသည်။
တိရစ္ဆာန်လေးတွေကို ချစ်တတ်ကြသည့် သားသမီးမရှိသော အဘိုးဦးသန်းနှင့် အဘွား ဒေါ်မိုးမိုးတို့သည့် တစ်နေ့လုပ် တစ်နေ့စားသည့် အခြေခံ လူတန်းစားများ ဖြစ်ကြသော်လည်း မိမိတို့တတ်နိုင်သည့်အလျောက် အကောင်ကလေးများအား မွေးမြူရင်း ပြုစု စောင့်ရှောက်နေကြသူများ ဖြစ်ကြလေသည်။
ဝါး၊ ဓနိတို့ဖြင့် ဝါးထရံ၊ ရံဖန်ရံခါ အမှာရှိလျှင် ဆွမ်းလောင်းလျှင်အသုံးပြုသည့် ထမင်းပုတ်၊ စပါးပေါ်ချိန် အသုံးပြုကြရသည့် ပုတ်ကြီးတွေလည်း ရက်လုပ်ပေးလျက်ရှိသည့် အဘိုးဦးသန်းမှာ ဤလုပ်ငန်းကို လုပ်ကိုင်စားသောက် လာသည်မှာ ငယ်ရွယ်သိတတ်စအရွယ်မှဖြစ်၍ ယခုတိုင် ကျေးဇူးရှင် ဤဝါးထရံလုပ်ငန်းဖြင့် ပရိယေသနဝမ်းစာအား ဖြေရှင်းရင်း နေ့ရက်တို့ ဆက်နေဆဲဖြစ်သည်။ အဘွားဒေါ်မိုးမိုးမှာလည်း မိမိတတ်စွမ်းသမျှ အိမ်ထောင်မှု နိုင်နိုင်နင်းနင်းပြုရင်း ပါရမီဖြည့်လာခဲ့သည်။
တစ်ရံတစ်ခါ ဝါးရှလျှင်ဖြင့် ဆေးခန်းသို့မူမသွား။ အိမ်တွင် အသင့်ဆောင်ထားသော ဘီသာဒိုင်းဆေးဝါရည်အား အသုံးပြုပြီး ပတ်တီးစည်းရင်း ရှနာဒဏ်ရာများ သက်သာစေခဲ့ရသည်။ နေမကောင်း မကျန်းမမာဖြစ်လျှင်လည်း ဒီကိုဂျင်သောက်၍ ပျောက်ခဲ့သည်။ ဆေးရုံ၊ ဆေးခန်းသွားဖို့ရာ မည်သည့်အခါမှ စဉ်းစားခဲ့ခြင်းမူမပြု။
ကျန်းကျန်းမာမာရှိလှသော အသက် ၆၀ အရွယ် ဦးသန်းနှင့် ဒေါ်မိုးမိုးတို့မှာလည်း ဆေးရုံဆေးခန်းသွားရသည်အထိ မဖျားနာဖူးကြပေ။ ဝါးကပ်ထရံ သုံးဖက်ကာရံပြီး တစ်ဖက်ပွင့် ခြေတံရှည်အိမ်ကလေးမှာ နွေ၊ မိုး၊ ဆောင်း သုံးရာသီ အလီလီပြောင်း မလုံ့တလုံ နေထိုင်ကြပေမယ့် သတ္တဝါတို့အပေါ် မေတ္တာ ရေစင် ဖျန်းပက်နေသည့်သကာလ ကျန်းကျန်းမာမာ ရှိနေဆဲပင်။
သားသမီး မထွန်းကားသော အဘိုးဦးသန်းနှင့် အဘွားဒေါ်မိုးမိုးတို့သည် တိရစ္ဆာန် လေးများအား သားသမီးလို သဘောထားပြုစု စောင့်ရှောက်နေကြရင်း” အခု ကြက်တူရွေး မွေးဖို့ နှစ်ယောက်သား တိုင်ပင်နေကြတာ။ ဝယ်ပြီး သံဆန်ခါလေးနဲ့ထည့်ထားရင်ကောင်း မလား လို့” ဟု အဘွားဒေါ်မိုးမိုးက ပြောသည်။
ထိုကဲ့သို့ မေတ္တာစမ်းရေ တသွင်သွင်အမြဲ စီးဆင်းနေသည့် အဘိုး၊အဘွားတို့အိမ်ကလေး၌ အကောင်ပေါက်ကလေးများ ထပ်မံရောက်ရှိလာပါက ပြုစုစောင့်ရှောက် မွေးမြူရန်အသင့်ဖြစ်နေပေလိမ့်ဦးမည် ဖြစ်ပေသည်။