(၁)
ကျွန်တော်တို့ ငယ်စဉ်က တရုတ်သိုင်းကားတွေ ခေတ်စားခဲ့ဖူးသည်။ ထို့ကြောင့် ကလေးတို့ဘာသာဘာ၀ ဆော့ကစားကြသည့်အခါ ‘ဓား’သည် မပါမဖြစ် ပစ္စည်းဖြစ်ခဲ့သည်။ တွေ့ကရာ သစ်သားချောင်းတွေ၊ ဝါးတံတွေသည် ကျွန်တော်တို့ကလေးများလက်ထဲတွင် အချင်းချင်း ခုတ်ကစားလို့ရသည့် ဓားတွေ ဖြစ်သွားကြပါတော့သည်။ ဤသို့ဖြင့် ကျွန်တော်တို့ ဓားကိုင်ကာ ဟန်ရေးပြကြသည်။ ဓားသိုင်းကစားကြသည်။
တစ်ယောက်နှင့်တစ်ယောက် ဓားချင်းယှဉ်ခုတ်ကာ ပါးစပ်ကလည်း “ယိစ်” “ယား” “ချွင်” “ချွမ်”ဟု အသံပေးကာ ဓားသိုင်းကစားခဲ့ကြသည်မှာ ပျော်စရာကောင်းပါသည်။ သြော် ငယ်စဉ်တုန်းကတော့ “ဓား” ဟူသည် ကစားစရာ သက်သက်သာဖြစ်သည်။
(၂)
လသာသည့်ည ... ။ လူပျိုပေါက်အရွယ် ကာလ။ အိမ်ရှေ့ကွပ်ပျစ်မှာ ထိုင်ရင်း လူငယ်သဘာ၀ ဟိုအကြောင်းသည်အကြောင်း ထိုင်ပြောကြသည်။ စကားထာ ဝှက်ကြသည်။ စကားနိုင်လုကြသည်။ သူ့ထက်ငါ အပြိုင်အဆိုင် ငြင်းခုန်ကြသည်။ လူငယ်စိတ်နှင့် စကားကို မနိုင်နိုင်အောင် ဟုတ်တာရော မဟုတ်တာရော ကြံဖန်ပြောကြသည်။
တစ်ယောက်က “ဟေ့ ငါတို့အမျိုးကို ဘာမှတ်လို့လဲ။ ထရံကြားမှာ ထိုးထားတဲ့ ငါ့အဘိုးရဲ့ဓားအခုထိ ရှိသေးတယ်ကွ” ဟု ပြောသည်။
“မင်းအဘိုးဓားကို ဘာလုပ်ရမှာလဲ”
“ဟ နှယ်နှယ်ရရ ဓားမဟုတ်ဘူး။ နယ်ချဲ့ကောင်တွေရဲ့ သွေးကို သောက်ခဲ့တဲ့ဓားကွ” “ဟုတ်ပါလိမ့်မယ် အားကြီး။ ငါ့အဘိုးဓားကမှ နယ်ချဲ့တွေကို အမှန်အကန် တွန်းလှန်ခဲ့တဲ့ ဓားကွ”
“အခု အဲဒီဓား ရှိသေးလား”
“မရှိတော့ဘူး၊ ပဲကြီးလှော်နဲ့ လဲစားလိုက်ပြီကွ”
“ဟား ဟား ဟား ဟား”
မည်သို့ဆိုစေ နယ်ချဲ့ကိုလိုနီတွေကို တွန်းလှန်ဖြိုခွဲရာတွင် “မြန်မာ့ဓား”သည် တစ်ထောင့်တစ်နေရာမှာ ပါဝင်ခဲ့သည်ကတော့ အမှန်ပင်ဖြစ်ပါသည်။
“ဓား” ဟူသည် ကစားစရာသက်သက်မဟုတ် သမိုင်းဝင် ပစ္စည်းတစ်ခုလည်း ဖြစ်ပါသည်။
(၃)
ကျွန်တော် ငါးတန်း ကျောင်းသားဘဝတွင် အမေ့ကို ကူညီရန် မီးဖိုချောင်ထဲ ဝင်ခဲ့ဖူးပါသည်။ အမေ ထမင်းအိုးတည်ရန် မီးမွှေးဖို့အတွက် ထင်းပေါက်ကလေးတွေ စုပေးရသည်။ ထို့နောက် ထင်းပေါက်စသေးသေး လေးတွေဖြစ်အောင် ဓားမတစ်ချောင်းနှင့် ထင်းခွဲပေးရသည်။ ထိုအခါ အမေက “ဟဲ့ လက်ထိမယ်နော်”ဟု သတိပေးတတ်သည်။ ကျွန်တော်က သတိထားပြီး ထင်းခွဲသည်။ ရလာသည့် ထင်းပေါက်စလေးတွေကို မီးဖိုထဲ ထည့်ကာ မီးမွှေးသည်။ မီးတောက်လာအောင် ယပ်တောင်နှင့် ခတ်ပေးသည်။
“ကြည့်စမ်း ထင်းခွဲပြီးတဲ့ဓားကို နေရာ ပြန်မထားဘူး”
အမေ့အသံကြားတော့မှ ဓားကို နေရာတကျ ပြန်မထားရသေးမှန်း သတိရသွားသည်။ ဟုတ်ပါရဲ့ ... မတော်တစ်ယောက်ယောက် တက်နင်းမိလို့ ရှသွားမှဖြင့် ...။ ကြမ်းပြင်ပေါ်မှာ သည်အတိုင်း ပစ်ချထားခဲ့မိသော ဓားကို ကျွန်တော်ကောက်ယူကာ မီးဖိုချောင် အနောက်ဘက်နံရံမှာ ထောင်ထားလိုက်ရသည်။ “ဓား” ဟူသည် သတိနှင့် ကိုင်ရသော အရာဖြစ်သည်။ ထို့အပြင် နေရာတကျ သိမ်းဆည်းထားရသော အရာလည်း ဖြစ်သည်။
(၄)
ဘဝမှာ “ဓား” နှင့် ပတ်သက်ပြီး ပထမ ဆုံးထိတ်လန့်သွားသည်မှာ ၈ တန်းကျောင်းသား ဘဝလောက်က ရပ်ကွက်ထဲမှာ ဖြစ်သွားသည့် ဓားထိုးမှုတစ်ခုဖြစ်သည်။ ဖြစ်သွားသည့်ကိစ္စက ဘာမှမဟုတ်။ တကယ့်ကို ဘာမှမဟုတ်သည့် ကိစ္စသေးသေးလေးက ဓားနှင့် ထိုးရလောက်သည့် အခြေအနေသို့ ရောက်သွားခဲ့သည်။ ဓားထိုးခံရသူက ကျွန်တော်တို့ ရပ်ကွက်ထဲမှာ လူချစ်လူခင်များသည့် လူငယ်လေးတစ်ယောက်ဖြစ်သည်။ ထိုစဉ်က သူသည် ကျူရှင်တစ်ခုမှာ ကျောင်းစာရေးလုပ်နေသည်။ သူ့ကို ဓားနှင့် ထိုးသူက ရပ်ကွက်ထဲသို့ ခေတ္တ လာလည်သည့် ဧည့်သည်မျက်နှာစိမ်း။
ဖြစ်ချင်တော့ ထိုနေ့က ကျောင်းစာရေး လူငယ်လေး စက်ဘီးနင်းလာရာ ဗွက်အိုင်ငယ်လေးတစ်ခုပေါ် နင်းလိုက်မိသောကြောင့် ဘေးပတ်ဝန်းကျင်ကို ရွှံ့အနည်းငယ် စဉ်သွားသည်။ ရွှံ့စဉ်ခံလိုက်ရသူက ဘေးမှာ လမ်းလျှောက်လာသည့် ဧည့်သည်မျက်နှာစိမ်း။ လူငယ်လေးခမျာ ပြာပြာသလဲ တောင်းပန်ရှာပါသည်။ “မတော်လို့ပါ ခင်ဗျာ၊ တောင်းပန်ပါတယ်”ဟု အထပ်ထပ်ရေရွတ်ရှာသည်။ တကယ်တော့ ဘာမှကြီးကြီးကျယ်ကျယ် မဟုတ်။ ဧည့်သည်၏ ပုဆိုးကို ရွှံ့စက် အနည်းငယ် စဉ်သွားရုံသာဖြစ်သည်။
အဖြစ်အပျက်က မထင်မှတ်ဘဲ ကြေကွဲစရာအဖြစ်သို့ အသွင်ပြောင်းသွားသည်။ ဧည့်သည်ဖြစ်သူသည် အိမ်ပြန်ကာ ဓားသွားယူသည်ကို မည်သူမျှ သတိမထားမိလိုက်ကြ။ အားလုံး သတိထားမိလိုက်ကြသည့်အချိန် မှာ လူငယ်လေးသည် ဓားဒဏ်ရာနှင့် ပုံလျက်သား လဲကျသွားသည်။ ဧည့်သည်မျက်နှာစိမ်းကတော့ ထိုးလိုက်သည့် ဓားကို ဆွဲနုတ်ကာ ထွက်ခွာသွားချေပြီ။ လူငယ်လေးကို ပွေ့ယူကာ ဆေးရုံပို့ဖို့ ကြိုးစားပါသော်လည်း လမ်းတစ်ဝက်မှာတင် အသက်ပျောက်သွားပါသည်။
ထိုနေ့က ကျွန်တော်တို့တစ်ရပ်ကွက်လုံး အဆိုပါဓားထိုးမှုသတင်းကို ပြောလို့မဆုံးကြ။ သေဆုံးသွားသည့် လူငယ်လေးအတွက် စုတ်တသပ်သပ်ဖြစ်ကာ နှမျောတသ ဝမ်းနည်းလို့ မဆုံးနိုင်ကြချေ။ ဘာမဟုတ်သည့် အဖြစ်အပျက်လေးတစ်ခုက လူတစ်ယောက်၏ အသက်ကို ရက်ရက်စက်စက် ဆွဲနုတ် ယူငင်သွားသည့်အဖြစ်ကို ဘယ်လိုမှနားမလည်နိုင်အောင် ဖြစ်နေကြလေသည်။
“ဓား”ဟူသည် တော်တော်ကြောက်စရာကောင်းသည့် လက်နက်တစ်ခုပါလား။
(၅)
အခုနောက်ပိုင်းမှာတော့ ကြောက်စရာကောင်းသည့် ဓားအကြောင်းကို ပိုပိုပြီး သိလာရပါသည်။ အွန်လိုင်းပေါ်မှာ သတင်းစာတွေပေါ်မှာ “ဓား” က အဓိကဇာတ်ကောင် ဖြစ်နေသည်။ လူငယ်အချင်းချင်း ဓားချင်းယှဉ်ခုတ်သည့် သတင်း၊ သမီးရည်စားချင်း လမ်းခွဲစကားပြောမိသောကြောင့် ဓားနှင့် ထိုးသည့်သတင်း၊ လင်မယားချင်းရန်ဖြစ်ကာ ဓားနှင့် ခုတ်သည့်သတင်း၊ အကြွေးတောင်းရာမှ မကျေနပ်၍ ဓားနှင့် ထိုးသည့်သတင်း၊ ရန်ငြိုးကြောင့် အိမ်ပေါ်တက်ကာ ဓားနှင့်ခုတ်သည့် သတင်း၊ တက္ကစီကားပေါ်မှာ ဓားနှင့် ထောက်ကာ ငွေညှစ်သည့် သတင်းစသည့် စသည့် ဓားသတင်းတွေက မမြင်ချင်မှ အဆုံးဟုပင် ဆိုရပေမည်။ ထိုကဲ့သို့ သွေးစွန်းနေသော ဓားများကို မြင်တွေ့ရသောအခါ ဓားကို ထုတ်လုပ်ရခြင်း၏ မူလရည်ရွယ်ချက်မှ သွေဖည်ခဲ့လေပြီလားဟု စဉ်းစားမိသည်။
ငယ်စဉ်က အမေ့အတွက် ထင်းပေါက်ပေးခဲ့သည့် အချိန်တွေကို ကျွန်တော်ပြန်သတိ ရမိသွားသည်။ ဓားကို သတိနှင့်မကိုင်ဘဲ လောဘ၊ ဒေါသ၊ မောဟစိတ်များနှင့် ကိုင်နေသမျှ၊ ဓားကို နေရာတကျ မသိမ်းဆည်းဘဲ ကြုံသလို စည်းမဲ့ကမ်းမဲ့ ပစ်ထားနေသမျှ ကာလပတ်လုံး “ဓား” ဟူသောအရာသည် ကျွန်တော်တို့အားလုံးအတွက် အင်မတန် ကြောက်စရာကောင်းသည့် လက်နက်တစ်ခု ဖြစ်နေဦးမည်မှာ သေချာပါသည်။
ဓား
Most Read
Most Recent
16 hours ago










