တပ်မတော်၊ နယ်ခြားစောင့်တပ်တို့နှင့် တိုက်ပွဲဖြစ်ပွားနေသည့် DKBA ခွဲထွက်အဖွဲ့အား ပြန်လည် ပူးပေါင်းရန် KNU ဖိတ်ခေါ်

တပ်မတော်၊ နယ်ခြားစောင့်တပ်တို့နှင့် တိုက်ပွဲဖြစ်ပွားနေသည့် DKBA ခွဲထွက်အဖွဲ့အား ပြန်လည် ပူးပေါင်းရန် KNU ဖိတ်ခေါ်
Published 5 October 2016
ကျော်ဇင်ဝင်း

တပ်မတော်၊ နယ်ခြားစောင့် တပ်တို့နှင့် တိုက်ပွဲဖြစ်ပွားနေသည့် DKBA ခွဲထွက်အဖွဲ့အား ပြန်လည်ပူးပေါင်းရန် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဖိတ်ခေါ်ကမ်းလှမ်းသည့် ကြေညာချက်အား အောက်တိုဘာ ၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်၌ KNU ၏ (၁၅)ကြိမ်မြောက် ကွန်ဂရက် ဆုံးဖြတ်ချက်နှင့်အညီ ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှုကို အခြေခံပြီး ခွဲထွက် ကရင့်လက်နက်ကိုင် အဖွဲ့အစည်းများအား စုစည်းနိုင်ရန် ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေး ကော်မတီကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ KNU မှခွဲထွက်ခဲ့သော ကရင့်လက်နက်ကိုင် အဖွဲ့အစည်းများသည် KNU ၏ နိုင်ငံရေး ဦးဆောင်မှုအောက်တွင် တစုတစည်းတည်း ပါဝင်နိုင်ရန် အထူးလိုအပ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ခွဲထွက် DKBA မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်အမှတ် ၁/၂၀၁၆ အရ ယခင် DKBO ထုတ်ပြန်ချက်အမှတ် ၁/၉၄ နှင့် ၂/၉၄ အတိုင်း ရပ်တည်သွားမည်ဟု ဆိုထားကြောင်း၊ ၎င်းရပ်တည်ချက် မူဝါဒများသည် KNU ကို ဆန့်ကျင်ပြီး နအဖအစိုးရက ဖွဲ့စည်းပေးခဲ့သည့် အဖွဲ့အစည်းလည်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ ခွဲထွက် DKBA မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်ပါ ထုတ်ပြန်ကြေညာချက် အမှတ် ၁/၂၀၁၆ အား ရုပ်သိမ်းပြီး KNU နှင့် ပြန်လည်ပူးပေါင်းရန် KNU မှ လက်ခံကြိုဆိုကြောင်း ထုတ်ပြန်ချက်၌ ရေးသားထားသည်။
“သူတို့ (ခွဲထွက် DKBA) အနေနဲ့ အခု သူတို့ထုတ်ထားတဲ့ ၁/၉၄ ကို အမှန်တကယ် ဆက်လက် ချီတက်ဦးမယ် ဆိုရင်တော့ ဒါဟာ ယခင်က KNU ကိုဆန့်ကျင်တဲ့ ရပ်တည်ချက်ဖြစ်တယ်။ သူတို့ရပ်တည်ချက်ကို ရုပ်သိမ်းလိုက်မယ်ဆိုရင် ကျွန်တော်တို့နဲ့ ပြန်လည်ပူးပေါင်းလိုက ပူးပေါင်းနိုင်တယ် ဆိုတာကို KNU လက်ကမ်း ကြိုဆိုတာပါပဲ” ဟု KNU အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲက ပြောကြောင်း KIC သတင်းဌာန၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။ ပဒိုစောသောသီဘွဲထံ The Daily Eleven က ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိ၍ သီးခြားမေးမြန်းနိုင်ခဲ့ခြင်း မရှိပေ။
DKBA ခွဲထွက်အဖွဲ့သည် NCA စာချုပ်၌ လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) မှ ထုတ်ပယ်ခံခဲ့ရသည့် အဖွဲ့ဝင်များက ဦးဆောင်ကာ ၁၉၉၄ ခုနှစ်တွင် KNU အဖွဲ့မှ ခွဲထွက်စဉ်က အသုံးပြုခဲ့သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အမည်ကို အသုံးပြုကာ ပြန်လည်ထူထောင် ထားခြင်းဖြစ်သည်။
DKBA ခွဲထွက်အဖွဲ့၏ ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် ထုတ်ပြန်ခဲ့သည့် ၁/၂၀၁၆ ကြေညာချက်တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA- Democratic Kayin Buddhist Army) ကို ပြန်လည်ဖွဲ့စည်းလိုက်ပြီး တပ်ဖွဲ့ဝင်များမှာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (Democratic Kayin Benevolent Army-DKBA) မှ ထုတ်ပယ်ခြင်း ခံထားရသည့် တပ်ဖွဲ့ဝင်များ၊ ၂၀၁၀ ပြည့်နှစ်တွင် နအဖအစိုးရမှ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး (DKBO) ကို ဖျက်သိမ်းပြီး နယ်ခြားစောင့်တပ် (BGF) အသွင် ပြောင်းလဲရာတွင် BGF သို့ အမှုထမ်းရန် ဆန္ဒမရှိသူများဖြစ်ဟု ဖော်ပြထားသည်။
ထို့အတူ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ခံယူချက်သည် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး (DKBO) ၏ ထုတ်ပြန်ကြေညာချက် အမှတ် ၁/၉၄ နှင့်  ၂/၉၄ အတိုင်း ရှေ့သို့ချီတက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း DKBA ခွဲထွက်၏ ၁/၂၀၁၆ ကြေညာချက်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။   

Most Read

Most Recent