ရုပ်ရှင်ဈေးကွက်၏ ရေစီးကြောင်း ပြောင်းလဲလာမှုနှင့်အတူ ပြည်ပမှအနုပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်စေ၍ ရုပ်ရှင်ဇာတ်ကား ဖန်တီးရိုက်ကူးမှုများ ရှိလာသည့်အပြင် ပြည်ပမှ ဒါရိုက်တာများ၊ အနုပညာရှင်များကလည်း မြန်မာနိုင်ငံ၏ လှပသည့် တောတောင်ရေမြေရှုခင်းများ၊ ယဉ်ကျေးမှုဓလေ့ စရိုက်များကို အခြေခံကာ ဇာတ်ကားများ ရိုက်ကူးဖန်တီးလာကြပါသည်။ ယင်းသို့ ပြည်ပမှ အနုပညာရှင် အတတ်ပညာရှင်များနှင့် ပြည်တွင်းမှ အနုပညာရှင်များ ပူးပေါင်း ဖန်တီးထားသည့် ဇာတ်ကားတစ်ကားဖြစ်သော ‘From Bangkok to Mandalay’ ရုပ်ရှင်ဇာတ်ကားမှာ အောက်တိုဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံ၌ ပြသမည်ဖြစ်ကာ နိုဝင်ဘာ ၁၀ ရက်တွင် ထိုင်းနိုင်ငံ၌ ပြသရန် စီစဉ်ထားပါသည်။ မြန်မာနိုင်ငံ၏ ထင်ရှားလှပသည့် နေရာဒေသများကို သွားရောက်ကာ ဇာတ်လမ်းပုံဖော် ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ အဘွားဖြစ်သူ၏ လျှို့ဝှက်ချက် အဖြေအား ဖော်ထုတ်ရန် ရောက်ရှိလာသူ လေးတစ်ဦးအဖြစ် ပါဝင်ထားသည့် ထိုင်းမင်းသမီး Naam Whan Pilaiporn နှင့် တွေ့ဆုံဖြစ်သည့်အခိုက် ဇာတ်ကားတွင်ပါဝင် ဖြစ်ခဲ့ပုံ၊ သရုပ်ဆောင်ခွင့်ရသည့် အတွေ့အကြုံများနှင့် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးအပေါ် အမြင်များအား မေးမြန်းဖြစ်ခဲ့ပါသည်။■ မေး - ဒီဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်တဲ့ အဓိက ဆွဲဆောင်တဲ့ အကြောင်းအရာက ဘာများဖြစ်မလဲ။ဖြေ - ဒီဇာတ်ကားကို လာရောက်ရိုက်ကူးရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဇာတ်ကားရိုက်ကူးတဲ့ ရည်ရွယ်ချက်ကလည်း အရမ်းကောင်းတယ်။ ပြီးတော့ မြန်မာနိုင်ငံကလည်း လှပတဲ့ နေရာဒေသတွေ အရမ်းများတယ်။ ပြီးတော့ မြန်မာနဲ့ထိုင်း ပူးပေါင်းရိုက်ကူးတဲ့ ဇာတ်ကားလည်း ဖြစ်နေတယ်။ ဒါကြောင့် ပါဝင်ရိုက်ကူးဖို့ လက်ခံဖြစ်ခဲ့တာပါ။ အခုလို ပါဝင်ရိုက်ကူးခွင့်ရတဲ့ အတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။■ မေး - စိုင်းစိုင်းနဲ့ တွဲဖက်သရုပ်ဆောင်တဲ့ အခါမှာရော ဘယ်လိုအကူအညီမျိုးတွေရလဲ။ သူ့ရဲ့ သရုပ်ဆောင်မှုအပေါ်မှာရော ဘယ်လိုမြင်လဲ။ဖြေ - စိုင်းစိုင်းက အများကြီး ကူညီပေးပါတယ်။ ဘာသာစကားပိုင်းဆိုင်ရာ အခက်အခဲ ရှိပေမယ့် တစ်ယောက်နဲ့ တစ်ယောက်ကူညီပြီး သရုပ်ဆောင်ခွင့်ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ စိုင်းစိုင်းက အကြံဉာဏ်တွေလည်း အများကြီး ပေးပါတယ်။ ဘယ်နေရာလေးကို ဘယ်လိုလေး သရုပ်ဆောင်ရင်ကောင်းမယ်၊ ဒီနေရာလေးကိုတော့ ဘယ်လိုလေးလုပ်လိုက် စသဖြင့် အများကြီး အကူအညီပေးပါတယ်။ စိုင်းစိုင်းက လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနဲ့ သရုပ်ဆောင်တတ်တဲ့သူဆိုတော့ သူသရုပ်ဆောင်တာကို ကြည့်ရတာ ပျော်စရာကောင်းပါတယ်။■ မေး - မြန်မာနိုင်ငံရဲ့ လှပတဲ့နေရာဒေသတွေမှာ ဇာတ်ကားရိုက်ကူးခွင့်ရတာဆိုတော့ အဲဒီနေရာတွေကို ရောက်တဲ့အခါ ဘယ်လိုခံစားမိလဲ။ဖြေ - အရင်ကတည်းကလည်း ခရီးထွက်တဲ့ ခံစားချက်ကို ကြိုက်တယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ လှပတဲ့နေရာဒေသတွေကို သွားခွင့်ရတဲ့ ခံစားချက်က အရမ်းပျော်ပါတယ်။ အမှတ်တရလည်း ဖြစ်တယ်။ အထူးသဖြင့်တော့ ပြင်ဦးလွင်မြို့လေးကို အရမ်းချစ်ပါတယ်။ ကိုယ်တိုင်ကလည်း ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မွေးဖွားနေထိုင်ခဲ့တာဆိုတော့ ဇာတိက ရာသီဥတုနဲ့ ပြင်ဦးလွင်မြို့ရဲ့ ရာသီဥတုက ပုံစံတူပါတယ်။ ဒါကြောင့် ပြင်ဦးလွင်မြို့လေးမှာ နေထိုင်ခွင့်ရတုန်းက အရမ်းပျော်ခဲ့ပါတယ်။ နောက်ထပ်လည်း အခွင့်အရေးရခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ နေရာဒေသတွေကို ထပ်ပြီးသွားလည်ခွင့် ရချင်ပါသေးတယ်။■ မေး - ထိုင်းမှာလည်း ဇာတ်ကားရိုက်ကူးမှု အတွေ့အကြုံရှိတယ်ဆိုတော့ အဲဒီမှာ ဇာတ်ကားရိုက်ကူးရတာနဲ့ အခုဒီဇာတ်ကားမှာ သရုပ်ဆောင်ရတာ ဘာများကွာခြားမှုရှိလဲ။ဖြေ - ထိုင်းမှာကတော့ ဇာတ်ကားတစ်ကားပဲ ရိုက်ကူးဖူးပါတယ်။ အဲဒီဇာတ်ကားကတော့ သာမန်အချစ် ဇာတ်ကားလေးပါပဲ။ အခု ဒီဇာတ်ကားကကျတော့ မြန်မာနဲ့ထိုင်း ပူးပေါင်းရိုက်ကူးတဲ့ ဇာတ်ကားလည်း ဖြစ်တယ်။ ခရီးသွားရတဲ့ အတွေ့အကြုံတွေလည်း အများကြီးဖြစ်လို့ အတွေ့အကြုံကောင်းတွေ ရတယ်။ ပြီးတော့ ရိုးမန့်စ်ဒရာမာ ဇာတ်ကားလေးလည်းဖြစ်တော့ ခံစားမှုရသအစုံ ပေးနိုင်တဲ့အတွက် အများကြီး ကွာခြားပါတယ်။■ မေး - ဒီဇာတ်ကားက ထိုင်းမှာလည်း ပရိသတ်တွေ စိတ်ဝင်စားနေသလို မြန်မာပရိသတ်တွေလည်း စိတ်ဝင်စားနေကြတယ်။ ဒီတော့ ပရိသတ် အားပေးမှုအပေါ် ဘယ်လိုမျှော်လင့်ထားလဲ။ဖြေ - မြန်မာက ပရိသတ်တွေရော၊ ထိုင်းက ပရိသတ်တွေပါ လာရောက်အားပေး ကြည့်ရှုကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ပါဝင်တဲ့သူတွေ အားလုံးလည်း အားသွန်ခွန်စိုက် ကြိုးစားထားတာဖြစ်လို့ လာကြည့်တဲ့ ပရိသတ်တွေအတွက် သုတရသ တစ်စုံတစ်ရာ ရရှိခံစားနိုင်မယ်ဆိုရင် ကျေနပ်ပါတယ်။■ မေး - အခွင့်အရေးသာ ရှိခဲ့မယ်ဆိုရင် နောက်ထပ် မြန်မာနဲ့ပူးပေါင်းပြီး ဇာတ်ကားရိုက်ကူးဖို့ စိတ်ကူးရှိလား။ဖြေ - အခွင့်အရေးသာ ရှိခဲ့မယ်ဆိုရင် နောက်ထပ်လည်း မြန်မာနဲ့ပူးပေါင်းပြီး ဇာတ်ကားရိုက်ကူးခွင့် ရချင်ပါတယ်။ မြန်မာပရိသတ်တွေ အားပေးချစ်ခင်တဲ့ အနုပညာရှင် တစ်ယောက်လည်း ဖြစ်ချင်ပါတယ်။■ မေး - မြန်မာလူမျိုးတွေရဲ့ နေထိုင်မှု အကျင့်စရိုက်၊ အပြုအမူတွေထဲက ဘယ်အရာတွေကို သဘောကျနှစ်သက်လဲ။ဖြေ - ကျွန်မအရမ်းနှစ်သက်တာကတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ နေထိုင်တတ်ကြတဲ့ ဓလေ့စရိုက်ကိုတော့ အကြိုက်ဆုံးပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် စတင်တွေ့ဆုံကတည်းက ပြုံးရွှင်စွာနဲ့ နှုတ်ဆက်တတ်ကြတဲ့ ဓလေ့စရိုက်လေးကို ချစ်ပါတယ်။









