မြိတ်မြို့တွင် မူးယစ်ဆေးဝါး ရောင်းချနေသူများကို ဝင်ရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများအား သားအမိသုံးဦးက ဓားဖြင့်ခုတ်မှုဖြစ်ပွား

မြိတ်မြို့တွင် မူးယစ်ဆေးဝါး ရောင်းချနေသူများကို ဝင်ရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများအား သားအမိသုံးဦးက ဓားဖြင့်ခုတ်မှုဖြစ်ပွား
Published 27 September 2016
ဇော်မိုးဦး (မြိတ်)

မြိတ်မြို့တွင် မူးယစ်ဆေးဝါး ရောင်းချနေသူများကို ဝင်ရောက်ဖမ်းဆီးသည့်  ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများအား သားအမိသုံးဦးက ဓားဖြင့်ခုတ်မှု စက်တင်ဘာ ၂၆ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မြိတ်မြို့ မြိတ်တောင်နယ်မြေ မြို့မ(၂) ရပ်ကွက်တွင် မူးယစ်ဆေးဝါးများ ရောင်းချသုံးစွဲနေသည့် သတင်းအရ အမှတ် (၄) နယ် မြေရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များက အသိသက်သေများနှင့်အတူ စက်တင်ဘာ၂၆ ရက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။မူးယစ်ဆေးဝါး ရောင်းချနေသည့်အိမ်သို့ ဖမ်းဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာတွင် အိမ်ရှင်မိခင်နှင့် သားနှစ်ဦးမှာ ဓားများဖြင့် ရဲတပ်ဖွဲ့နှင့် အသိသက်သေများအား ဝင်ခုတ်ခဲ့ကြောင်း သိရသည်။“အိမ်ရှင်က ဒေါ်စန်းစန်းဝေလို့ ခေါ် တယ်။ ကျွန်တော်တို့ ဝင်ဖမ်းတော့ သူ့သားနှစ်ဦးနဲ့အတူ ဓားတွေနဲ့ ပြန်ပြီးခုတ်ကြတယ်။ အဲဒီမှာ မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးလက်မှာ ဓားဒဏ်ရာရခဲ့တယ်။ ပြဿနာဖြစ်နေတာကို ဝင်တားတဲ့ ကျွန်တော်တပည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း အုတ်နံရံပေါ်က ဆင်းအပြေးမှာ မှန်ကွဲရှဒဏ်ရာ ရခဲ့တယ်။ အဲဒီအိမ်မှာ မူးယစ်ဆေးရှူတဲ့ ကိရိယာတွေ၊ စိတ်ကြွ ဆေးပြား ၁၂ ပြား ဖမ်းမိခဲ့တယ်။ ဓားနဲ့ခုတ်တဲ့သူတွေကတော့  HI JET အဖြူရောင်ကားနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်။ ကျွန်တော်တို့ အခု မြို့တွင်းရော မြို့ပြင်မှာပါ ပိုက်စိပ်တိုက် ရှာဖွေနေပါတယ်။ တခြားမြို့တွေကိုလည်း အကြောင်းကြားထားပါတယ်” ဟု မြိတ်မြို့မရဲစခန်းမှ စခန်းမှူး ဝင်းဇော်ဦးက ပြောကြားသည်။ဓားဖြင့်ခုတ်သူများမှာ MDY 7L 4034 HI JET အဖြူရောင်ကားအမျိုးအစားဖြင့် ထွက်ပြေးနေပြီး ရဲတပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။“အားလုံး သုံးဦးပါ။ အမေနဲ့ သားတွေပါ။ ဓားတွေကိုယ်စီနှင့် ဝင်ခုတ်ပြီး ထွက်ပြေးသွားပါတယ်။ အခု တခြားမြို့က ရဲတပ်ဖွဲ့တွေ နဲ့ချိတ်ဆက်ပြီး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါပြီ” ဟု စခန်းမှူးက ဆက်လက်ပြောကြားသည်။ဓားဖြင့်ခုတ်သည့် မိခင်ဖြစ်သူမှာ ဒေါ်စန်းစန်းေ၀ ( ၅၂ နှစ်)နှင့် သားဖြစ်သူများ ဖြစ်သော ဝေယံထွန်း ( ၂၂  နှစ်)၊ ကောင်းမြတ်ထွန်း (၁၈ နှစ်) တို့ဖြစ်ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြိတ်မြို့မရဲစခန်းက ( ပ ) ၁၆၇၆/၂၀၁၆၊ ပုဒ်မ ၃၂၆၊ ၃၄၅ ၊ မယ (ပ)၁၄၅/၂၀၁၆ ၊ ပုဒ်မ ၁၅/၁၆ ( ဂ )/ ၂၁ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။                   

Most Read

Most Recent