မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်တွင် ဆွဲကြိုးချ သေဆုံးခဲ့သည့် တစ်လမ်းတည်းနေ အမျိုးသားတစ်ဦးကဲ့သို့ သေဆုံးပြမည်ဟု ဇနီးနှင့်သမီး ဖြစ်သူအား စနောက်ခဲ့သူတစ်ဦး အမှန်တကယ် ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။စက်တင်ဘာ ၂၅ ရက် နံနက် ၇ နာရီခန့် တွင် မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် သုခိတာလမ်းသွယ်ရှိ နေအိမ်တစ်အိမ်ရှေ့ ဗန်ဒါပင်တွင် အမျိုးသားတစ်ဦး ဆွဲကြိုးချ သေဆုံးကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ယင်းလမ်းတွင် နေထိုင်သည့် ကို.... (၂၅) နှစ် ဆိုသူဖြစ်ကြောင်း သိရသည်။ဆက်လက် စစ်ဆေးရာ သေဆုံးသူမှာ စက်တင်ဘာ ၂၄ ရက် ည ၁၀ နာရီခန့်တွင် နေအိမ်သို့ အရက် အလွန်အကျွံသောက်သုံး၍ ရောက်ရှိလာပြီး ပန်းကန်များအား ကန်ခဲ့ကြောင်း၊ ထိုသို့ ကန်ခဲ့သည့်အတွက် မိခင် ဖြစ်သူမှ ဆူလိုက်သဖြင့် ၎င်းမှာ နေအိမ်ပေါ်ရှိ အဝတ်လှန်းကြိုးအားဖြုတ်ကာ နေအိမ်ရှေ့သို့ ဆင်းသွားပြီး နောက်နေ့နံနက်တွင် ယင်းကဲ့သို့ ဆွဲကြိုးချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ယင်းသို့ ကို.... (၂၅) နှစ် ဆွဲကြိုးချ သေဆုံးသည်ကို တစ်လမ်းတည်းနေ ဦး.... (၆၀ နှစ်) က ၎င်း၏ ဇနီးနှင့် သမီးဖြစ်သူတို့အား ထိုကဲ့သို့ ဆွဲကြိုးချ သေဆုံးပြရမလားဟု နောက်ပြောင်ခဲ့ကြောင်း သိရသည်။ထိုသို့ နောက်ပြောင်ခဲ့ပြီးနောက် ယင်းနေ့ မွန်းလွဲ ၂ နာရီကျော်တွင် နေအိမ်အောက်ထပ်၌ ဦး.... (၆၀ နှစ်) ၏ အသံမကြားရသဖြင့် ၎င်း၏ဇနီးနှင့် သမီးဖြစ်သူတို့က နေအိမ်အောက်ထပ်သို့ ဆင်းကြည့်ရာ ဦး.... (၆၀) နှစ်မှာ စတီးလှေကား လက်ရန်းတွင် ဆွဲကြိုးချသေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။သေဆုံးသူ ဦး.... (၆၀) နှစ်မှာ အရက်သောက်စားတတ်သူ တစ်ဦးဖြစ်ကာ အစ အနောက်သန်သူ တစ်ဦးဖြစ်ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။“ပထမဆွဲကြိုးချ သေဆုံးတဲ့လူကလည်း အရက်ကြောင့်ပေါ့။ နောက် ထပ်မံ ဆွဲကြိုးချ သေဆုံးတဲ့လူကလည်း အရက်သောက်တတ်ပါတယ်။ သူက ရပ်ကွက်ထဲမှာ နောက်ပြောင်ပြီး ပျော်ပျော်နေတတ်တဲ့သူတစ်ဦး ဖြစ်ပါတယ်” ဟု မင်္ဂလာဒုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။အဆိုပါဖြစ်စဉ်နှစ်ခုအား မင်္ဂလာဒုံမြို့မ ရဲစခန်းက သေမှုသေခင်းဖြင့် အမှုဖွင့်ထားပြီး ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဆွဲကြိုးချ သေဆုံးခဲ့သည့် တစ်လမ်းတည်းနေ အမျိုးသားကဲ့သို့ သေဆုံးပြမည်ဟု ဇနီးနှင့် သမီးဖြစ်သူအား စနောက်ခဲ့သူတစ်ဦး ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွား