Anti - MLM Campaign မှ ဦးဆောင်သူ ဦးဇင်ဇေလွင်နှင့် တွေ့ဆုံခြင်း

Anti - MLM Campaign မှ ဦးဆောင်သူ ဦးဇင်ဇေလွင်နှင့် တွေ့ဆုံခြင်း
Published 25 September 2016
ဖြိုးဝေ

‘တချို့ MLM က လူတွေဆို တစ်လကို သိန်းသုံးရာ၊ သိန်းလေးရာကနေ သိန်းတစ်ထောင်ကျော် ဝင်တယ်ဆိုပြီး တရားဝင် ထုတ်ပြောတာတွေရှိတယ်။ အဲဒီလိုလူတွေသည် တကယ့်ကို ဝင်ငွေစာရင်း အမှန်ပြပြီး အခွန်ဆောင်ရဲ့လား’
MLM စနစ်ဟာ မြန်မာနိုင်ငံအတွင်း အမြစ်တွယ်လာတာ ဆယ်စုနှစ် နှစ်စုနီးပါး ရှိနေပါပြီ။ ဒီလို ရှိလာနေပေမယ့် ဥပဒေအရ တားမြစ်နိုင်မှုကတော့ ဒီနေ့အထိ ရှိမနေပါဘူး။ တရားမဝင် လုပ်နေတဲ့  MLM  တွေကြောင့်လည်း တိုင်းပြည်က ပြည်သူတွေ နစ်နာနေရသလို ပြည်ပ MLM တွေအရမ်းများနေလို့လည်း ကုမ္ပဏီ ဖျက်သိမ်းပြီး မြန်မာနိုင်ငံက ငွေထုပ်ပိုက် ထွက်ပြေးကြလို့ တိုင်းပြည်ရဲ့ ငွေကြေး စီးဆင်းမှုကလည်း ပြည်ပကို တရားမဝင် ထွက်နေပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုအချက်မှာ MLM တွေကြောင့်လည်း ပါဝင်နေပါတယ်။ ဒါ့အပြင်လည်း FDA ခွင့်ပြုချက်မရဘဲ ဆေးဝါးတွေ အလှကုန်တွေ မှောင်ခိုတင်သွင်းနေလို့ အမျိုးသားကျန်းမာရေး အန္တရာယ်လည်း ကြီးမားစွာဖြစ်ပေါ်နေတဲ့အပြင် တရားဝင် အခွန်အတုပ်ရရှိမှုမှာလည်း ဆုံးရှုံးမှု ကြီးမားနေပါတယ်။ ဒီလိုတိုင်းပြည်နဲ့ ပြည်သူလူထု ဘက်စုံနစ်နာနေရတဲ့ MLM  တွေကို ထိန်းချုပ်နိုင်ဖို့ Anti-MLM Campaign တွေ ဦးဆောင်လုပ်နေတဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေကို MLM ဥပဒေတွေ၊ ဥပဒေမရှိခင်မှာ MLM တွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ Active English သင်တန်း တည်ထောင်သူဖြစ်ပြီး ကိုယ်တိုင်လည်း MLM မှာ ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးတဲ့ ဦးဇင်ဇေလွင်နဲ့ တွေ့ဆုံမေးမြန်းထားမှုကို MLM တွေအကြောင်း မသိဘဲ ဝင်လုပ်မိလို့ နစ်နာရတော့မယ့် ပြည်သူတွေ သိရှိနားလည်နိုင်စေဖို့ ပြန်လည် ဖော်ပြလိုက်ပါတယ်။
■ မေး - လက်ရှိ MLM ကြောင့် ပြည်သူတွေ ဘယ်လောက်အထိ နစ်နာနေတယ်လို့ ထင်လဲ။
ဖြေ -    အဓိကကတော့ ကုမ္ပဏီတွေက မျိုးစုံရှိတယ်။ တချို့ကုမ္ပဏီတွေက ဝင်ကြေးကလည်း များတယ်။ လစဉ်ဝယ်သုံးရတဲ့ ငွေပမာဏကလည်း များတယ်။ ဥပမာ ဝင်ကတည်းက နှစ်သိန်းကနေ ၁၀ သိန်းလောက်အထိကုန်ပြီး လစဉ်လည်း နှစ်သိန်းကနေ လေးသိန်းဖိုးလောက်သုံး။ အဲဒီလို ကုမ္ပဏီကြီးတွေက ပိုပြီးတော့အထိနာတယ်။ အခု ကျွန်တော်တို့ စာရင်းကောက်ကြည့်တော့ အဲဒီလို ကုမ္ပဏီကြီးတွေကြောင့် အထိနာတာက ပိုများနေတယ်။ တချို့ကတော့ ဝင်ကတည်းက တစ်သိန်းလောက်ပဲ သုံးရတယ်။ လစဉ်ကလည်း အမှတ်ထိန်းချင်ထိန်း၊ မထိန်းချင်နေ။ ဒါတွေကတော့ MLM တွေရဲ့ ထုံးစံပါပဲ။ သူတို့က အမှတ်ထိန်းခိုင်းတယ်ဆိုတာ ပစ္စည်းဝယ်ခိုင်းတာပါပဲ။ မဝယ်လို့လည်းရတယ်ဆိုပေမယ့် အမှတ်ထိန်းခိုင်းတယ်ဆိုတာက ဝယ်ခိုင်းတာပါပဲ။ ဝင်ကြေးကတော့ ၅၀၀၀၊ ၉၀၀၀ ပေါ့။ အလုပ်လုပ်ဖို့ တကယ်ရင်းရတာက တစ်သိန်းလောက်။ ဒါပေမဲ့ တစ်လကို သုံးသောင်းဖိုးလောက် ဝယ်သုံးရတယ်။ အဲဒါမျိုးကျတော့ တစ်ဦးချင်း Complains တက်တာနည်းတယ်။ တစ်သိန်းလောက်ပဲ နစ်နာတဲ့သူတွေနဲ့ ၁၀ သိန်းလောက် နစ်နာတဲ့သူ စိတ်ခံစားမှုချင်း ကွာတဲ့ သဘောပေါ့။ ဒါပေမဲ့ အဲဒီလို ကုမ္ပဏီတွေကြောင့် ဘယ်တွေမှာ အဓိကသွား နစ်နာလဲဆိုရင် နယ်တွေဘက်မှာသွားပြီး နစ်နာမှု ဖြစ်တယ်။ ပစ္စည်းတန်ဖိုးကလည်းနည်းတော့ MLM က လူတွေ ပြောတာယုံပြီးလုပ်လို့ တစ်ရွာလုံး နစ်နာတာ ရှိတယ်။ တချို့က ရှင်းရှင်းပြောရရင် ဒီစနစ်ရဲ့ သဘောတရားကို ရှင်းမပြဘဲနဲ့ကို တိုက်ရိုက်နီးပါး လိမ်သွားသလို လုပ်တာ။ တကယ်ကြီးကို လိမ်သွားတယ်ဆိုတာက ဒီစနစ်သည် လူတွေဆက်ခေါ်နေရမယ်။ ကုန်ပစ္စည်းကို ဆက်ဝယ်ပြီး သုံးနေရမယ်။ တချို့က အဲဒီလို ရှင်းပြတဲ့ စနစ်တောင် မဟုတ်တော့ဘဲနဲ့ ဒီအတိုင်း Member ဝင်ထားပြီး ဝယ်သုံးနေရုံနဲ့တင် ပိုက်ဆံရတယ် ပြောတယ်။ အဲဒီတော့ နယ်က ဒီစနစ်ကို နားမလည်တဲ့သူတွေရဲ့ စိတ်ထဲမှာ ဒါကို လစာလို့ကို ထင်သွားတယ်။ ပထမ တစ်လ နှစ်လတော့ ရတာပေါ့။ သူတို့ ကုန်ထားတာတွေကလည်း ရှိနေတာကိုး။ ဒါပေမဲ့ တစ်ရွာလုံးလည်း အဲဒီ MLM ကုမ္ပဏီထဲ ရောက်သွားရော သူတို့မှာ ဆက်ခေါ်စရာ လူမရှိတော့ဘူး။ ပြီးရင် အဲဒီလိုဆက်လုပ်ရမယ် ဆိုတာကိုလည်း သေသေချာချာ သဘောပေါက်မထားဘူး။ အဲဒီအချိန်မှာ နောက်လတွေကျတော့ သူတို့မျှော်မှန်းထားတာ မရတော့ဘူး။ အဲဒီကျမှ ခံလိုက်ရပြီဆိုတာ သိတာ။ ရှင်းရှင်းပြောရရင် နယ်ဘက်တွေမှာ ထိခိုက်နစ်နာမှုပေါ့။ တခြားဆုံးရှုံးမှုတွေကလည်း အများကြီးပဲ။ ဥပမာ တချို့ ကျောင်းသားလေးတွေဆိုရင် သူ့ရဲ့အသက်မွေးဝမ်းကျောင်းပညာကို စိတ်မဝင်စားတော့ဘူး။ သူတို့က MLM တွေက သုံး၊ လေး၊ ငါးနှစ် လုပ်ပြီးရင် ဘာမှ ဆက်လုပ်စရာ မလိုတော့ဘဲ တစ်လကို သိန်းလေးငါးရာ ဝင်မယ်ဆိုပြီး ပြောဟောထားတယ်။ အဲဒီလိုပြောတာတွေကို ကလေးတွေက အဟုတ်ကြီးထင်ပြီးတော့ လူတိုင်း အဲဒီလို ဖြစ်နိုင်တယ်လို့ ယူဆသွားကြတယ်။ ယူဆသွားပြီးတော့ လက်ရှိလုပ်ရမယ့် အသက်မွေးဝမ်းကျောင်းကို ဆက်မတက်ချင်တော့ဘဲ ဒီလုပ်ငန်းထဲကို အရမ်းဝင်သွားတဲ့သူတွေ ရှိတယ်။ ဒါဆို ရှင်းရှင်းပြောရရင် အချိန်နစ်နာတယ်။ ပညာ နစ်နာတယ်။ နိုင်ငံတစ်ခုလုံးနဲ့ယှဉ်ရင် လူ့အရင်းအမြစ် နစ်နာသွားတယ်။ နောက်တစ်ခု နိုင်ငံတစ်ခုလုံးနဲ့ယှဉ်ရင် ဒီကုမ္ပဏီတွေရဲ့ အခွန်သည် တိကျပြတ်သားမှုမရှိဘူး။ တချို့ကုမ္ပဏီတွေက အခွန်နှစ်ရာခိုင်နှုန်းဆောင်တယ်။ ငါးရာခိုင်နှုန်း ဆောင်တယ်ပြောတယ်။ ဒါကတော့ ပညာရှင်တွေနဲ့ ဆွေးနွေးတာ ပိုအဆင်ပြေမယ်။ တချို့က အခွန်နဲ့ပတ်သက်ရင် ဘာမှကို မပြောဘူး။ ဝင်ငွေခွန်ဆိုတာက ငါးရာခိုင်နှုန်းပဲ ဆောင်ရတာမဟုတ်ဘူး။ ဝင်ငွေအလွှာအလိုက် အဆင့်ဆင့် အခွန်ဆောင်ရတယ်။ တချို့ MLM က လူတွေဆို တစ်လကို သိန်းသုံးရာ၊ သိန်းလေးရာကနေ သိန်းတစ်ထောင်ကျော် ဝင်တယ်ဆိုပြီး တရားဝင် ထုတ်ပြောတာတွေ ရှိတယ်။ အဲဒီလိုလူတွေသည် တကယ့်ကို ဝင်ငွေစာရင်း အမှန်ပြပြီး အခွန်ဆောင်ရဲ့လား။ ဒါတွေက နိုင်ငံနဲ့ ပတ်သက်ရင် အခွန်နစ်နာနေတဲ့ သဘောပေါ့။ ပြီးတော့ ကုမ္ပဏီ တော်တောများများသည် သူတို့ ရောင်းနေတဲ့ ကုန်ပစ္စည်းတွေကို တရားဝင် အခွန်ဆောင်ပြီး တင်သွင်းတာမဟုတ်ဘဲ အောက်လမ်းကနေ တင်သွင်းနေတယ်။ အဲဒီတော့ အဲဒီလိုဟုတ်မဟုတ်ကို သူတို့ တရားဝင် တင်သွင်းလာတာနဲ့ ရောင်းအား တိုက်စစ်ရင်သိနိုင်တယ်။ ဒါပေမဲ့  ကျွန်တော်တို့မှာ MLM တွေကို စောင့်ကြည့်တဲ့ အဖွဲ့အစည်း မရှိတဲ့အခါကျတော့လဲ သူတို့ပြောသလောက်ပဲ သိရတာပေါ့။ အရေးယူဖို့ ပြောချင်တာ မဟုတ်ပါဘူး။ ပညာရှင်တွေ တာဝန်ရှိသူတွေအနေနဲ့ စနစ်တကျ စစ်ဆေးပြီး တိတိကျကျ ကြပ်မတ်ပေးဖို့ ပြောချင်တာပါ။ အဲဒီလိုမဟုတ်ရင် ပြည်သူ တစ်ယောက်ချင်း အနေနဲ့ရော နိုင်ငံနဲ့ချီပြီးတော့ပါ နစ်နာနေတာတွေ များနေမှာ။
■ မေး-    MLM  တွေက ရန်ကုန်မှာတော့ ပုံစံတစ်မျိုးနဲ့ လုပ်လာပြီး နယ်တွေမှာတော့ Aimstar က ကိုဂျိုးဇက်တို့ လုပ်သွားတဲ့အတိုင်း ရပ်ကွက်လူကြီးကနေ ရပ်ကွက်ရုံးမှာဆင့်ခေါ်ပြီးတော့ မသိနားမလည်တဲ့သူတွေကို တစ်လသိန်း ၃၀၀၊ သိန်း ၄၀၀ ရမယ်ဆိုပြီး ဆွဲဆောင်တယ်ပေါ့။ အဲဒီလို ဆွဲဆောင်တာမှာ အားနည်းချက်တွေ ထိခိုက်မှုတွေက ဘာဖြစ်လာမယ်ထင်လဲ။
ဖြေ- အဲဒီအားနည်းချက်က သူတို့အမြဲ ပြောကြတာ MLM  ကနေ ကိုယ်လုပ်နိုင်ရင် တစ်လ သိန်း ၃၀၀၊ သိန်း ၄၀၀ ရမယ်ပြောကြတယ်။ ဒါပေမဲ့ အဲဒီလိုရနိုင်တဲ့သူက ဒီလုပ်ငန်းတစ်ခုလုံးက တစ်သောင်းမှာ တစ်ယောက်လောက်ပဲ ဖြစ်နိုင်တယ်။ ဒါကို သူတို့သေသေချာချာ ပြောပြရမယ်။ အဲဒီလိုမပြောပြဘဲ ဒီလိုလူ အကုန်လုံးက တစ်လကို သိန်း ၃၀၀၊ သိန်း ၄၀၀ ရနိုင်မယ် ပြောနေတော့ လူတွေအကုန်လုံးက သူတို့လည်း တစ်လကို သိန်း သုံးလေး ရာရမယ်ထင်ကုန်တယ်။ လက်တွေ့မှာ မရနိုင်ဘူး။ အထူးသဖြင့် ဒီလို MLM  စနစ်နဲ့ လုပ်တာဖြစ်လို့ ဈေးကွက်ပြည့်သွားရင်ကို ဘာမှဆက်လုပ်လို့မရတဲ့ အခြေအနေဖြစ်သွားတယ်။ ဒီလို သိန်း သုံးလေးရာ ရနိုင်တဲ့ အချိုးအစားသည် ကုမ္ပဏီတစ်ခုလုံးမှာမှ အလွန်နည်းပါးတဲ့ ပမာဏပဲ ရှိတယ်ဆိုတာ ချပြရမယ်။ ဥပမာ စင်ကာပူမှာဆိုရင် MLM  ကို ခွင့်ပြုထားပေမယ့် ချထားတဲ့ စည်းကမ်းတွေ အရမ်းတင်းကျပ်တယ်။ နံပါတ် (၁) လူကို ပိုက်ဆံရမယ်ဆိုပြီး ဆွဲဆောင်ပြီးတော့ ဈေးမရောင်းရဘူး။ မင်းရောင်းချင်ရင် မင်းရဲ့ ပစ္စည်းကောင်းတာကိုပဲ ပြောပြီး ဈေးရောင်း။ MLM  လို့ ပြောတာမို့ ဈေးရောင်းတာ။ ဈေးရောင်းတာမို့ ဈေးကြီးတာကို ကြိုက်လို့ဝယ်တာ ဘာမှပြောလို့မရဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဆီက MLM တွေလို ငွေကြေးနဲ့ဘ၀ ပြောင်းသွားမယ်တို့ ပူစရာမလိုတော့တဲ့ အနေအထား ရောက်မယ်တို့ ဆွဲဆောင်ခွင့် ပေးမထားဘူး။ နံပါတ် (၂) မှာ ပစ္စည်းကို ငွေကြေးအကြောင်း ပြောချင်ရင်ပြော၊ ဒီလိုပြောမယ်ဆို အဆင့်အမြင့်ဆုံးလူက ဘယ်လောက်ရမယ်။ အနိမ့်ဆုံးက ဘယ်လောက်ပဲရမယ်။ ကုမ္ပဏီကလည်း ဒါကို ကြေညာပေးသင့်ရင် ထုတ်ပြန် ပေးရမယ်ဆိုပြီး လုပ်လိုက်တယ်။ အဲဒီလို ထောက်ထားတာဖြစ်လို့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာသာ အဲဒီလို ကြိုပြောထားရင် အခုလောက် အငိုက်မိမှာ မဟုတ်ဘူး။ တစ်သောင်းမှာ တစ်ယောက်လောက်ပဲ ဖြစ်သွားတဲ့ လူတွေကို စင်ပေါ်တင်ပြီးတော့ ကျန်တဲ့ နစ်နာသွားတဲ့လူ ကိုးထောင်ကျော်ကို ဖုံးထားလိုက်တယ်။ ဒီလို ဖုံးထားလိုက်တော့ လူတွေက ငါတို့လည်း သူ့လို ဖြစ်နိုင်တယ် ထင်သွားတယ်။ ငါတို့ မဖြစ်တာ ငါတို့ညံ့လို့ ထင်သွားတယ်။ အမှန်တော့ သူတို့ညံ့လို့မဟုတ်ဘဲ MLM ရဲ့ စနစ်ကိုက အဲဒီလိုတည်ဆောက်ထားပြီး လူအများကြီးရင်းပြီးတော့မှ လူတစ်ယောက်က ဒီနေရာကို ရောက်လာတာဖြစ်နေတယ်။ အဲဒီတော့ ဒါကို လူတွေမြင်သာအောင် ကုမ္ပဏီတွေက ဘယ်အဆင့်ဆို ဘယ်လောက်ရသင့်တယ် တိတိကျကျ ပြောသင့်တယ်။  အရမ်းဝင်ငွေ မကောင်းဘဲ ဘယ်လိုအနေအထားဖြစ်သွားလဲဆိုတာ ပြောသင့်တယ်။ နောက်ပြီး MLM တွေမှာ အဆိုးဆုံးက ငွေအများကြီး ရင်းစရာ မလိုဘူးပြောကြတယ်။ အမှန်တော့ အဲဒီလိုမဟုတ်ဘဲ ကုန်ကျမှုတွေ မမြင်အောင် ဖုံးထားတာ။ MLM ကို ဝင်လိုက်ပြီဆိုတာနဲ့ သွားတာလာတာ ကုန်ကျတာ လစဉ်ဝယ်ရတာ သင်တန်းသွားရတာ။ ဆွေမျိုးနီးစပ်ကို ဆက်သွယ်ဖို့  လစဉ်တစ်သိန်းလောက် ထပ်ကုန်နေတယ်။ လစဉ်ပစ္စည်းဝယ်ရလို့ တစ်သိန်းလောက်လဲ ထပ်ကုန်နေတယ်။ အဲဒီမှာ လေ့လာမှုအရ အောက်ဆုံးက လူတွေရဲ့ ရာခိုင်နှုန်း ၅၀ လောက်က အဲဒီအရင်းတောင် မကျေတာရှိတယ်။ အရင်းကျေတဲ့သူကလည်း သူ့အောက်မှာ အရင်းမကျေသူ အများကြီး။ ဒီလိုအရင်းမကျေတာကို သူတို့က ဖုံးထားတယ်။  
■ မေး-    တချို့ MLM တွေက အွန်လိုင်းမှာပဲ ဒေါ်လာနဲ့ရောင်း၊ ဒေါ်လာနဲ့ စာရင်းဝင်ခိုင်းပြီး သူတို့အတွက် အခိုင်အမာငွေရသွားရင် အကောင့်ပါဖျက်ပြီး ထွက်ပြေးကြတယ်။ အဲဒါတွေကို ဘယ်လိုကာကွယ်သင့်လဲ။
ဖြေ-    နိုင်ငံတကာမှာတော့ MLM ကို နှစ်မျိုးခွဲတယ်။ Pyramid in နဲ့ Product Base ဆိုပြီး။ သူတို့ကျတော့ ကုန်ပစ္စည်းကို ဗန်းပြသေးတယ်ပေါ့။ ကျွန်တော်တို့ဆီက MLM  တွေကျတော့ Pyramid in စစ်စစ်ကြီးမဟုတ်ဘဲ Product Base Pyramid in ဖြစ်ပြီး ကုန်ပစ္စည်းကို ရေရှည်ပြထားတယ်။ အွန်လိုင်းက ဟာတွေကျတော့ အဲဒါတွေလောက်ကို အဆင့်မရှိတော့ဘဲ လူတွေရဲ့လောဘကို အသုံးချပြီး လိမ်သွားတဲ့သဘော ရှိနေတယ်။ သူတို့ကျတော့ MLM ကို မဟုတ်တော့ဘဲ MLM ရဲ့ တည်ဆောက်ပုံကိုယူပြီး လိမ်တဲ့ သဘောကို ဖြစ်နေတယ်။ ဒါမျိုးတွေကျတော့ Pyramid Law ထုတ်ပြီးကို ကာကွယ်မှရမယ်။ နိုင်ငံတကာမှာတော့ Pyramid in  ရော MLM ကို ဥပဒေထုတ်ပြီး ကာကွယ်ထားတယ်။ သေချာတာကတော့ MLM သည် ကျင့်ဝတ်နဲ့ညီမညီ ပညာရှင်တွေ ဆွေးနွေးနေရပြီး တရားဝင်တော့ ဖြစ်နေတဲ့နိုင်ငံတွေ ရှိနေတယ်။ Pyramid in ကတော့ တရားကို မဝင်ဘူး။ ဒါပေမဲ့ ဘယ် MLM ကမှ သူ့ကိုယ်သူ Pyramid in လို့ပြောမှာ မဟုတ်ဘူး။  အမေရိကန်မှာဆို MLM ကို ဥပဒေနဲ့တိုက်စစ်ပြီး Pyramid in  ဖြစ်နေလို့ သူတို့ရဲ့ FTC က တရားစွဲပြီး ပိတ်ပစ်လိုက်တဲ့ MLM တွေ အများကြီး။ အမေရိကန်မှာတော့ ပစ္စည်းကို  သူတို့ကွန်ရက်ဝင် အချင်းချင်းရောင်းနေရင် Pyramid in ပဲ။ အနည်းဆုံးပြင်ပကို ရောင်းချမှုက ရာခိုင်နှုန်း ၇၀ ရှိရမယ်ဆိုတာနဲ့ တိုက်စစ်တယ်။ ကိုယ့်အချင်းချင်း ပတ်ရောင်းနေရင် လောဘနဲ့ ဖြစ်သွားပြီ။ ဒီမှာလည်း ဒါကို ထိန်းရမယ်။ ပစ္စည်းကြောင့် ငွေရနေတာ ဖြစ်နေပြီး လူဆွယ်အားကြောင့် ငွေရနေတာ မဖြစ်ရဘူး။ လူဆွယ်ပြီး ပစ္စည်းရောင်းတာက လိမ်တာလည်း ဖြစ်နေတယ်။ ဒီလိုအွန်လိုင်းက ပြဿနာကလည်း ကြီးပါတယ်။ လိမ်သွားပြီဆိုရင် ဘယ်ကိုလိုက်လို့  လိုက်ရမယ်မသိဘူး။ မြန်မာနိုင်ငံမှာဆို ကျွန်တော်တို့ မီလိုက်တာက MMM Global တို့ပေါ့။ အခုဆို အန္တရာယ်များတာက  Top Investment  ပေါ့။ Facebppl မှာပဲရှိတယ်။ လူတွေကို ကုန်သွယ်ပေးတာလိုလိုနဲ့  ပို့စ်တွေ ငွေကုန်ခံပြီး ပျံ့နှံ့အောင် လုပ်တယ်။ ပြီးရင်နာမည်နဲ့ မှတ်ပုံတင်ထည့်ထားတာ စုံစမ်းတော့ အဲဒီလူက တကယ်မရှိဘူး။ ကျွန်တော်ကြားဖူးတာက ကျွန်တော်တို့နိုင်ငံမှာ Cyber Police တွေ ရှိတယ်ပေါ့။ သူတို့က ကြိုပြီး အရေးယူနိုင်ရင် ပိုကောင်းတာပေါ့။ ဒါပေမဲ့ လောလောဆယ် ကျွန်တော်တို့ဆီမှာ ကြိုတင် အရေးယူတာ အရမ်းနည်းပါတယ်။
■ မေး-    Aimstar ဆို အရင် MNPED ရဲ့ DICA မှာ မှတ်ပုံတင်ခဲ့တာပေါ့။ ဒါပေမဲ့ သူတို့က MLM  အနေနဲ့ မှတ်ပုံတင်ခဲ့တာ မဟုတ်ဘဲ ဝန်ဆောင်မှုကုမ္ပဏီအနေနဲ့ မှတ်ပုံတင်ထားတယ်။ လက်ရှိ DICA က ညွှန်ချုပ် ဦးအောင်နိုင်ဦးကလည်း MLM  တွေကို တရားဝင် ခွင့်ပြုမထားဘူး ပြောထားတယ်။ အဲဒီမှာ ကျွန်တော်တို့ဥပဒေတွေရဲ့ အားနည်းချက်တွေနဲ့ အရေးမယူနိုင်တဲ့ လစ်ဟာမှုတွေကို ပြောပေးပါ။
ဖြေ-    DICA က ဆရာပြောတာလည်း ပြတ်ပါတယ်။ သူတို့ခွင့်ပြုထားတာက Trading သို့မဟုတ် Services ။ ဒီလို မှတ်ပုံတင်လို့ လိုင်စင်ပေးလိုက်တာ။ ကျွန်တော်တို့ အားနည်းချက်က Trading သို့မဟုတ် Services နဲ့ မှတ်ပုံတင်လာပြီး MLM လုပ်တာကို တားမြစ်နိုင်တဲ့ ဥပဒေလည်းမရှိဘူး။ စောင့်ကြည့်မယ့် အဖွဲ့အစည်းလည်း မရှိဘူး။ သတ်မှတ်မယ့် စံနှုန်းလည်းမရှိဘူး။ ဒီလို ထိန်းကျောင်းတာ မရှိတော့ ဒီလုပ်ငန်းတွေက လုပ်ချင်သလို လုပ်မယ်ဖြစ်လာတယ်။ ဖြစ်နိုင်ရင်တော့ ဘာမှ ဥပဒေ တိတိကျကျ မရှိသေးတဲ့ လုပ်ငန်းတစ်ခုကို လုပ်ကိုင်ခွင့် မပေးသင့်သေးဘဲ ခဏ ရပ်လိုက်သင့်တယ်ထင်တယ်။ ဖျက်ဖို့ ပြောတာမဟုတ်ဘဲ ဒီလုပ်ငန်းနဲ့ သာမန်ဝင်ငွေလောက်ပဲ လုပ်နေတဲ့ ပြည်သူသိန်းနဲ့ ချီပြီး ရှိတယ်။ တာဝန်ရှိသူတွေအနေနဲ့  MLM တွေကို ဖိတ်ခေါ်ပြီး မင်းတို့ စားသုံးသူတွေ မနစ်နာအောင် ဘယ်လိုလုပ်ဖို့ရှိလဲဆိုပြီး ငါတို့ကတော့ စင်ကာပူတို့ အမေရိကန်တို့လို လုပ်မယ်ဆို လုပ်နိုင်လားမေးပြီး မလုပ်နိုင်ရင် ပိတ်ပစ်လိုက်။ သူတို့ စည်းမျဉ်းစည်းကမ်းမှ မလိုက်နာနိုင်တာ။ ကျွန်တော်ကတော့ ဥပဒေ ထွက်စေချင်တယ်။ တကယ်လုပ်နေသူတွေ၊ ပညာရှင်တွေ ဖိတ်ပြီးတော့ လုပ်သင့်တယ်။ ဒီလုပ်ငန်းကို အမှန်တကယ်လုပ်လာတဲ့ မြန်မာကုမ္ပဏီတွေ အများကြီးရှိတယ်။ ပြည်ပကုမ္ပဏီဆိုတာ အချိန်တန်ရင် ထွက်ပြေးမှာ။ မြန်မာကုမ္ပဏီတွေက ထွက်ပြေးလို့မရဘူး။ သူတို့ကို တွေ့ပြီးတော့ ဆွေးနွေးသင့်တယ်။ သူတို့က ဒီလုပ်ငန်းကို နားမလည်ဘဲ လုပ်လို့ နစ်နာရမယ့် ပြည်သူတွေကို ကာကွယ်သင့်တယ်။ MLM တွေက ဘယ်လောက်တောင်ဆိုးလဲဆိုရင် သူတို့ကုမ္ပဏီရဲ့ စည်းမျဉ်းဖောက်ရင်တောင် သူတို့အကျိုးစီးပွား ဖြစ်နေသရွေ့ အရေးမယူဘူး။ အွန်လိုင်းမှာ မရောင်းဖို့ စည်းကမ်းသတ်မှတ်ထားတယ်။ မဖြန့်ချိရဘူး။ မကြေညာရဘူး။  MLM တွေကျတော့ အဆင့်ဆင့်တွေ အရမ်းများနေတယ်။ ပစ္စည်းဈေးနှုန်းက အဆင့်ဆင့်ဆိုတော့ သိပ်များနေတယ်။ ကျွန်တော်တို့က တရုတ်လို လုပ်ခွင့်ပြုမလား။ သိပ်လုပ်ချင်တယ်ဆိုရင်လည်း MLM မှာ သုံးလွှာလောက်ပဲ လုပ်ခိုင်း။ အဲဒီလိုလုပ်မှ အောက်ကလူတွေ အများကြီး နစ်နာတာကို လျှော့ချနိုင်မှာဖြစ်ပြီး ပစ္စည်းဈေးနှုန်း အဆမတန်ဖြစ်နေတာလည်း ထိန်းနိုင်မယ်။ အခုက ၁၀ ဆင့်၊ ၁၆ ဆင့်လောက် ဖြစ်နေတော့ နစ်နာသူ သိပ်ကို များနေတယ်။■ မေး-    MLM တွေ ပြည်တွင်းမှာ လာလုပ်တာ ဆယ်စုနှစ်တစ်စု ကျော်သွားပြီ။ ကြားထဲမှာ ကုမ္ပဏီတွေ လာလုပ်တယ်။ ထွက်ပြေးတယ်။ ကြားထဲမှာ နစ်နာတာက ပြည်သူတွေပဲ ဖြစ်နေတယ်။ စစ်အစိုးရလက်ထက်မှာ အရေးယူခဲ့တာတချို့ ရှိပေမယ့် ပြည်သူတွေက နစ်နာနေဆဲပဲ။ အဲဒီလို အခြေအနေတွေကို လက်ရှိ အစိုးရနဲ့ လွှတ်တော်က တားဆီးပေးဖို့ အစ်ကို့အနေနဲ့ ဘယ်လို များ တိုက်တွန်းချင်ပါသလဲ။
ဖြေ- လက်ရှိအစိုးရနဲ့ လွှတ်တော်က ပြည်သူ့မျက်နှာကို ကြည့်ပေးမယ်လို့ ကျွန်တော်တို့က မှတ်ယူထားတယ်။ ကျွန်တော်တို့ Anti - MLM Campaign လုပ်တော့ လွှတ်တော် ကိုယ်စားလှယ် သုံးယောက်လောက်က ဆက်သွယ်လာတယ်။ လွှတ်တော်မှာ တင်ပေးမယ်။ အချက်အလက်တွေ စုပေးပါဆိုပြီး စကားခံထားတယ်။ အစိုးရအနေနဲ့လည်းဝင်ပြီး ထိန်းချုပ်မှုတွေ လုပ်ပေးမယ်ဆိုရင် ပြည်သူတွေကလည်း မကြောက်တော့ဘဲ လုပ်ရဲလာမယ်။ နစ်နာသူတွေကဆို အွန်လိုင်းမှာပဲ ပြောရဲတယ်။ MLM တွေ ဒီလိုဆက်ပြီး လိမ်ညာလုပ်စားခွင့် ရနေတာက ခံခဲ့ရသူတွေ ရှက်ပြီး မပြောရဲလို့ပါ။ အစိုးရက ကော်မရှင်ဖွဲ့ပြီး လုပ်မယ်ဆို အားရှိတာပေါ့။ Aimstar ဆို အွန်လိုင်းမှာ တက်လာတာက  ရွာလုံးကျွတ် ပါသွားတယ်ဆိုတဲ့ အခြေအနေပေါ့။ အဲဒီလို တကယ်ဖြစ်နေလား တာဝန်ရှိသူတွေ ဆန်းစစ်သင့်တယ်။ မသိကျတာလား။ သိလျက်နဲ့ လွှတ်ပေးနေတာလား ဆိုတာ တိတိကျကျသိရဖို့ လိုတယ်။ ကျွန်တော်တို့ မျှော်လင့်တာက ဒီ MLM တွေကြောင့် နှစ်ပေါင်း ဆယ်စုနှစ်နဲ့ချီ နစ်နာသူတွေ သိပ်များနေပြီ။ ပိုဆိုးတာက ကုမ္ပဏီအများစုက ပြည်ပကုမ္ပဏီတွေမို့ ပြည်ပကို စိမ့်ထွက်သွားတဲ့ငွေတွေ ဘယ်လောက်များနေပြီလဲ။ ဒါ့ကြောင့် MLM ကို ထိထိမိမိတစ်ခုခုတော့ လုပ်သင့်နေပြီ ထင်ပါတယ်။
■ မေး-    MLM တွေကို အစ်ကိုက တရားဝင်ဖြစ်ခြင်း မဖြစ်ခြင်းအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးငြင်းဆိုဖို့ သိန်း ၅၀၀ ကြေး စိန်ခေါ်ခဲ့တယ်ပေါ့။ ဒါပေမဲ့ သူတို့က အစ်ကို့ကိုတော့ တုံ့ပြန်တာမရှိဘဲ အွန်လိုင်းပေါ်မှာ သူတို့ကို ပြောရင် တရားစွဲမယ်ဆိုတာမျိုး မီဒီယာသမားတွေကို တတ်လို့လုပ်တာမဟုတ်ဘူး။ ငတ်လို့လုပ်တာဆိုတာမျိုး ဘောင်ကျော်လာတယ်ပေါ့။ အဲဒီအပေါ်မှာရော စိန်ခေါ်မှု ဖြစ်လာတဲ့အပေါ်မှာရော အစ်ကို့အမြင်လေး ပြောပေးပါ။ဖြေ-    MLM ကို ကိုယ်တိုင်လုပ်ခဲ့တော့ အတွင်းက လည်ပတ်ပုံတွေ သိနေတယ်။ သူတို့ကို ဝေဖန်တိုင်း အတွင်းအစည်းအဝေးတွေလုပ်ပြီး တစ်ချက်ချင်း ပြန်ရှင်းတယ်။ ဒီလိုဆိုတော့ ဝေခွဲမရ ဖြစ်နေတဲ့သူတွေက သူတို့ဘက် ပြန်ပါသွားတယ်။ ဒီဘိတ်သာ တကယ်ဖြစ်တယ်ဆို သူတို့ပြန်ပြောရင် ကျွန်တော်က ပြန်ပြောမယ်။ သူတို့သည် လူရှေ့သူရှေ့မှာ  ရင်းနှီးမြှုပ်နှံမှု အချက်အလက်တွေ ချမပြရဲဘူး။ သူတို့ဆီမှာ နစ်နာလို့ ချပြရသူတွေ တအားများနေတော့ သူတို့ကွဲပြီ။ ဒီလုပ်ငန်းကို တရားဝင်ကြောင်း ဘယ်လိုပဲ ပြောနိုင်ပြောနိုင် သူတို့ MLM တွေကြောင့် နစ်နာသူတွေ များနေရတာ ချပြတာနဲ့ သူတို့ကွဲပြီ။ ဖြစ်နိုင်ရင် ဒီလူတွေ အများပြည်သူရှေ့ဆွဲထုတ်ချင်တာ။ ပိုက်ဆံက ဘာလို့ပါလာလဲဆိုတော့ သူတို့က မင်းတို့လို အားတိုင်းယားတိုင်း တိုက်ခိုက်နေတာ မဟုတ်ဘူး ပြန်ပြောလာတော့ သိန်း ၅၀၀ ဆိုပြီး တင်လိုက်တယ်။ အဲဒီလို တင်လိုက်တော့ တကယ်မရှိဘူးဖြစ်လာပြန်တော့ သိန်း ၅၀၀ တကယ်ရှိတယ်ဆိုပြီး  သက်သေထပ်ပြတာပေါ့။ သိန်း ၅၀၀ ကို ပြနိုင်တော့ သူတို့က ဘယ်လိုရှောင်ထွက်လဲဆိုတော့ သိန်း ၅၀၀ ကို နိုင်နိုင်ရှုံးရှုံး လှူရမယ်ဆိုပြီး ထပ်လုပ်တယ်။ သူတို့က လှူခိုင်းတာနဲ့ ရှောင်ထွက်လိုက်တော့ သိက္ခာကျသွားတယ်။ ဂျိုးဇက်တို့ Aimstar ကတော့ ဆက်ပြီးဝင်လာတယ်။ ဂျိုးဇက်က မန္တလေးမှာ ပြီးခဲ့တဲ့ ၂၀ ရက်က ဖြေရှင်းတယ်။ တင်တာက Aimstar က ဂျိုးဇက်ရဲ့ မူဗွီဖိုင်ကို တင်တာလည်း သူတို့ထဲက ရာထူးကြီးကြီးတစ်ယောက်။ မင်းတို့ပြောတာတွေ ချေပနိုင်တယ်ဆိုပြီး ဂုဏ်ယူစွာတင်တာ။ ဒါပေမဲ့ သူတို့ရဲ့ ချေပမှုတွေက ပညာရှင်အသိုင်းအဝိုင်းမှာ အရှက်ရစေတဲ့ စကားတွေဆိုတာ သူတို့ သတိမထားမိဘူး။ အဲဒီလို သတင်းထောက်တွေကို စိန်ခေါ်တဲ့ စကားတွေ တင်တယ်။ သူတို့ရဲ့ တင်တဲ့ မူဗီဖိုင် တစ်နာရီလောက်မှာဆို ကိုယ့်ဘာသာ ရပ်တည်နေတဲ့ ဝန်ထမ်းတွေကိုတောင်မှ “လခစားဆိုတာ သူများလယ်ကွက်ကို ထွန်ပေးတဲ့”ဆိုတာမျိုး တည်ပေးတော့ အောက်ကလူတွေက “နွား”ဆိုပြီး အော်တယ်။ ဆိုလိုတာက ကျွန်တော်တို့နိုင်ငံမှာ လခစားတွေ အများကြီးပဲ။ ဒီလိုပြောစရာ အကြောင်းမရှိဘူး။ ပြီးရင် သင်္ဘောသားတွေ ကို စော်ကားတယ်။ သူတို့ အလုပ်လုပ်ဖို့ တခြားသူတွေကို စော်ကားနေတာ။ ပိုပြီး ဝမ်းနည်းဖို့ကောင်းတာက အောက်ကလူတွေက သူစော်ကားနေတာကို ကျေနပ်နေတာ။ 

Most Read

Most Recent