ကမာရွတ်မြို့နယ်တွင် အလုပ်အတူ လုပ်ကိုင်သည့် အမျိုးသားတစ်ဦးအား ညီအစ်ကို နှစ်ဦးက ဓားဖြင့်ထိုး၊ သံတုတ်ဖြင့် ရိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၂၄ ရက်တွင် သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်းသိရှိရသည်။စက်တင်ဘာ ၂၃ ရက် ည ၁၀ နာရီခွဲခန့်တွင် Service ကုမ္ပဏီတစ်ခု၌ ယာဉ်မောင်းအလုပ် လုပ်ကိုင်သည့် ကိုအေးလင်းထွဋ်သည် ကုမ္ပဏီယာဉ်ဖြင့် ရွှေပြည်သာဘက်မှ ပြန်လာစဉ် ကမာရွတ်မြို့နယ် (၄)ရပ်ကွက် ဘုရင့်နောင်လမ်း သင်္ဘောကျင်းမှတ်တိုင်အနီး အရောက်တွင် ၎င်းနှင့် ယာဉ်မောင်းအလုပ် အတူလုပ်ကိုင်သည့် ညီအစ်ကိုနှစ်ဦးဖြစ်သူ ရှိုင်းဝင်းထွဋ် (၂၃ နှစ်) နှင့် နိုင်လင်းထွဋ် (၂၅ နှစ်) တို့မှာ အငှားယာဉ်ဖြင့် ၎င်းမောင်းနှင်သည့် ယာဉ်ရှေ့၌ ပိတ်ရပ်ခဲ့ကြောင်း သိရသည်။ထို့နောက် ကိုအေးလင်းထွဋ်အား ၎င်းညီအစ်ကိုနှစ်ဦးက ယာဉ်ပေါ်မှဆွဲချ၍ ရှိုင်းဝင်းထွဋ် (၂၃ နှစ်) မှ ဓားဖြင့်ထိုး၊ နိုင်လင်းထွဋ် (၂၅ နှစ်) မှ သံတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း သိရသည်။ထိုသို့ ဓားဖြင့်ထိုး၊ တုတ်ဖြင့်ရိုက်နှက်ခံရသဖြင့် ကိုအေးလင်းထွဋ်မှာ ဝဲရင်အုံ ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာရင်အုံ ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် မေးစေ့ပေါက်ပြဲ ဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း သိရသည်။ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဓားဖြင့်ထိုးခဲ့သည့် ရှိုင်းဝင်းထွဋ်အား အင်းစိန်မြို့နယ်တွင် လည်းကောင်း၊ သံတုတ်ဖြင့် ရိုက်ခဲ့သည့် နိုင်လင်းထွဋ်အား သန်လျင်မြို့နယ်တွင် လည်းကောင်း အခင်းဖြစ်ပွားသည့် ညပိုင်း၌ ဖမ်းဆီးရမိနိုင်ခဲ့ကြောင်း သိရသည်။“သူတို့တွေ အကုန်လုံးက အလုပ်တစ်ခုတည်းမှာ လုပ်တဲ့ ယာဉ်မောင်းတွေပါ။ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ဒေါသထွက်ပြီး ဖြစ်သွားတာပါ။ ကျူးလွန်သူတွေကိုတော့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ အနေနဲ့ နာရီပိုင်း အတွင်းမှာပဲ ဖမ်းဆီးရမိပါတယ်။ အခုတော့ ဖမ်းဆီးထားပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်နေပါတယ်” ဟု ကမာရွတ်မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။အဆိုပါ ဖြစ်စဉ်အား ကမာရွတ်မြို့မ ရဲစခန်းက (ပ) ၅၄၇/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလုပ်အတူ လုပ်ကိုင်သည့် အမျိုးသား တစ်ဦးအား ညီအစ်ကိုနှစ်ဦးက ဓားဖြင့်ထိုး၊ သံတုတ်ဖြင့် ရိုက်သတ်မှု ကမာရွတ်မြို့နယ်တွင် ဖြစ်ပွား