တောင်ဥက္ကလာပမြို့နယ်တွင် မူးယစ်ဆေးဝါး သတင်းရသဖြင့် သွားရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များအား စကေဘာဖြင့် ပြန်လည်ခုခံမှု ဖြစ်ပွား

တောင်ဥက္ကလာပမြို့နယ်တွင် မူးယစ်ဆေးဝါး သတင်းရသဖြင့် သွားရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များအား စကေဘာဖြင့် ပြန်လည်ခုခံမှု ဖြစ်ပွား
Published 22 September 2016
သီဟအောင်

တောင်ဥက္ကလာပမြို့နယ်တွင် မူးယစ်ဆေးဝါး သတင်းရသဖြင့် သွားရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များအား စကေဘာဖြင့် ပြန်လည်ခုခံမှု ဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၂၂ ရက်တွင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းတွင် မူးယစ်ပုဒ်မဖြင့် ဖမ်းဆီးခံရထားသည့် ဝင်းခိုင်အား သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ ကွင်းဆက်တရားခံဖြစ်သည့် မျိုးဆွေနှင့် ကောင်းမြတ်ထွန်းကို ဖမ်းဆီးရမိရေး လိုက်လံ စုံစမ်းခဲ့ကြောင်း သိရသည်။ထိုသို့ စုံစမ်းရာ ၎င်းတို့နှစ်ဦးအား စက်တင်ဘာ ၂၁ ရက် နံနက် ၃ နာရီကျော်တွင် တောင်ဥက္ကလာပမြို့နယ်၊ ၃ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်လမ်းမ၌ ရပ်ထားသည့် ယာဉ်ပေါ်တွင် တွေ့ရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဖမ်းဆီးရာ မျိုးဆွေက အသာတကြည် အဖမ်းမခံဘဲ ရဲတပ်ဖွဲ့ဝင်များအား အရိုးအသွား ၁၀ လက်မခန့်ရှိ သံရိုးတပ်သုံးမြှောင့် ထိပ်ဦးချွန်စကေဘာဖြင့် ပြန်လည်ခုခံပြီး လက်သီးဖြင့် ထိုးခဲ့ကြောင်း သိရသည်။ယင်းသို့ ပြန်လည်ခုခံသဖြင့် သွားရောက် ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှ ရဲတပ်သား မျိုးအောင်မှာ ဝဲနားနောက်ဖူးရောင်ဒဏ်ရာ ရရှိကာ သင်္ဃန်းကျွန်း စံပြဆေးရုံတွင် တင်ပို့ကုသထားရကြောင်း သိရသည်။ထို့နောက် ဖမ်းဆီးရမိသည့် မျိုးဆွေထံမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၁၈ ပြား ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ ပဲခူးတိုင်းဒေသကြီးတွင် နေထိုင်သူဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်ဖြင့် မူးယစ်ဆေးဝါး လိုက်လံရောင်းချနေသူဖြစ်ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်း သိရှိရသည်။“ဒဂုံဆိပ်ကမ်းမှာ မူးယစ်ဆေးမိတာကနေ ကွင်းဆက်အဖြစ် ဖမ်းဆီးတဲ့ အခါမှာတော့ သူက အသာတကြည် အဖမ်းမခံဘဲ စကေဘာကိုင်ပြီး ပြန်လည် ခုခံခဲ့ပါတယ်။ ပြီးတော့ ရဲတပ်သား တစ်ဦးကိုလည်း လက်သီးနဲ့ ထိုးခဲ့ပါတယ်။ သူ့ကို အခု တောင်ဥက္ကလာပ မြို့မရဲစခန်းက ပုဒ်မနှစ်ခုဖွင့်ပြီး စစ်ဆေးနေပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။အဆိုပါ ဖြစ်စဉ်မှ မျိုးဆွေအား တောင်ဥက္ကလာပ မြို့မရဲစခန်းက ပြည်သူ့ဝန်ထမ်းကို နာကျင်ဒဏ်ရာရရှိအောင် ပြုလုပ်မှုဖြစ်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၃၂ ဖြင့် လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁/၂၂(ခ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။