မြန်မာ့ကျွန်းသစ် မူရင်းဒေသဖြစ်သည့် ပဲခူးရိုးမကို သစ်ထုတ်လုပ်မှု ၁၀ နှစ် ရပ်ဆိုင်းပြီး သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး လွှတ်တော်၌ ရှင်းလင်း

မြန်မာ့ကျွန်းသစ် မူရင်းဒေသဖြစ်သည့် ပဲခူးရိုးမကို သစ်ထုတ်လုပ်မှု ၁၀ နှစ် ရပ်ဆိုင်းပြီး သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး လွှတ်တော်၌ ရှင်းလင်း
Published 14 September 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

မြန်မာ့ကျွန်းသစ် မူရင်းဒေသဖြစ်သည့် ပဲခူးရိုးမကို သစ်ထုတ်လုပ်မှု ၁၀ နှစ် ရပ်ဆိုင်းပြီး သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြည်သူ့လွှတ်တော်၌ ရှင်းလင်းပြောကြားသည်။နေပြည်တော်တွင် စက်တင်ဘာ ၁၄ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး၏ ပုဂ္ဂလိက ကုမ္ပဏီများကို သစ်ခုတ်ခွင့်၊ သစ်ထုတ်လုပ်ခွင့် ရပ်ဆိုင်းရန်နှင့် တရားမဝင် သစ်ခိုးထုတ်နေခြင်းကို ထိရောက်စွာ အရေးယူရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းအား ဖြေကြားရာတွင် ဝန်ကြီးဦးအုန်းဝင်းက အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖစ်သည်။မြန်မာနိုင်ငံ၏ သဘာ၀ သစ်တောများကို စနစ်တကျ စီမံအုပ်ချုပ်ရန် ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းကို ၁၉၂၀ ပြည့်နှစ်ကစပြီး ရေးဆွဲဆောင်ရွက်ခဲ့ရာ ယခုအခါ ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ် အထိ ၁၀ နှစ် ကာလအတွက် ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းကို ၆၈ ခရိုင်၌ ရေးဆွဲအတည်ပြုပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကစပြီး ကျွန်းနှင့် သစ်မာထုတ်လုပ်မှုများ လုံးဝရပ်နားရန်၊ ရှေ့လာမည့်နှစ်များမှာ သတ်မှတ်နှစ်စဉ် တောထွက်အောက်လျှော့ချ ထုတ်လုပ်သွားရန်၊ ထိုသို့ထုတ်လုပ်ရာမှာ မြန်မာ့သစ်လုပ်ငန်း၏ ဝန်ထမ်းအင်အား၊ စက်ယန္တရားနှင့် သစ်အင်အားတို့အပေါ် အခြေခံပြီး ဌာနမှ ထုတ်လုပ်နိုင်သည့် ပမာဏကိုသာ ချင့်ချိန်ထုတ်လုပ်သွားရန်၊ ပုဂ္ဂလိက ကုမ္ပဏီများကို ကိုယ်စားထုတ်လုပ်ခွင့် ခွင့်ပြုမှာ မဟုတ်ကြောင်းနှင့် မြန်မာ့သစ်လုပ်ငန်းမှသာ သစ်ထုတ်လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးအုန်းဝင်းက ရှင်းလင်း ပြောကြားသည်။“မြန်မာ့ကျွန်းသစ် မူရင်းဒေသဖြစ်တဲ့ ပဲခူးရိုးမကို သစ်ထုတ်လုပ်မှု ၁၀ နှစ် ရပ်ဆိုင်းပြီးတော့ သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၂၀၁၆ ခုနှစ်၊ ဇွန် ၃ ရက်၌ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားပါတယ်” ဟု ဦးအုန်းဝင်းက ပြောကြားသည်။ထို့အတူ ဝန်ကြီးဦးအုန်းဝင်းက လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝေ၏ သစ်တောနှင့် ပတ်သက်သော မေးခွန်းအပေါ်၌လည်း သစ်တောဥပဒေပုဒ်မ ၁၈ (က)အရ သစ်တောထွက်ပစ္စည်း ထုတ်ယူခြင်းနှင့် ပြည်တွင်း၊ ပြည်ပ ရောင်းချခြင်း လုပ်ငန်းများကို နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းဖြစ်သည့် မြန်မာ့သစ် လုပ်ငန်းတစ်ခုတည်းသာ ပြည်ထောင်စုအစိုးရ အဖွဲ့ထံတင်ပြပြီး လုပ်ကိုင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သစ်ထုတ်ကုမ္ပဏီများ အနေဖြင့် နိုင်ငံတော်နှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်ခြင်း မရှိကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသည့် ပြည်တွင်း၊ ပြည်ပ ဝင်ငွေလျာထားချက်အရ ပြည်ထောင်စုအစိုးရမှ ခွင့်ပြုသည့်လုပ်ငန်း အပေါ် မြန်မာ့သစ်လုပ်ငန်း အနေဖြင့် ဌာနမှ သစ်ထုတ်အင်အား မလုံလောက်သည့် သစ်တန် ပမာဏအတွက်သာ ကုမ္ပဏီနှင့် လုပ်ငန်းရှင်များသို့ ဌာနကိုယ်စား ထပ်ဆင့်လုပ်ကိုင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

Most Read

Most Recent