မရမ်းကုန်းမြို့နယ်တွင် ဖုန်းနားကြပ် မငှားသည်ကို မကျေနပ်၍ ဦးခေါင်းအား ကြွေပန်းကန်လုံးဖြင့် ထုရိုက်မှု ဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။စက်တင်ဘာ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မရမ်းကုန်းမြို့နယ် (၄) ရပ်ကွက်နေ ကို.... (၂၉ နှစ်) သည် နေအိမ်၌ရှိနေစဉ် ၎င်းနှင့်အတူ နေထိုင်သည့် မင်းချစ်သူ(၁၉ နှစ်) မှာ ယင်းမြို့နယ် အောင်မင်္ဂလာဈေး လမ်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် အရိုက်ခံရသဖြင့် သတိလစ်နေကြောင်း သိရသဖြင့် သွားရောက်ကြည့်ရှု စုံစမ်းခဲ့ကြောင်း သိရသည်။ထို့နောက် ပတ်ဝန်းကျင်အားမေးမြန်းရာ မင်းချစ်သူ(၁၉) နှစ်၏ဖုန်းနားကြပ်အား ကို....(၂၀)နှစ်မှငှားရာ မင်းချစ်သူက မငှားနိုင်ကြောင်း ပြောဆိုသဖြင့် ၎င်းတို့နှစ်ဦး စကားများရန်ဖြစ်ရာမှ ကို.....(၂၀ နှစ်) က ဆဲဆိုကာ အုပ်ချုပ်ရေးမှူးရုံးရှေ့ ကွပ်ပျစ်ပေါ်ရှိ ကြွေပန်းကန်လုံးဖြင့် မင်းချစ်သူ၏ ဦးခေါင်းအား ထုရိုက်ခဲ့ကြောင်း သိရသည်။ထိုသို့ထုရိုက်သဖြင့် မင်းချစ်သူမှာ ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာရရှိကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် တင်ပို့ကုသထားရကြောင်း သိရသည်။“ထုရိုက်ခံရတဲ့ကောင်လေးက သုံးချက်လောက် ချုပ်ရပါတယ်။ အခု သတိတော့ပြန်ရလာပါပြီ။ ကြွေပန်းကန်လုံးနဲ့ ထုတဲ့ကောင်လေးကိုတော့ ဖမ်းခံဝန်ပြန်ပေးထားပါတယ်” ဟု မရမ်းကုန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါဖြစ်စဉ်အား မရမ်းကုန်းမြို့မ ရဲစခန်းက (ပ) ၇၄၀/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၂၉၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဖုန်းနားကြပ်ငှားရာ မရသဖြင့် ကြွေပန်းကန်လုံးဖြင့် ဦးခေါင်းအား ထုရိုက်မှု မရမ်းကုန်းမြို့နယ်တွင် ဖြစ်ပွား