အက်ရှင် သရုပ်ဆောင်၊ စာရေးဆရာ၊ ဒါရိုက်တာနှင့် ကိုယ်ခံပညာ ကျွမ်းကျင်သူ ဂျက်ကီချန်း၏ အနုပညာ နယ်ပယ်တွင် အောင်မြင်မှုများအတွက် ဂုဏ်ထူးဆောင် အော်စကာဆု (တစ်သက်တာ အောင်မြင်မှုဆု) ချီးမြှင့်မည်ဟု ရုပ်ရှင်အနုပညာနှင့် သိပ္ပံအကယ်ဒမီက စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၁၉၆၀ ပြည့်လွန်နှစ်များတွင် ဟောင်ကောင်၌ ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကသို့ ဝင်ရောက်ခဲ့သည့် ဂျက်ကီချန်းသည် အနုပညာသက်တမ်း ၅၄ နှစ်အတွင်း ဇာတ်ကား ၁၅၀ ကျော်တွင် သရုပ်ဆောင်ခဲ့သည်။ အသက် ၆၂ နှစ်အရွယ်ရှိ ချန်းသည် Rumble in the Bronx၊ Rush Hour ဇာတ်ကားများနှင့် အန်နီမေးရှင်း ဇာတ်ကား Kung Fu Panda တို့ဖြင့် နိုင်ငံတကာတွင် အောင်မြင်ခဲ့သည်။ ချန်းသည် Forbes မဂ္ဂဇင်း၏ ၂၀၁၆ ခုနှစ် ဝင်ငွေအများဆုံးရ အမျိုးသား သရုပ်ဆောင် စာရင်းတွင် ဒေါ်လာ ၆၁ သန်းဖြင့် ဒုတိယနေရာ၌ ဖော်ပြခံခဲ့ရသည်။ ရုပ်ရှင်ဇာတ်ကားများ တည်းဖြတ်သူ အန်နီကုတ်စ်၊ သရုပ်ဆောင် Lynn Stalmaster နှင့် မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ Frederick Wiseman တို့ကိုလည်း တစ်သက်တာ အောင်မြင်မှုဆုဖြင့် ဂုဏ်ပြုမည်ဟု ရုပ်ရှင် အနုပညာနှင့် သိပ္ပံ အကယ်ဒမီက ထုတ်ပြန်ခဲ့သည်။
အန်နီကုတ်စ်သည် ဇာတ်ကားတည်းဖြတ်သည့် သက်တမ်း နှစ် ၆၀ ကျော် ရှိပြီဖြစ်ပြီး Lawrence of Arabia ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့သည်။ လင်းစတယ်မာစတာသည် The Graduate and Deliverance အပါအဝင် ဇာတ်ကား ၂၀၀ ကျော်တွင် ပါဝင်ခဲ့သည်။ ဖရက်ဒရက် ဝိုက်စ်မန်းသည် ၁၉၆၇ ခုနှစ်မှ စတင်ပြီး တစ်နှစ်လျှင် ဇာတ်ကားတစ်ကားနီးပါး ရိုက်ကူးခဲ့သည်။ ယင်းဆုများကို နိုဝင်ဘာတွင် ပြုလုပ်မည့် ရှစ်ကြိမ်မြောက် Governors Awards တွင် ချီးမြှင့်သွားမည်ဖြစ်သည်။ လာရန်ဘကော၊ ဖရန်စစ်ဖို့ဒ်ကော့ပိုလာ၊ အော်ပရာဝင်းဖရေး၊ အင်ဂျလီနာဂျိုလီနှင့် စပိုက်လီတို့သည်လည်း ယင်းဆု ရရှိခဲ့ဖူးသည်။
ဂျက်ကီချန်းကို ဂုဏ်ထူးဆောင် အော်စကာဆု ချီးမြှင့်မည်
Most Read
Most Recent
17 hours ago









