သြဂုတ် ၁၂ ရက်နေ့က မြစ်ဆုံစီမံကိန်းများ ဆက်လက်၍ အကောင်အထည်ဖော်ရန် သင့်၊ မသင့် ကိစ္စနှင့် စပ်လျဉ်း၍ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကော်မရှင်၌ ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌအဖြစ် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့အား နေရာချထားပေးခဲ့သည်။ ထိုကော်မရှင်မှ မြစ်ဆုံကိစ္စများနှင့် စပ်လျဉ်းပြီး အမျိုးသား အကျိုးစီးပွား တိုးတက်ရေးကို အခြေခံ၍ နိုင်ငံတော်နှင့် ပြည်ပရင်းနှီးမြှုပ်နှံ သူတို့နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် သင့်လျော်သော နည်းလမ်းများရရှိစေရန် လေ့လာစိစစ်ပြီး သုံးသပ်ချက် အကြံပြုချက်များနှင့် အထူးအစီရင် ခံရမည်ဖြစ်ကြောင်း ဖော်ပြထားခဲ့သည်။ ထိုသို့ဖော်ပြထားချက်အပေါ် Daily Eleven သတင်းစာ၏ အာဘော်ကို ဖော်ပြရာ၌ “နိုင်ငံတော်နှင့် ပြည်ပရင်းနှီးမြှုပ်နှံသူတို့၏ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် သင့်လျော်သော နည်းလမ်းများ ရရှိစေရန်” ဟူသည့် အချက်တစ်ချက်အပေါ် “အမှန်တကယ်၌ မြစ်ဆုံစီမံကိန်းသည် လည်းကောင်း၊ ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းသည် လည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အလဲအလှယ် ပြုလုပ်ရမည့်ကိစ္စ မဟုတ်သကဲ့သို့ တရုတ်မြန်မာ ဆက်ဆံရေး ကောင်းမွန်ရန်အတွက် စတေးရမည့် ကိစ္စလည်း မဟုတ်ပေ” ဟုဆိုထားပေရာ သင့်မြတ်လျော်ကန် လှပေသည်။
ကျွန်တော်တို့နိုင်ငံသည် ကိုယ်ပိုင်အုပ်ချုပ်မှုဖြင့် ရပ်တည်လျက်ရှိသည်။ အချုပ်အခြာ အာဏာပိုင်နိုင်ငံ ဖြစ်ပါသည်။ ဒီအတွက် နေရာတကာ၌ အိမ်နီးချင်းနိုင်ငံတို့အပေါ် မျက်နှာချိုသွေး ဆက်ဆံနေဖွယ်အကြောင်း မရှိပါ။ သူတို့၏ စီးပွားထိခိုက်ဖွယ် ကိစ္စများကို တမင်ရည်ရွယ်ချက်ဖြင့် မကျူးလွန်မိဖို့သာ လိုအပ်ပါသည်။ အမှန်အားဖြင့် ဤမြစ်ဆုံကိစ္စမှာ ရည်ရွယ်ချက် မကောင်းသူ တစ်စု တစ်ဖွဲ့၏ ကိုယ်ကျိုးစီးပွား ရည်မျှော်ကာ နိုင်ငံနှင့် လူမျိုးတို့အပေါ် သစ္စာဖောက်လုပ်ရပ်တို့ဖြင့် ပြစ်မှားခဲ့မှုတို့ကြောင့်သာ ယနေ့ထိ ရှင်းမနိုင်လင်းမနိုင် ဖြစ်နေရခြင်းသာပင်။
မြစ်ဆုံကိစ္စ ဆက်လက် အကောင်အထည်ဖော်ရေးမှာ လွယ်လွယ်ဖြင့် ဆုံးဖြတ်ရမည့်အရာ မဟုတ်ပါ။ စတင်၍ အကောင်အထည်ဖော်ပြီ ဆိုကတည်းက နိုင်ငံတဝန်း ပြည်သူအပေါင်းတို့က လုံးဝအကောင်အထည်ဖော်မှု မပြုရန် ကန့်ကွက်ခဲ့ကြသည်မှာလည်း အားလုံးအသိပင်။ အဖွဲ့အစည်း အသီးသီး ပညာရှင် အသီးသီးတို့မှလည်း မည်သူတစ်ဦး တစ်ယောက်ကမှ သဘောမတူခဲ့ကြသကဲ့သို့ ဒေသခံပြည်သူများကလည်း လုံးဝကန့်ကွက် ခဲ့ကြသည်သာဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ထိုစဉ်က တာဝန်ယူခဲ့သည့် သမ္မတမှ ထိုမြစ်ဆုံ စီမံကိန်းများ ရပ်တန့်ပေးရန် ဆုံးဖြတ်ခဲ့ရသည့် အထောက်အထားများက သက်သေပြုနေခဲ့ပေသည်။
မြန်မာနိုင်ငံဘက်မှ မြစ်ဆုံစီမံကိန်း အကောင်အထည် ဖော်မှုကို ရပ်ဆိုင်းခဲ့သော်လည်း တရုတ်နိုင်ငံ ဘက်ကတော့ အစဉ်တစိုက်ပင် ကြိုးပမ်းနေခဲ့သည်မှာ အားလုံးအသိပင်။ NLD အစိုးရအဖွဲ့သစ် အာဏာလွှဲပြောင်း ပြီးစမှာပင် တရုတ်နိုင်ငံ သံအမတ်အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံခဲ့ပြီး ထိုစဉ်က မြစ်ဆုံကိစ္စဆွေးနွေး ခဲ့ဖွယ်ရှိသော်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်မှ မည်သည့်ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်မှု မပြုခဲ့ပေ။ ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ချစ်ကြည်ရေးခရီး သွားရောက်ရန်ရှိပြီး ထိုခရီးစဉ်၌ မြစ်ဆုံကိစ္စထည့်သွင်း ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ချုပ်က ထည့်သွင်းပြောကြား ထားပေသည်။
ထိုမြစ်ဆုံကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စဉ်ကာလကပင် “ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းတွေ ပြန်လည်သုံးသပ်ပြီး ပွင့်လင်းမြင်သာစွာ တာဝန်ယူ၊ တာဝန်ခံမှု အပြည့်အဝနဲ့ နှစ်နိုင်ငံရေရှည် အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားပြီး ကိုင်တွယ်ဆောင်ရွက်သွားမယ်” လို့ ပြောကြားခဲ့သည်ကို သတိရမိပေသည်။ မြစ်ဆုံကိစ္စမှာ အဘက်ဘက်မှ ချဉ်းကပ်စဉ်းစားကာ အဖြေရှာဆုံးဖြတ်ရမည့် အလေးအနက် ကိစ္စရပ် ဖြစ်ပါသည်။
အကျိုးခံစားခွင့်များအပေါ် မျှော်ကြည့်ပြန်တော့လည်း မိုးနှင့်မြေပမာ ကွာခြားနေမှုက ရုပ်ပျက်လှပေသည်။ တရုတ်နိုင်ငံဘက်မှ အကျိုးခံစားခွင့် ရာခိုင်နှုန်း ၇၀ မြန်မာနိုင်ငံဘက်မှ ရာခိုင်နှုန်း ၂၀ နှင့် ကြားပွဲစားက ရာခိုင်နှုန်း ၁၀ ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခံစားကြရမည့် ဆိုးကျိုးများက ပြောမဆုံးပေါင် တောသုံးထောင်ဆိုဘိသို့ ရုပ်ဆိုးကျည်းတန် လွန်းနေပေသည်။ တစ်နှစ်တာအတွက် မြန်မာအစိုးရမှ သန်း ၅၀၀ ရရှိပြီး ကြားပွဲစားက သန်းပေါင်း ၂၅၀ ဖြစ်နေပေရာ နိုင်ငံတော်အနေဖြင့် မည်ရွေ့မည်မျှ နစ်နာနေပေကြောင်း တွေ့နိုင်ပေသည်။ အမျိုးသားရေးနှင့်ချီကာ နစ်နာနေသည်မို့ ရှေ့လျှောက်ခံစားကြရမည့် နိုင်ငံနှင့် လူမျိုးရေး အတွက်များစွာ စဉ်းစားသင့်သည်မှာလည်း ပေါ်လွင်၍ နေပေသည်။
မြစ်ဆုံကိစ္စ ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ ACHC ကုမ္ပဏီဘက်မှ ပုတ်ခတ်ရေးသားမှုများ ပါဝင်သည့် ထုတ်ပြန်ချက်တွင် “မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ခြင်းကိစ္စသည် မူလက စာချုပ်ချုပ်ဆိုထားသည့် နှစ်ဖက်မှ ပူးပေါင်းညှိနှိုင်း၊ ဖြေရှင်းရမည့် နိုင်ငံတကာတွင် ဖြစ်ပွားသည့် စီးပွားရေး ပြဿနာတစ်ခု ဖြစ်သော်လည်း မြစ်ဆုံစီမံကိန်း၊ ဆိုင်းငံ့ခံရပြီးနောက် နိုင်ငံတကာမှ အာရုံစိုက်ခံရခြင်းနှင့် မကောင်းဉာဏ်ရှိသော ပြည်သူအချို့မှ တမင်သက်သက်၊ တလွဲတချော်ဖြစ်အောင် လုပ်ဆောင်ခြင်းကြောင့် မြစ်ဆုံစီမံကိန်းကို နိုင်ငံရေး အလွန်အသုံးချ ခံရပြီး မြစ်ဆုံစီမံကိန်းကို စာချုပ် ချုပ်ဆိုသည့် နှစ်ဖက်နှင့် တရုတ်မြန်မာနှစ် နိုင်ငံအစိုးရမှ ဆုံးဖြတ်ရမည့် ကိစ္စတစ်ခု ဖြစ်သွားသည်” ဟု ဖော်ပြထားပေသည်။ မြန်မာနိုင်ငံသား အပေါင်းတို့၏ ကိုယ်ပိုင်ရပ်တည် ဆုံးဖြတ်ချက်အပေါ် ကျူးကျော်စော်ကားခြင်း ပြုလာသည့် အရေးအသားများ ဖြစ်သဖြင့် လက်ခံနိုင်ဖွယ် မရှိပေ။ ပြဿနာရင်းမြစ် စရာဆီ ဆန်းစစ်ကြည့်သော် ကိုယ့်အသားထဲက ထွက်ပေါ်လာသည့် လောက်ကောင်များကြောင့်သာ ယခုချိန်ထိ ထိုသို့သော စော်ကားရိုင်းပျသည့် စကားလုံးများဖြင့် ပစ်ပေါက်ခံရခြင်း ဖြစ်သည်။
မြစ်ဆုံစီမံကိန်းကြောင့် ထိခိုက်ခံစားကြရမည့် ဆိုးကျိုးများကိုလည်း ပညာရှင် အသီးသီးက ထောက်ပြထားခဲ့ပေရာ ငလျင်လှုပ်ခတ်မှု များပြားလာခြင်း၊ မိုးများခြင်း၊ ရေကြီးရေလျှံမှုများ တိုးပွားလာခြင်း၊ ပုံမှန်နှစ်များတွင် ရေစီးရေလာ နည်းသွားသဖြင့် မြစ်အောက်ပိုင်း အင်းအိုင်မြစ်ချောင်းများ မြေအောက်ရေ ဆုံးရှုံးရှားပါးခြင်း၊ ရေလမ်းကြောင်းများ ပြောင်းလဲသဖြင့် ကမ်းပြိုခြင်း၊ ရေတိုက်စားခြင်း၊ ရေပြင်ညစ်ညမ်းခြင်း၊ ကူးစက်ရောဂါများ ပြန့်ပွားခြင်း၊ ကမ္ဘာကြီး ပိုမိုပူးနွေးစေမည့် ဖန်လုံအိမ် အာနိသင်များ တိုးပွားစေခြင်း၊ မြစ်အောက်ပိုင်း၌ နုန်းပို့ချမှု နည်းပါးခြင်းကြောင့် ပြောင်းလဲခြင်းကြောင့် စိုက်ပျိုးရေး ထိခိုက်ခြင်း၊ ပို့ဆောင်ရေးများ ထိခိုက်ခြင်း၊ ရေထုတ်လွှတ်မှု အပြောင်းအလဲများကြောင့် မြစ်ဝကျွန်းပေါ်ဒေသ ရေငန်ဝင်ရောက်မှု ဆိုးရွားလာခြင်း၊ မြန်မာပြည် အထက်ပိုင်း၌ ကျန်ရှိသည့် သစ်တောများ၊ ဝန်းကျင် ဂေဟစနစ်များ ဇီဝအသိုက်အမြုံများ အစိတ်စိတ် အပိုင်းပိုင်း ပျက်စီးရခြင်း၊ မေခမလိခ ရေပူရေအေး ဆုံတွေ့ရာမှတစ်ဆင့် ဖြစ်ပေါ်လာသော ရေချိုနေ သဘာ၀ ပေါက်ပင်များနှင့် ရေနေသတ္တဝါများ၏ ထူးခြားသော ဂေဟစနစ်များ ပျောက်ဆုံးသွားပြီး ရေချိုငါးလုပ်ငန်းများ ထိခိုက်၍ ကျေးလက်နှင့် မြို့ပြနေပြည်သူအားလုံး ထိခိုက်ကြရမည်ဟု ဆိုပေသည်။ မြစ်ဆုံကိစ္စအပေါ် ကျွန်တော်တို့အားလုံးက လေးနက်မှု ရှိကြပါမှ တန်ကာကျပါမည်။
လတ်တလော ဖွဲ့စည်းပေးလိုက်သည့် “မြစ်ဆုံစီမံကိန်းများကို ဆက်လက်၍ အကောင်အထည်ဖော်ရန် သင့်၊ မသင့် ကိစ္စနှင့် စပ်လျဉ်း၍ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် စိုးရိမ်မှု မြင့်မားလျက်ရှိသည့် သဘာဝပတ်ဝန်းကျင် ပညာရှင်တစ်ဦး၏ ရင်တွင်းအပူများကိုလည်း ယခုကဲ့သို့ တွေ့မြင်လိုက်ရပေသည်။ “ရှောင်ပြေးနေလို့ ဆိုင်းငံ့နေလို့မှ မရတာ။ မပူဘူးလား။ မြစ်ဆုံအကြောင်းကြောင်းကြောင့် ပြန်လုပ်သင့်ပါတယ်ပြောရင် ဘယ်နှယ့်လုပ်မလဲ။ ဒီလိုတော့ မဖြစ်ဘူးထင်တယ်။ ဒီလိုကော်မရှင်မျိုးက ဘယ်တော့မှ အဖြူအမည်း သဲကွဲအောင် ရေးလေ့မရှိဘူး။ နိုင်ငံရေး မိုးလေဝသကြည့်ပြီး အဖြေထုတ်မှာပါ။ ဖျက်ဖို့လည်း နဂိုကတည်းက ဆုံးဖြတ်ပြီးသားဆိုရင် ရဲရဲတောက် ရေးမှာပါ။ လုပ်မယ်လို့ သဘောထား အရိပ်အယောင် တွေ့ပြီးသားဆိုရင် ကျားဥပုသ်စောင့် သက်သတ်လွတ်စားကြောင်း မယုတ်မလွန် ထောက်ခံရေးမှာပါ။ ဘာအရိပ်အယောင်မှ သဘောထား မတွေ့ဘူးဆိုရင်တော့ ပြည်သူကြိုက်ရင် လုပ်ပါလို့ အဆုံးသတ်မှာပါ။ လက်ခုပ်သံရမယ့် ထောက်ပြချက်နဲ့ ဖွဲ့ပြီး ကပ်ထည့်ကလေးနဲ့ စီမံကိန်းဟာ လုပ်သင့်ကြောင်း အလံရှူးနိုင်ပါတယ်။ တကယ့်ခိုင်မာတဲ့ ပညာရပ်ပိုင်းဆိုင်ရာ သဘောထား ရပ်တည်ချက်နဲ့ ရပ်တည်နိုင်တဲ့ ကြားနေလူဆိုတာ အရှားသား မဟုတ်လား” ဆိုပြီး မယုံရဲစိတ်နဲ့ မြစ်ဆုံအရေး စိတ်မအေးနိုင်ရှာသည့် ပညာရှင်တစ်ဦး၏ အတွင်းစိတ်ကိုလည်း ဖောက်ထွင်း၍ မြင်လိုက်ရပါသည်။
ကျွန်တော်တို့မှာက ရှေ့ပိုင်းက အတွေ့အကြုံများကြောင့် သင်ခန်းစာတွေက တစ်ပုံ တစ်ပင်။ အစီရင်ခံစာအပေါ် တိကျစွာ အကောင်အထည်ဖော်ခြင်း မရှိခဲ့၍ ဒီကနေ့ထိ လက်ပံတောင်းတောင် ဒေသခံတို့၏ ငရဲခန်းများက မျက်မြင်သက်သေ များပင်ဖြစ်သည်။ ဒီတော့ မပြေးသော်လည်း ကန်ကျောက်ရာများ၊ ဖြစ်စဉ်များနှင့် ထပ်မံ၍ ထိပ်တိုက်မတိုးမိ စေရေးအတွက် ကျွန်တော်တို့အားလုံး သတိတရားဖြင့် စောင့်လင့်ကြည့်ကြရမည်မှာ ကျွန်တော်တို့၏ အလွန်မဟုတ်တန်ရာပါ။ ကော်မရှင်၏ အမိန့်ကြော်ငြာစာ အမှတ်(၃)ပါ ‘ဒေသခံပြည်သူတွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ဧရာဝတီအပေါ် ရင်မှာခံစား အလေးထားသည့် ခံစားချက်များ အပါအဝင်၊ သဘောထား အမြင်များကို ထည့်သွင်းစဉ်းစားရမည်’ ဆိုသည့် အချက်ကတော့ ကြိုဆိုရပါမည်။ ဒီကိစ္စအတွက် အဖြေက ရှင်းပါသည်။ ဒီမြစ်ဆုံကိစ္စ စတင်မည် ပြင်ဆင်စဉ်ကပင် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူအပေါင်းက ဆန္ဒများ ထုတ်ဖော်ကန့်ကွက်ခဲ့ကြပြီးမို့ အလွယ်တကူပင် အကြံပြုတင်ပြနိုင်မည် ဖြစ်ပါသည်။ ကော်မရှင်အနေဖြင့် ပြည်သူအပေါင်းတို့၏ ရင်တွင်းဆန္ဒများအပေါ် အလေးအနက် ထားကြရမည်သာ ဖြစ်ပါသည်။
“သူတို့အနေနဲ့ စီးပွားရေး မက်လုံးက အဓိကမဟုတ်ဘူး။ နယ်မြေစိုးမိုးမှုနဲ့ မြန်မာနိုင်ငံကို စိုးမိုးထားတဲ့ မြစ်ကြောင်းကြီး အပေါ်မှာ မြစ်ဆုံကြီး ရှိနေလို့ပါ။ အဲဒီလိုဆိုတော့ ကျွန်တော်တို့နိုင်ငံ စိုးမိုးမခံဖို့ လမ်းကြောင်း နှစ်ခုထဲက တိုတဲ့လမ်းကြောင်းဖြစ်တဲ့ သန်း ၈၀၀ ကို လျော်ကြေးပေးဖို့ ကျွန်တော်တို့ နိုင်ငံသားတွေအနေနဲ့ လုပ်နိုင်မလားပေါ့။ မြစ်ရဲ့ပျက်စီးမှုတွေများတယ်။ လောလောဆယ် တောင်တရုတ်ပင်လယ် အရေးအခင်းမှာကိုပဲ နိုင်ငံတကာ ခုံရုံးရဲ့အဆုံးအဖြတ် သူတို့မလိုက်နာဘူး ဆိုတဲ့ပုံစံလည်း ခင်းပြနေတော့ အတိုဆုံး နည်းလမ်းကိုရွေးတာ အကောင်းဆုံးလို့ မြင်ပါတယ်” လို့ ဦးရဲသိမ်းဦးက ဆိုပါသည်။
ငါးနှစ်တာကာလအ ုပ်ချုပ်ခွင့်ရ အစိုးရတစ်ရပ် အနေဖြင့် ပြည်သူတို့ ရင်တွင်းဆန္ဒများအပေါ် လျစ်လျူရှု၍ မြစ်ဆုံကိစ္စအား မီးစိမ်းပြခဲ့သော် ပြည်သူတို့၏ ဒဏ်ခတ်မှု ခံရနိုင်ကြောင်း သတင်းစာ တစ်စောင်ကလည်း ရေးခဲ့ဖူးပေသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ပြည်သူ့ဆန္ဒ မပါဘဲ မည်သည့်ကိစ္စကိုမျှ ပြုလုပ်မည် မဟုတ်ကြောင်း အစောပိုင်း ကာလဆီကပင် ဖွင့်ဟခဲ့ပြီး ဖြစ်ပါသည်။ ဒီအတွက်ကြောင့်လည်း ကျွန်တော်တို့ အနေဖြင့် အရမ်းကာရောကြီး စိုးရိမ်ဖွယ် မရှိပါ ဟုသာ ဖြေသိမ့်လိုပေသည်။ မည်သို့သော ကိစ္စရပ်များဖြင့် ရင်ဆိုင်ရစေကာမူ ပြည်သူအပေါင်းတို့၏ ရင်တွင်းဆန္ဒတို့အပေါ် အလေးထားလျက်ဖြင့် မြစ်ဆုံကိစ္စအပေါ် အကောင်အထည် ဖော်နိုင်ပါစေကြောင်း မေတ္တာရည် လောင်းအပ်ပါသည်။
ပြည်သူဘက် မျက်နှာမူ၍
Most Read
Most Recent
8 hours ago










