ယခုအချိန်မှာ နိုင်ငံခြားသားတစ်ယောက်က “ခင်ဗျားတို့နိုင်ငံက ဘယ်လိုနိုင်ငံမျိုးလဲ” ဟု မေးလာခဲ့သော် “ပရဟိတတွေ အရမ်းလုပ်တဲ့နိုင်ငံ” ဟု ကျွန်တော်ပြန်ဖြေလိမ့်မည် ထင်သည်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ၏ ဘဝနေထိုင်မှု ပုံစံကို လေ့လာကြည့်လျှင် ဘာပဲလုပ်လုပ် မိမိအကျိုးအပြင် အများအကျိုးကိုပါ မမေ့မလျော့ထည့်သွင်း တွေးတောကာ လုပ်ကိုင်လေ့ ရှိကြပါသည်။ အဆိုပါ အမူအကျင့်သည် ကျွန်တော်တို့ ဘိုးဘွားများ ဖြစ်ကြသော ရှေးမြန်မာကြီးတွေ ကိုယ်တိုင် ကျင့်သုံးခဲ့ပြီး နောင်လာနောက်သား မျိုးဆက်များသို့ အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့သော အမွေအနှစ်လည်း ဖြစ်ပါသည်။မြန်မာလူမျိုးသည် “ဘာသာရေး” နှင့် ဆိုင်သော ကိစ္စရပ်များကို လုပ်ကိုင်ရာတွင် ပရဟိတလုပ်ငန်းသဖွယ် သဘောထားကာ လုပ်ကိုင်လေ့ ရှိကြပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဦးခိုက် ပူဇော်ရာ ဖြစ်တော်မူသော ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင်ပင်လျှင် “အတ္တဟိတ” ကို ပယ်စွန့်၍ “ပရဟိတ” ကို ရှေ့တန်းတင်လိုတော်မူသောကြောင့် မယားကိုစွန့် သားကိုစွန့် ထီးနန်းစည်းစိမ်ကိုပင် စွန့်ကာ တောထွက်တော်မူခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် မြန်မာလူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်များပီပီ ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာမြတ်သုံးပါးနှင့် ဆိုင်သည့် ဘာသာရေး၊ သာသနာရေး ကိစ္စရပ်များတွင် အတ္တဟိတစိတ်ကို နောက်ချန်၍ ပရဟိတစိတ်ကို ရှေ့တန်းတင်ကာ ပြုမူဆောင်ရွက်လေ့ ရှိကြပါသည်။ မြန်မာလူမျိုးတွေ ချစ်စရာကောင်းလိုက်ပုံက သူတို့ကိုယ်တိုင် တဲကုပ်တဲစုတ်မှာ နေရလင့်ကစား ဘုရားတည်ရာ၊ ဘုန်းကြီးကျောင်းဆောက်ရာမှာ စေတီကောင်းကောင်း၊ ဘုန်းကြီးကျောင်းကောင်းကောင်း ဖြစ်စေလိုသောစိတ်ဖြင့် ရက်ရက်ရောရော လှူဒါန်းစွန့်ကြဲကာ ပူဇော်လေ့ ရှိကြပါသည်။ ဤအချက်သည် မြန်မာလူမျိုးတို့၏ ဘာသာစိတ်၊ သာသနာစိတ်၊ ပရဟိတစိတ် ပြင်းပြထက်သန်ကြောင်းကို ပြသလျက် ရှိပါသည်။မြန်မာလူမျိုးသည် “ပညာရေး” နှင့် ဆိုင်သော ကိစ္စရပ်များကို လုပ်ကိုင်ရာမှာလည်း “ပရဟိတအမြင်” ဖြင့်သာ တွေးတောလုပ်ကိုင်လေ့ ရှိပါသည်။ ရှေးခေတ်ကဆိုလျှင် ဘုန်းကြီးကျောင်းသားအဖြစ် နေထိုင်ရသူများသည် ဆရာဘုန်းကြီးကျွေးသော ထမင်းကိုစားရင်း ပညာကိုပါ အလကား သင်ခွင့်ရကြပါသည်။ ယခုခေတ်တွင် “ပညာရေး” သည် အခကြေး ငွေယူကာ သင်ကြားသည့် စီးပွားရေးလုပ်ငန်း အသွင်ဆောင်လာသော်လည်း အခြားတစ်ဖက်တွင် အခကြေးငွေပေးပြီး မသင်နိုင်သူတို့အတွက် “ပညာဒါန” အခမဲ့ကျောင်းတွေလည်း အလျှိုအလျှို ပေါ်ပေါက်လျက် ရှိသည်။ ဆင်းရဲချို့တဲ့သူများ၊ မိဘမဲ့များအတွက်လည်း “ဘုန်းတော်ကြီးသင် ပညာရေးကျောင်း” များက တစ်ဖက်တစ်လမ်းကနေ ကူညီပေးလျက် ရှိပါသည်။ ထို့အပြင် စာတော်ပါလျက် မိမိတို့ လိုချင်သည့် ဘွဲ့မယူနိုင်သူများကိုလည်း အစစ အရာရာ ကူညီဖြည့်ဆည်းပေးနေသည့် “ပညာရေးဖောင်ဒေးရှင်း” များလည်း ပညာဒါနပြုလျက် ရှိကြပါသည်။ မြန်မာလူမျိုးသည် မိမိကိုယ်တိုင် ပညာမတတ်ခဲ့လျှင်တောင်မှ ပညာရှာသူ၊ ပညာတော်သူများကို ကူညီဖြည့်ဆည်းပေးဖို့ ဝန်မလေးသော လူမျိုးဖြစ်ပါသည်။ ဤအချက်သည်လည်း မြန်မာလူမျိုးတို့၏ ပညာရေးဆိုင်ရာ ပရဟိတစိတ်ကို ပြသလျက် ရှိပါသည်။မြန်မာလူမျိုးသည် စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရာမှာလည်း ‘ပရဟိတစိတ်’ ကို အခြေခံကာ လုပ်ကိုင်လေ့ ရှိပါသည်။ ရှေးလူကြီးသူမများက ‘မလှူတတ်ဈေးရောင်း’ ဟူသော စကားပုံကို အလကားထားခဲ့ခြင်း မဟုတ်။ ဈေးရောင်းသူသည် မိမိကိုယ်ကို ‘အလှူရှင်’ လို သဘောထားပြီး ဈေးဝယ်သူကို ‘အလှူခံပုဂ္ဂိုလ်’ လို သဘောထားကာ စိတ်ကောင်းစေတနာကောင်းနှင့် ဈေးရောင်းဖို့ သွန်သင်ဆုံးမသည့် သဘောနှောင်း လူတို့အတွက် ထားခဲ့သော စကားပုံ ဖြစ်ပါသည်။ ယခုခေတ်တွင် ဝိသမလောဘစိတ်ဖြင့် စီးပွားရေး လုပ်ကိုင်နေသူတွေ တစ်နေ့တခြား ပိုမိုများပြားလာပြီဟု ဆိုသော်ငြား မြန်မာလူမျိုးတို့၏ ပင်ကိုစိတ်ရင်းအပေါ် အခြေခံသည့် စီးပွားရေး အမြင်ကတော့ ‘ပရဟိတစိတ်’ ပါပဲ။ ထိုကဲ့သို့ ပရဟိတစိတ်အပေါ် အခြေခံသည့် ‘စီးပွားရေးဆိုင်ရာ နည်းဗျူဟာ’ ကို ပြန်လည် ထူထောင်နိုင်မည် ဆိုလျှင်တော့ ရှေးခေတ်မြန်မာ လူမျိုးတို့၏ ‘အမွေအနှစ်ကောင်း’ တစ်ခုကို ပြန်လည် ရရှိသွားပြီဟု ဆိုရပါလိမ့်မည်။ မည်သို့ဆိုစေ ပရဟိတစိတ်အပေါ် အခြေခံသည့် စီးပွားရေး လုပ်ငန်းများကို မြန်မာလူမျိုးတို့ လုပ်ကိုင်ခဲ့ကြဖူးသည်မှာ အသေအချာပင် ဖြစ်ပါသည်။မြန်မာလူမျိုးတို့သည် ‘နိုင်ငံရေး’ ကိုလည်း ‘ပရဟိတစိတ်’ ဖြင့်ပင် လုပ်ကိုင်ခဲ့ကြပါသည်။ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းမှာ အတ္တဟိတစိတ်ဖြင့် နိုင်ငံရေး လုပ်ခဲ့သူများ ရှိသလို ပရဟိတစိတ်ဖြင့် နိုင်ငံရေး လုပ်ခဲ့သူများလည်း ရှိခဲ့ကြပါသည်။ ထိုကဲ့သို့ နိုင်ငံရေး အတ္တဟိတစိတ်နှင့် ပရဟိတစိတ် လွန်ဆွဲခဲ့ကြရာ ပရဟိတစိတ် အနိုင်ရခဲ့သောကြောင့် မြန်မာပြည် လွတ်လပ်ရေး ရခဲ့ပါသည်။ သို့သော် အတ္တဟိတသမား တစ်စုကြောင့် ခေါင်းဆောင်တွေ ဝါးအစည်းပြေသလိုပြေကာ ပြည်တွင်း စစ်ပေါ်ပေါက်လာခဲ့ရပါသည်။ ထို့နောက်မှာတော့ အတ္တဟိတ နိုင်ငံရေးသမားတွေကြောင့် မြန်မာပြည် တိုးတက်ဖွံ့ဖြိုးမှု နောက်ကျကာ ပြည်သူတွေလည်း ဆင်းရဲတွင်းထဲက ပြန်မတက်နိုင်သည့်ဘ၀ ကျရောက်သွားပါတော့သည်။ သို့ရာတွင် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပရဟိတစိတ်က ပြန်လည် အနိုင်ရရှိကာ ပြည်သူလိုလားသည့် အစိုးရ တစ်ရပ်ကို ရွေးချယ် တင်မြှောက်နိုင်ခဲ့ပါသည်။ တကယ်တော့ နိုင်ငံရေး၏ အဓိပ္ပာယ် အနှစ်သာရကလည်း အများပြည်သူ၏ အကျိုးစီးပွားကို ဆောင်ရွက်ရသည့် ပရဟိတလုပ်ငန်းပင် ဖြစ်ပါသည်။ ဟိုရှေးယခင်က ခေါင်းဆောင်ကောင်းတွေ ပရဟိတစိတ်ဖြင့် နိုင်ငံရေး လုပ်ခဲ့ကြသည်ကို နမူနာယူကာ မြန်မာ့နိုင်ငံရေး အဆင့်မြင့်မားအောင် ပြန်လည် မြှင့်တင်ကြဖို့ လိုအပ်နေပါသည်။မြန်မာလူမျိုးသည် ‘လူမှုရေး’ ကိုလည်း ‘ပရဟိတစိတ်’ ဖြင့်ပင် လုပ်ကိုင်ခဲ့ကြပါသည်။ မြန်မာလူမျိုးတို့၏ သာမှုနာမှု ကိစ္စများတွင် ချစ်စရာကောင်းသော ဓလေ့စရိုက်များ ကိန်းဝပ် တည်ရှိနေပါသည်။ နာမှုကိစ္စများတွင် အသုဘရှင် မိသားစုကို ကိုယ်ချင်းစာ သနားသည့်စိတ်ဖြင့် အသုဘအိမ်သို့ ရောက်လာသူများက ကူငွေထည့်သည့်ဓလေ့ ယခုအချိန်ထိ ရှိနေဆဲပါပဲ။ ထို့အတူ မင်္ဂလာဆောင် အခမ်းအနားတွင်လည်း ယခုမှ အိုးအိမ်ထူထောင်ခါစ သတို့သားနှင့် သတို့သမီးကို ဝိုင်းဝန်းကူညီသည့် အနေဖြင့် မင်္ဂလာဆောင်လာသူများက ‘လက်ဖွဲ့’ ပေးသည့် ဓလေ့လည်း ယခုအချိန်ထိ ရှင်သန်နေဆဲပါပဲ။ အဆိုပါ အပြုအမူများသည် မြန်မာလူမျိုးတို့၏ ချစ်စရာကောင်းသော ပရဟိတစိတ်ကို လှစ်ဟပြနေသကဲ့သို့ ရှိပါသည်။ အထူးသဖြင့် မြန်မာလူမျိုးသည် သာမှုထက် နာမှုကို ပိုဂရုစိုက် ပိုအလေးထားပါသည်။ မလွှဲသာ၍ သာမှုကို မသွားဖြစ်လျှင်တောင် နာမှုကိုတော့ မရောက်ရောက်အောင်သွားပြီး အသုဘရှင် မိသားစုကို နှုတ်၏ ဆောင်မခြင်း လက်၏ဆောင်မခြင်းဖြင့် ကူညီလေ့ ရှိပါသည်။ မြန်မာလူမျိုးတို့တွင် ပျော်ရွှင်နေသူကို အားပေးဖို့ထက် ဒုက္ခရောက်နေသူကို ကူညီချင်သည့်စိတ်က ပိုမိုထက်သန် အားကောင်းသည်ဟုပင် ဆိုရပါလိမ့်မည်။တခြားမကြည့်နှင့်။ ယခုလက်ရှိ ရေဘေးကြုံနေရသူတွေ အပေါ်ထားသည့် မြန်မာပြည်သူတွေ၏ ‘ပရဟိတစိတ်’ ကိုပင် လေ့လာကြည့်ပါ။ စာသင်ကျောင်းထဲမှ ကျောင်းသူကျောင်းသားများ လမ်းပေါ်ထွက်ကာ ရေဘေးအတွက် အလှူခံနေကြရသည်။ မီဒီယာသမားများ အလုပ်သမားများ အနုပညာသမားများ ရေဘေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနေရသည်။ ရပ်ကွက်၊ မြို့နယ်အသီးသီးရှိ အခြေခံ ပြည်သူများပါမကျန် ရေဘေးသင့် ပြည်သူတွေအတွက် အလှူခံ ထွက်နေကြရသည်။ တစ်နည်းပြောရလျှင် မိမိတို့နှင့် တစ်မြေတည်းနေ တစ်ရေတည်းသောက်သူတွေ ဒုက္ခရောက်နေသည်ကို မကြည့်ရက်သည့်အတွက် နေပူမရှောင် မိုးရွာမရှောင် အလုပ်ပျက် အကိုင်ပျက် လမ်းပေါ်ထွက် အလှူခံနေရသည့် မြန်မာပြည်သူတွေ၏ ပရဟိတစိတ်ကို ဖွင့်ဟဖော်ပြနေသလိုပါပဲ။ထို့ကြောင့် အထက်ပါ အပြုအမူများကို ကြည့်ပြီး မြန်မာနိုင်ငံကို ပရဟိတနိုင်ငံဟု ကျွန်တော် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။










