ဆီးရီးယားနိုင်ငံ အလက်ပိုမြို့တိုက်ပွဲတွေကြောင့် ဒဏ်ရာရပြီး ထိတ်လန့်တုန်လှုပ်မှုနဲ့ မှင်တက်မိနေတဲ့ ငါးနှစ်အရွယ် ကလေးငယ် အိုမရန်ဒက်နီးရှ်ရဲ့ဓာတ်ပုံဟာ တစ်ကမ္ဘာလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အလက်ပို မီဒီယာဌာနက ဆီးရီးယား ဂျာနယ်လစ်တွေတင်တဲ့ ဗီဒီယိုဖိုင်မှာ သွေးတွေ၊ ဖုန်မှုန့်တွေ ပေကျံနေတဲ့ ကလေးငယ်ကို တွေ့ရပါတယ်။ သူ့ခေါင်းထဲမှာ ဗလာကျင်းနေပြီး အံ့သြတုန်လှုပ်စွာ စိုက်ကြည့်လို့ လက်မှာသွေးတွေနဲ့ လူနာတင်ကားပေါ်မှာ ထိုင်နေတဲ့ ကလေးငယ်ရဲ့ ဓာတ်ပုံက ကြေကွဲစရာပါ။
သူဟာ ငါးနှစ်ကျော် ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ်ကြောင့် မရေမတွက်နိုင်အောင် များပြားတဲ့ ထိခိုက်ခံစားရသူတွေထဲက တစ်ဦးမျှသာ ဖြစ်ပါတယ်။ သိန်းနဲ့ချီတဲ့လူတွေ သေကြရတယ်။ သန်းနဲ့ချီတဲ့လူတွေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးပြီး ဒုက္ခသည် ဖြစ်ကြရတယ်။ နောက်ထပ် သန်းနဲ့ချီတဲ့လူတွေ စစ်ပွဲထဲမှာ ပိတ်မိပြီး အစာငတ် ရေငတ်နဲ့ ဒုက္ခတွေ့ကြရတယ်။ စစ်ပွဲကတော့ မရပ်သေးပါဘူး။ ရေရှည် အပစ်အခတ် ရပ်စဲရေးအတွက် ထပ်ကာထပ်ကာ ကြိုးစားနေပေမယ့် ကမ္ဘာကြီးအတွက် ဒေါသထွက်စရာ အိုမရန်လို ကြေကွဲဖွယ် ဓာတ်ပုံတွေ ထွက်ပေါ်လာနေတုန်းပါပဲ။ စစ်ပွဲ အဆုံးသတ်သွားမယ့် အရိပ်အယောင် ဘယ်နေရာမှာမှ မမြင်ရသေးပါဘူး။ စစ်ပွဲက ဘာလို့ အဆုံး မသတ်သေးတာလဲလို့ သုံးသပ်ကြည့်တဲ့အခါ အောက်ပါချက်င ါးချက်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
► နိုင်ငံက ပြန်ပြုပြင်လို့ မရအောင်ကို သဘောထားက ွဲလွဲလျက်ရှိတယ်။
၂၀၁၁ ခုနှစ် မတ်လမှာ ဆီးရီးယားအစိုးရတပ်တွေက အကြမ်းမဖက်တဲ့ ဆန္ဒပြသူတွေကို နှိမ်နင်းမှုနဲ့အတူ စတင်ခဲ့တဲ့တိုက်ပွဲဟာ ဆီးရီးယားရဲ့ လူဦးရေအများစုဖြစ်တဲ့ ဆွန်နီမွတ်စလင်တွေက လူနည်းစုဖြစ်တဲ့ အယ်လာဝိုက် အုပ်စိုးသူတွေကို ဆန့်ကျင်မှုဖြစ်ပါတယ်။ ဒါပေမဲ့ တခြား ဆွန်နီတွေ၊ ကာ့ဒ်တွေနဲ့ ခရစ်ယာန်တွေကို အုပ်စိုးသူတွေက မဟာမိတ်ပြုထားပါတယ်။ စစ်ပွဲမှာ ယှဉ်ပြိုင်တိုက်ခိုက်နေတဲ့ ဘယ်အုပ်စုကမှ အပြည့်အ၀ အောင်ပွဲမရမချင်း စစ်ပွဲကို မရပ်ချင်ကြပါဘူး။
တစ်ချိန်က ဆီးရီးယားရဲ့ လူဦးရေအများဆုံးဖြစ်ခဲ့တဲ့ အလက်ပိုမြို့မှာ သဘောထားကွဲလွဲမှုက သိသာထင်ရှားပါတယ်။ ဆီးရီးယားအစိုးရတပ်တွေက မြို့ရဲ့အနောက်ခြမ်းကို ထိန်းချုပ်ထားပြီး ကာ့ဒ်တပ်တွေနဲ့အတူ တိုက်ပွဲဝင်ပါတယ်။ မြို့ရဲ့အရှေ့ခြမ်းကိုတော့ ဆွန်နီ အာရပ်အများစုဖြစ်တဲ့ သူပုန်တပ်တွေက ထိန်းချုပ်ထားပါတယ်။ သူတို့ရဲ့ မြို့ကိုထိန်းချုပ်နိုင်ဖို့ တိုက်ခိုက်နေမှုတွေက မြို့ကို ဖွတ်ဖွတ်ညက်ညက်ကြေစေပြီး အရပ်သား နှစ်သန်းဟာ စားနပ်ရိက္ခာ၊ ရေနဲ့ ဆေးဝါးတွေ လိုအပ်လျက်ရှိပါတယ်။
ဆီးရီးယားနိုင်ငံရဲ့ အစိတ်အပိုင်းတိုင်းက သူ့ဟာနဲ့သူတော့ အရေးကြီးပါတယ်။ ဒါပေမဲ့ နိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ အလက်ပိုက အချက်အချာကျပါတယ်။
“အလက်ပိုမြို့ဟာ ဆီးရီးယားနိုင်ငံရဲ့ ပြည်တွင်းစစ်မှာ အချက်အချာကျပါတယ်။ အစိုးရက အလက်ပိုကို ဆုံးရှုံးသွားမယ်ဆိုရင် ဆီးရီးယားရဲ့ ညီညွတ်ရေးကို ထိန်းသိမ်းနိုင်ဖို့ အခွင့်အလမ်း မရှိတော့ပါဘူး။ အစိုးရက အလက်ပိုကို ထိန်းချုပ်နိုင်မယ်ဆိုရင် သူတို့ ဆီးရီးယားမြောက်ပိုင်းတစ်ခုလုံးကို ထိန်းချုပ်နိုင်ပါလိမ့်မယ်” လို့ အရှေ့ပိုင်းမူဝါဒရေးရာ ဝါရှင်တန ်အင်စတီကျုက ဖာဘရိုက်ဘလန်ချီက ဆိုပါတယ်။
► ဘယ်ဘက်ကမှ အနိုင်ရလောက်အောင် အင်အားမသာဘူး။
စစ်ပွဲက နှစ်တွေကြာလာတဲ့အခါ သမ္မတ ဘာရှားအယ်အာဆတ်ကို သစ္စာရှိတဲ့ ဆီးရီးယား အာရပ်တပ်ဖွဲ့ဟာ လုံးပါးပါးလာပြီး တပ်ကိုစွန့်ခွာ ထွက်ပြေးသူတွေလည်း ရှိတာကြောင့် အစိုးရတပ်တွေဟာ အလက်ပိုကို အပြည့်အ၀ ထိန်းချုပ်နိုင်စွမ်း မရှိဘူးလို့ ဝါရှင်တန်အခြေစိုက် စစ်ပွဲလေ့လာရေး အင်စတီကျုက အကြီးတန်းသုံးသပ်သူ ခရစ္စဟာမာက ဆိုပါတယ်။ သူက“ဆီးရီးယား အာရပ်တပ်ဖွဲ့ဟာ အလက်ပိုလို အရွယ်အစားရှိတဲ့ မြို့တစ်မြို့ကို သိမ်းပိုက်ပြီး ထိန်းသိမ်းထားနိုင်လောက်တဲ့ လူအင်အားမရှိဘူး။ သူပုန်တွေက တန်ပြန်ထိုးစစ် ဆင်နိုင်ခဲ့တယ်” လို့ ဆိုတယ်။
ဇွဲနပဲကြီးကြီးနဲ့ တိုက်ခိုက်နေတဲ့ သူပုန်တိုက်ခိုက်ရေးသမားတွေမှာက သူတို့ထိန်းချုပ်ထားတဲ့ အရပ်သားတွေ နေထိုင်တဲ့နေရာတွေ၊ ယာဉ်တန်းတွေနဲ့ အမှုထမ်းတွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယားနဲ့ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုတုံ့ပြန်ဖို့ လေတပ်နဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ မရှိဘူး။
အလက်ပိုမြို့ ဂျယ်လမ်ဒေသတွင် သြဂုတ် ၂၀ ရက်က နံနက်ပိုင်း လေကြောင်း တိုက်ခိုက်မှုပြီးနောက် ဆီးရီးယား အရပ်ဘက်ကာကွယ်ရေး စေတနာ့ဝန်ထမ်းများက အပျက်အစီးပုံများကို တူးဖော်နေစဉ်
► ပြည်ပ အင်အားကြီး နိုင်ငံတွေက ပဋိပက္ခကို ရှည်ကြာစေတယ်။
အာဆတ်ရဲ့ တပ်တွေမှာရော ဆီးရီးယား သူပုန်တွေမှာပါ လက်နက်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပေးမယ့် အင်အားကြီးမဟာမိတ်တွေ ရှိတယ်။
သြဂုတ် ၁၆ ရက်မှာ ရုရှားဟာ လေကြောင်းတိုက်ခိုက်မှု စတင်ဖို့ အီရန်အနောက်ပိုင်းက လေတပ်အခြေစိုက် စခန်းတစ်ခုကို သုံးခဲ့တယ်။ ဆယ်စုနှစ်ပေါင်းများစွာမှာ ပထမဆုံးအကြိမ်အဖြစ် အီရန်ဟာ ပြည်ပအင်အားကြီး နိုင်ငံတစ်နိုင်ငံကို သူ့နိုင်ငံထဲက စစ်အခြေစိုက်စခန်း အသုံးပြုခွင့်ပေးခဲ့ခြင်းပါပဲ။ အဲဒါကိုကြည့်ရင် အီရန်နဲ့ ရုရှားဟာ အာဆတ် အသာစီးရဖို့ ပူးပေါင်း ကူညီနေတယ်ဆိုတာ သိသာပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်တုန်းကတော့ သူပုန်တွေဟာ ပါရှန်းပင်လယ်ကွေ့မှာရှိတဲ့ အမေရိကန် မဟာမိတ်တွေထောက်ပံ့တဲ့ အမေရိကန်လုပ် TOW တင့်ကားဖျက် ဒုံးကျည်တွေ အသုံးပြုပြီး အာဆတ်ရဲ့ တင့်ကားတွေအများကြီးကို ဖျက်ဆီးခဲ့တာမို့ ဆီးရီးယားအာဏာရှင်ဟာ အရေးနိမ့်တော့မယ့်ပုံ ပေါ်လာပါတယ်။ ဒါပေမဲ့ ရုရှားက ဝင်လာပြီး စစ်ပွဲကို ချိန်ခွင်လျှာ ပြန်ညှိလိုက်ပါတယ်။ ရုရှားဟာ အကြမ်းဖက်သမားတွေကို ရည်ရွယ်တယ်ဆိုပြီး အာဆတ် အသာစီးရစေမယ့် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာပါတော့တယ်။ အမေရိကန်နိုင်ငံခြားရေးဌာနကတော့ ရုရှားဟာ အမေရိကန်က ထောက်ပံ့ထားတဲ့ အတိုက်အခံ တပ်တွေကို ပစ်မှတ်ထားတာလို့ ဆိုပါတယ်။
အီရန်ဟာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရတ်နဲ့ လက်ဘနွန်က ရှီအိုက်မွတ်စလင် စစ်သွေးကြွတွေကို စုစည်းပြီး ရန်ပုံငွေထောက်ပံ့ပေးခဲ့တာမို့ အာဆတ်တပ်တွေနဲ့အတူ တိုက်ပွဲဝင်ဖို့ တိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာ တိုးလာပါတယ်။
သူပုန်အဖွဲ့အမျိုးမျိုးကိုတော့ ဂျော်ဒန်၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ ယူအေအီးနဲ့ တူရကီတို့က ထောက်ပံ့ခဲ့တယ်လို့ လက်ဘနွန်၊ ဆီးရီးယားနဲ့ အီရတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း ရိုင်ယန်ခရော့ကာက ဆိုပါတယ်။
ဆွန်နီမွတ်စလင်တွေ လွှမ်းမိုးတဲ့ ဆော်ဒီအာရေဗျနဲ့ ရှီအိုက်မွတ်စလင်တွေ လွှမ်းမိုးတဲ့ အီရန်နိုင်ငံတို့အကြား ဘာသာရေးအရ ပြိုင်ဆိုင်မှုဟာ ဒေသတွင်း တစ်ခုလုံးရဲ့ ပြဿနာ တစ်စိတ်တစ်ဒေသဖြစ်တယ်လို့ ခရော့ကာက ဆိုပါတယ်။
► IS အဖွဲ့နဲ့ အယ်ကေးဒါးအဖွဲ့တွေက အရာရာကို ရှုပ်ထွေးစေတယ်။
ဆီးရီးယားပြည်တွင်းစစ် အစောပိုင်းမှာ အမေရိကန်သမ္မတ ဘာရက်အိုဘားမားဟာ အာဆတ်ကို တိုက်ခိုက်နေတဲ့ သဘောထား အလယ်အလတ်ရှိတဲ့ သူပုန်တွေကို ထောက်ပံ့ကူညီခဲ့ပါတယ်။ အမေရိကန်က အာဆတ်ကို သူ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
အစွန်းရောက်အဖွဲ့က ဆီးရီးယားတောပိုင်းတွေက ကျယ်ပြောလှတဲ့ နေရာတွေကို ထိန်းချုပ်နိုင်ခဲ့ပြီး လွတ်လပ်တဲ့ ဆီးရီးယားတပ်မတော်ဆိုတဲ့ အဖွဲ့က အဖွဲ့ခွဲတချို့ဟာ အကြမ်းဖက်အဖွဲ့ ဖြစ်တဲ့ နူဆရာတပ်ဦးနဲ့ မဟာမိတ်ပြုသွားပါတယ်။ နူဆရာတပ်ဦးဟာ အယ်ကေးဒါးရဲ့ ဆီးရီးယားအဖွဲ့ခွဲ ဖြစ်ပါတယ်။
“သူပုန်တွေကိုလည်း ထောက်ပံ့မယ်၊ အစ္စလာမ် အစွန်းရောက်တွေကိုလည်း တိုက်မယ်ဆိုတာနဲ့ ကိုက်ညီတဲ့ မဟာဗျူဟာကိုရဖို့ အမေရိကန်အတွက် သိပ်ကိုခက်ခဲလာပါတယ်” လို့ အမေရိကန် အင်တာပရိုက်စ် အင်စတီကျုက မက်သရူးမက်အင်နစ်က ဆိုပါတယ်။
သူပုန်အဖွဲ့တွေကို အစွန်းရောက်အဖွဲ့တွေက ပိုပိုလွှမ်းမိုးလာပုံရပြီး အာဆတ်၊ ရုရှားနဲ့ အီရန်တို့က သူတို့ဟာ အကြမ်းဖက်သမားတွေကို တိုက်နေတာပါလို့ အခိုင်အမာပြောလာတဲ့အတွက် အိုဘားမားအနေနဲ့ မလူးသာ မလွန့်သာ ဖြစ်လာပါတယ်လို့ မက်အင်နစ်က ဆိုပါတယ်။
► နောက် ဘာလုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ သဘောတူညီချက် မရှိဘူး။
အမေရိကန်နဲ့ သူ့မဟာမိတ်တွေရယ်၊ ဆီးရီးယား၊ ရုရှားနဲ့ အီရန်တို့ရယ်က ဂျီနီဗာ ဆွေးနွေးပွဲမှာ နိုင်ငံရေး ဖြေရှင်းချက်ဆီ ရောက်ဖို့ ကြိုးစားခဲ့ကြတယ်။ ကုလသမဂ္ဂရဲ့ ဆီးရီးယားဆိုင်ရာ အထူးကိုယ်စားလှယ် စတီဖင် ဒီမစ်တူရာဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ သဘောတူညီချက်တွေ အများကြီးကို ကြီးမှူးဆောင်ရွက်ခဲ့တယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးဟာ ကျိုးပျက်သွားကြတယ်။ တချို့ကိုတော့ ဘယ်တော့မှ အကောင်အထည် မဖော်ဖြစ်ဘူး။ သြဂုတ် ၁၈ ရက်မှာ နောက်ဆုံးကြိုးပမ်းချက်ကတော့ အထောက်အပံ့ ပစ္စည်းတွေပို့ဖို့ တိုက်ပွဲရပ်တန့်ရေးပါပဲ။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ဆီးရီးယားအစိုးရနဲ့ သူပုန်တွေရဲ့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အဟန့်အတား ဖြစ်နေတာကတော့ အသွင်ကူးပြောင်းမှု ကာလအတွင်း အာဆတ်ရဲ့ အခန်းကဏ္ဍနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွင်း ပါဝင်မယ့် သူပုန်တွေရဲ့ ဖွဲ့စည်းပုံပါပဲ။ အာဆတ်နဲ့ သူ့ မဟာမိတ်တွေက အာဆတ် ဆက်ရှိနေရမယ်လို့ အခိုင်အမာ တောင်းဆိုပါတယ်။ အမေရိကန်ကတော့ အာဆတ်ကို ဖယ်ရှားဖို့သာ လိုလားပါတယ်။










