တရုတ်နိုင်ငံအတွက် မြစ်ဆုံစီမံကိန်းကရမယ့် ရေအားလျှပ်စစ်ဟာ အဓိကကျတဲ့ အခြေအနေ ဖြစ်မနေဘူးလို့ သုံးသပ်နေကြပေမယ့် တရုတ်နိုင်ငံအတွက် ပထဝီနိုင်ငံရေးအရ အသာစီးရနိုင်တဲ့ မြစ်ဆုံစီမံကိန်းကိုတော့ ဆက်လက်လုပ်ဆောင်ဖို့ တရုတ်နိုင်ငံက မျှော်လင့်နေပါတယ်။
သြဂုတ် ၁၇ ရက်က စတင်ခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံခရီးစဉ် မတိုင်ခင်မှာ တရုတ်အစိုးရရဲ့ အာဘော်သတင်းစာဖြစ်တဲ့ ဂလိုဘယ်လ်တိုင်းမ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံခရီးဟာ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ သဘောထား ဖော်ပြလိမ့်မယ်လို့ နှတ်ကြောင်းပေး ရေးသားခဲ့ပါတယ်။
ဒါ့အပြင် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မတိုင်ခင် ဖွဲ့စည်းခဲ့တဲ့ ဧရာဝတီ- မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင်ဟာ စီမံကိန်း ပြန်စဖို့ အချက်ပြမှုတစ်ခုလို့ ဂလိုဘယ်လ်တိုင်းမ်က ဆိုပါတယ်။
သြဂုတ် ၁၈ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံဝန်ကြီးချုပ် လီခယ်ကျင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Liu Zhemin က မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က သင့်တော်တဲ့ အဖြေတစ်ခု ရှာပေးဖို့ မျှော်လင့်တယ်လို့ ဆိုခဲ့ပါတယ်။
ဒီလို ပြောကြားမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဂျာနယ်လစ်တွေက မေးမြန်းခဲ့ပြီး ပြန်လည်တုံ့ပြန်ခဲ့ရာမှာ “ကျွန်မ တို့ ကော်မရှင်တစ်ခု ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ ကော်မရှင်က အကောင်းဆုံးအဖြေကို ရှာရမှာဖြစ်တယ်။ ကျွန်မအနေနဲ့ အခု ဘာအကောင်းဆုံးလဲဆိုတဲ့ အဖြေပေးဖို့ မဖြစ်နိုင်ဘူး။ အဲဒီလိုဆိုရင် ဒီကော်မရှင်ဖွဲ့စရာ ဘယ်လိုပါ့မလဲ။ ဒါဟာ ကော်မရှင်အတွက် လုပ်ရမယ့် အလုပ်သာ ဖြစ်တယ်။ အကောင်းဆုံးအဖြေဟာ ဘာဖြစ်မလဲဆိုတာ အဖြေရှာရမယ်” လို့ တုံ့ပြန်ဖြေဆိုခဲ့ပါတယ်။
မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ကော်မရှင်ဖွဲ့တယ်ဆိုရာမှာ ကော်မရှင်ကချည်း တာဝန်ရှိတာမဟုတ်ဘဲ ကော်မရှင်ရဲ့ မေးမြန်းစုံစမ်းမှုကို ဖြေဆိုပေးရမယ့် ပြည်သူတွေမှာလည်း တာဝန်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အသံကို အစိုးရအဖွဲ့ဆီတစ်ဆင့် ပြန်တင်ပေးရမယ့် ကော်မရှင်အတွက်လည်း မြစ်ဆုံစီမံကိန်းကို ပြည်သူက လုံးဝလက်မခံဘူးဆိုတဲ့ အဖြေတင်ပြနိုင်ဖို့ အခုအချိန်မှာ အလိုအပ်ဆုံးအသံဟာ ပြည်သူတွေရဲ့ ‘မြစ်ဆုံစီမံကိန်းကို လုံးဝလက်မခံပါဘူး’ ဆိုတဲ့ ကျယ်ကျယ်လောင်လောင် အသံဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
■ မြစ်ဆုံကော်မရှင်နှင့် သင်ခန်းစာယူရမည့် လက်ပံတောင်းတောင်စီမံကိန်း
ကော်မရှင်အနေနဲ့ တာဝန်ရှစ်ရပ်ကို ထမ်းဆောင်ရမှာဖြစ်ပြီး “ဧရာဝတီ - မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့် စပ်လျဉ်း၍ အမျိုးသားအကျိုးစီးပွား တိုးတက်ရေးကို အခြေခံလျက် နိုင်ငံတော်နှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူတို့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် သင့်လျော်သော နည်းလမ်းများ ရရှိစေရန် အချက်ရှစ်ချက်ကို လေ့လာ စိစစ်ပြီး သုံးသပ်ချက်၊ အကြံပြုချက်များနှင့်အတူ အစီရင်ခံ တင်ပြရမည်ဖြစ်တယ်”လို့ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင်ရဲ့ တာဝန်တွေက ဆိုပါတယ်။
ကော်မရှင်အနေနဲ့ အဓိက လုပ်ဆောင်ရမယ့်အချက်တွေက ‘(က) စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ ပြည်တွင်းဥပဒေများနှင့် ဆောင်ရွက်သင့်သည့် နည်းပညာများကို အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ မရှိ၊ (ခ) စီမံကိန်းများ ကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ် အပါအဝင် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုများ၊ (ဂ) စီမံကိန်းများကြောင့် ဧရာဝတီမြစ်၏ ရေသယံဇာတများ ပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေ၊ (ဃ) စီမံကိန်းများကို ဆောင်ရွက်ခြင်းကြောင့် ဧရာဝတီမြစ်ညာပိုင်း (UP Stream)၊ မြစ်ဆုံ၊ မြစ်အောက်ပိုင်း( Down Stream) ၊ မြစ်ကြောင်းတစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသအထိ ဖြစ်ပေါ်လာမည့် အကျိုးဆက်များနှင့် မြစ်ကြောင်းစီးဆင်းမှုကို ထိခိုက်နိုင်မှု အခြေအနေ၊ (င) မြန်မာနိုင်ငံ၏ အသက်သွေးကြောတစ်ခုဖြစ်သည့် ဧရာဝတီမြစ် ရေရှည်တည်တံ့နိုင်မှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေ၊ (စ) စီမံကိန်းများကို ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းနိုင်မှု အခြေအနေနှင့် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေ၊ (ဆ) စီမံကိန်းများ ဆက်လက်ဆောင်ရွက်ရန် သင့် မသင့်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေနဲ့ (ဇ) စီမံကိန်းဆိုင်ရာ စာချုပ်များအပေါ် လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူတို့အကြား နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရေး ညှိနှိုင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများဆိုပြီး တာဝန်ရှစ်ရပ် ပေးအပ်ခဲ့ပါတယ်။
ကော်မရှင်ဟာ တာဝန်ရှစ်ရပ်ကို စိစစ်အပြီးမှာ သုံးသပ်ချက်တွေ အကြံပြုချက်တွေနဲ့ သုံးလအတွင်း ပထမအစီရင်ခံစာ တင်ပြရမှာဖြစ်ပါတယ်။
ဒီလို တင်ပြရာမှာ ထူးခြားချက်အနေနဲ့ “ကော်မရှင်ဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပြည်သူလူထု၏ အကျိုးစီးပွား တိုးတက်ရေးတို့ အပေါ်အခြေခံပြီး အကြံပြုချက်တွေ သုံးသပ်ချက်တွေနဲ့အတူ အစီရင်ခံ တင်ပြရမှာဖြစ်ပါတယ်။ ဒီလိုတင်ပြရာမှာ ဒေသခံပြည်သူတွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ဧရာဝတီမြစ်အပေါ် ရင်မှာခံစား အလေးထားသည့် ခံစားချက်များ အပါအဝင် သဘောထားအမြင်များကို ထည့်သွင်းစဉ်းစားရမည်’ ဆိုတဲ့ အချက်ဟာ ထူးခြားချက်ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြစ်ဆုံစီမံကိန်း စတင်တာကို ပြည်သူတွေ သိခွင့်ရ ပြောခွင့်ရချိန်ကစပြီး စီမံကိန်းကို မြန်မာပြည်သူလူထုက လုံးဝလက်မခံနိုင်ကြောင်း ပြောထားတာကြောင့်ပါ။ ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပညာရှင်တွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းတွေ အားလုံးကလည်း မြစ်ဆုံစီမံကိန်းကို မလုပ်သင့်ပါဘူးလို့ ပြောထားတဲ့ အတွက်ပါ။
ကော်မရှင်အနေနဲ့ ကော်မရှင်ဖွဲ့စည်းတဲ့ အမိန့်ကြော်ငြာစာက နံပါတ် ၃ အချက်ဖြစ်တဲ့ “ဒေသခံပြည်သူတွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ဧရာဝတီမြစ်အပေါ် ရင်မှာခံစား အလေးထားသည့် ခံစားချက်များ အပါအဝင် သဘောထား အမြင်များကို ထည့်သွင်းစဉ်းစားရမည်” ဆိုတဲ့ အချက်ကို အဓိက ဦးတည်ပြီး လေ့လာစိစစ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဒီလို စိစစ်နိုင်ပြီဆိုတာနဲ့ မြစ်ဆုံစီမံကိန်းကို လုံးဝလက်မခံနိုင်ဘူးလို့ တစ်ခဲနက်ကြွေးကြော်ထားတဲ့ ပြည်သူ့အသံကို ရလာမှာဖြစ်သလို အတိအကျ မစိစစ်လို့ နိုင်ငံတကာမှာလည်း မြစ်ဆုံစီမံကိန်းလို စီမံကိန်းအကြီးကြီးတွေ လုပ်နေတာမို့ စနစ်တကျ စာချုပ်ပြင်ဆင်ချုပ်ဆိုပြီး ဆက်လက် လုပ်ဆောင်သင့်ပါတယ်လို့များ အဖြေထွက်လာခဲ့ရင် ပဋိပက္ခတွေ ဖြစ်လာစေနိုင်ပါတယ်။
ဒီလိုအလားတူဖြစ်ရပ်ဟာ မြန်မာနိုင်ငံမှာ ပထမအကြိမ်ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကြောင့် တိုင်းပြည်က ဝင်ငွေပိုရလာပေမယ့် ဒေသခံတွေကတော့ ဆိုးရွားတဲ့ ထိခိုက်မှုတွေ ကြုံနေရပြီး လက်ရှိအချိန်အထိ မြန်မာဝမ်ပေါင်ကုမ္ပဏီနဲ့ ဒေသခံတွေအကြားမှာ ပဋိပက္ခတွေ ဖြစ်နေဆဲပါ။ ဒါ့အပြင် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေကိုလည်း လိုက်နာလုပ်ဆောင်မှု အားနည်းနေပြီး ကြပ်မတ်နိုင်သူလည်း နည်းပါးနေတဲ့ အခြေအနေပါ။ တောင်တရုတ်ပင်လယ် အရေးအခင်းမှာဆိုရင်လည်း နိုင်ငံတကာခုံရုံးရဲ့ ဆုံးဖြတ်ချက်တောင် မလိုက်နာတဲ့ အနေအထားဖြစ်ခဲ့တာမို့ မြစ်ဆုံစီမံကိန်း ပြန်စဖို့သာ ကော်မရှင်က အကြံပြုခဲ့ရင် တိုင်းပြည်အတွက် နစ်နာမှုကြီးမားမှာ ဖြစ်ပါတယ်။
“ ပြည်ထောင်စုသမ္မတနိုင်ငံထဲမှာ ရှိနေတဲ့ သဘာဝအတိုင်း လွတ်လပ်စွာစီးဆင်းနေတဲ့ မြစ်တွေ ချောင်းတွေသည် တစ်နေရာရာက အတားအဆီးလုပ်လိုက်ရင်၊ ပိတ်လိုက်ရင်၊ တားလိုက်ရင်၊ ဆို့လိုက်ရင် အနည်းနဲ့အများ၊ အနှေးနဲ့အမြန် မြစ်ဝှမ်းဒေသကြီးမှာ အဆင်မပြေမှုတွေ ဒုက္ခတွေကြုံစမြဲပဲ။ အဲဒါကြောင့် မြန်မာနိုင်ငံရဲ့ မြစ်တွေဟာ အသက်သွေးကြောပဲလို့ တင်စားပြီး ပြောလေ့ရှိတယ်။ အဲဒီအသက်သွေးကြောတွေကို ဖြစ်နိုင်ရင် လွတ်လပ်စွာ စီးဆင်းစေတာ အကောင်းဆုံးပဲ” လို့ မြစ်ဆုံ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Myanmar Environmental Instituteက နာယကတစ်ဦးဖြစ်တဲ့ ဘူမိရုပ်သွင်ပညာရှင် ဦးမောင်မောင်အေးက ပညာရှင်တစ်ဦးအမြင်ကို ပြောပါတယ်။
■ တရုတ်နိုင်ငံအတွက် အချိန်အခါ
တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြားက ချစ်ကြည်ရေး ဆက်ဆံမှုဟာ (၆၆) နှစ်ပြည့်ခဲ့ပါပြီ။
ရှည်ကြာတဲ့ ဆက်ဆံရေးတစ်ခုမှာ မြန်မာနိုင်ငံသားတွေ ပြန်ရလိုက်တာက မြန်မာ့သယံဇာတတွေ အားလုံးကို တရုတ်နိုင်ငံက အမြတ်ထုတ်သွားလို့ အခွံချည်းကျန်တဲ့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံက ရရှိသွားတာကတော့ မြန်မာ့ကျေးဇူးရှင် နိုင်ငံအဖြစ်နဲ့ သယံဇာတတွေကို ရရှိခဲ့တာပါ။ ဒါ့အတွက် ပေးဆပ်လိုက်ရတာကတော့ တရုတ်နိုင်ငံနဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အားလုံးကို မြန်မာနိုင်ငံသားတွေက ရွံမုန်းလာခဲ့မှုပါ။
မြန်မာလူမျိုးတွေက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် တရုတ်နိုင်ငံကို ပိုမို အမြင်မကြည်လာတာ ဖြစ်တဲ့အပြင် တရုတ်နိုင်ငံရဲ့ မြန်မာ့စစ်ရေးနဲ့ နယ်စပ်ပြဿနာတွေမှာ ပါဝင်လာမှု၊ မြန်မာနိုင်ငံအတွင်းကို လာဘ်ပေးလာဘ်ယူမှုပြုပြီး နိုင်ငံသားကတ်တွေနဲ့ မြန်မာနိုင်ငံသားအဖြစ် နေထိုင်မှု၊ မြန်မာအမျိုးသမီးငယ်တွေကို တရုတ်မယားအဖြစ် ဝယ်ယူမှု၊ လုပ်ငန်းခွင်တွေမှာ လူမှုရေးအရ အမြတ်ထုတ်မှုနဲ့ ခွဲခြားဆက်ဆံခံရမှု၊ တရုတ်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတိုင်းဟာ ဒေသခံပြည်သူတွေအတွက် ထောင်ဒဏ်နဲ့ ပိုင်ဆိုင်တဲ့လယ်မြေ စွန့်လွှတ်လိုက်ရပြီး ဘဝပျက်သွားမှုတွေကပဲ မုန်းတီးမှုတွေ ပိုမိုဖြစ်ပေါ်လာစေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
တရုတ်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကို လေ့လာကြည့်မယ်ဆိုရင် စစ်အာဏာရှင်စနစ်အတွင်း ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်အထိ အမေရိကန်ဒေါ်လာ တစ်ဘီလျံလောက်ပဲ ရင်းနှီးမြှုပ်နှံခဲ့တာတွေ့ရမှာဖြစ်ပြီး စစ်အာဏာရှင်စနစ် ကြီးစိုးနေတဲ့အချိန် ကြောက်စိတ်မပြယ်သေးတဲ့ ၂၀၁၀-၂၀၁၁၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်တွေမှာ ၁၂ ဒသမ ၅ ဘီလျံဖိုးလောက်အထိ မြှုပ်နှံခဲ့တာတွေ့ရမှာဖြစ်သလို စစ်အာဏာရှင ်အဆွယ်အပွားတွေရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလျံကျော်ဖိုး မြှုပ်နှံခဲ့တာကို တွေ့ရမှာဖြစ်ပြီး စုစုပေါင်း မြှုပ်နှံမှုဟာ ၁၈ ဘီလျံကျော် ရှိလာပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံမှုတိုင်းဟာ တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ဖြစ်မနေတာကို မြန်မာနိုင်ငံ တစ်ဝန်းမှာရှိနေတဲ့ တရုတ်ကုမ္ပဏီတွေ အခြေစိုက်ရာတိုင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေက သက်သေခံနေပါတယ်။
တရုတ်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ ဆက်ပြီးနေရာရဖို့ဆိုရင် ပထမဦးဆုံး လုပ်ရမှာက သူတို့ကို မြန်မာနိုင်ငံသားတွေ လက်ခံဖို့ဆိုတာ ငြင်းစရာ ရှိမယ်မထင်ပါဘူး။
မြေသိမ်းမှုတွေအတွက် မြန်မာ့တည်ဆဲ ဥပဒေအစား ကာလပေါက်ဈေးနဲ့ ဆုံးဖြတ်ပေးရပါမယ်။ အာဏာရှိသူတွေနဲ့ ပေါင်းစားမဲ့အစား ပြဿနာတိုင်း တာဝန်ယူပေးရပါမယ်။ မြန်မာအမျိုးသမီးတွေကို လိင်ကိစ္စ အတွက် ဝယ်ယူတာ ရပ်ရမှာ ဖြစ်သလို မြန်မာ့ပို့ကုန်တွေကို တရုတ်ဘက်မှာ ဖမ်းနေတာ ရပ်ပေးရမှာပါ။
အရေးအကြီးဆုံးအချက်ကတော့ တစ် ခုပဲ ရှိပါတယ်။ မြေမရှိရင် ဘာမှလုပ်မစားတတ်တော့တဲ့ မြန်မာနိုင်ငံသားတွေဆီက မြေသိမ်းမယ်ဆိုရင် သတ်မှတ်လျော်ကြေးအပြင် မြေပါ ပြန်ပေးနိုင်ဖို့ လုပ်သင့်ပါတယ်။ မြေသိမ်းပြီး မြေပြန်ပေးဖို့ဆိုတာ တကယ်တမ်းတော့ ခဲယဉ်းတဲ့ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ တကယ်လုပ်စားမရတဲ့ မြေကိုပဲ လာဘ်ပေးပြီး ပြန်ပေးနေရင်တော့ ပြဿနာပါ။ တကယ်ဆိုရင် မြန်မာနိုင်ငံတိုးတက်ဖို့ စီမံကိန်းတွေ အများအပြား လိုအပ်နေပါတယ်။ ဒီလို လိုအပ်မှုတွေကို တရားမျှတစွာ လုပ်မပေးမှုဟာ တရုတ်ကုမ္ပဏီတွေအပေါ် မှာပဲရှိပြီး တရုတ်ကုမ္ပဏီတွေဟာ မြန်မာပြည်သူတွေ အမြင်ကြည်ဖို့ နှစ်ပေါင်းများစွာ အချိန်ပြန်ယူရပါမယ်။
ဒီလို အခြေအနေတွေနဲ့ တစ်ပြိုင်နက်တည်းမှာဘဲ မြန်မာနိုင်ငံသားအားလုံးက လက်မခံတဲ့ မြစ်ဆုံစီမံကိန်းကို တရုတ်နိုင်ငံက လျော်ကြေးမယူဘဲ အပြီးသတ် ရပ်ဆိုင်းလိုက်တာဟာ တရုတ်နိုင်ငံကို မုန်းတီးစိတ် ဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံသားတွေနဲ့ တစ်သားတည်းရှိတယ်ဆိုတဲ့ စိတ်ခံစားမှု ဖြစ်လာစေမှာ ဖြစ်သလို မုန်းတီးမှုတွေ လျော့ပါးသွားစေမယ့် အခြေအနေကောင်းတစ်ရပ် ဖြစ်နေပါတယ်။
ဒီလို အခြေအနေကောင်းတစ်ရပ်ကို တရုတ်နိုင်ငံအနေနဲ့ လက်လွတ်မခံသင့်ပါဘူး။
“တရုတ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေ၊ Performance တွေ၊ Approch တွေ ကြည့်ရှုလေ့လာသင့်တယ်လို့ ထင်တယ်။ နံပါတ်တစ် ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရတော့ ပထမဆုံးလာပြီး Congratulation လုပ်တာ တရုတ်ပဲ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း တရုတ်ကပဲ Congratulation လာလုပ်ထားတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီဟာ လူထုထောက်ခံမှု တစ်ခဲနက်ရထားတယ်ဆိုတာ သူတို့သိနေတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း အနိုင်ထပ်ရမယ်ဆိုတာ သူတို့သိနေတယ်။ စီမံကိန်းရပ်လိုက်လို့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားသွားမယ် မထင်ဘူး။ ဒီစီမံကိန်းရပ်လိုက်တာက တရုတ်အတွက် ရေရှည်အကျိုးစီးပွား ပိုကောင်းလာမယ်။ တစ်ဦးနဲ့တစ်ဦး ထိလို့ရတဲ့ အခြေအနေမှ မဟုတ်တာ။ ပြည်သူလူထုက လက်မှမခံတာ။ ဒီစီမံကိန်းကြီးကို အားလုံးက အပြီးသတ်စေချင်နေတာ”လို့ NLD ပါတီရဲ့ စီးပွားရေး မူဝါဒရေးဆွဲရာမှာ ပါဝင်ခဲ့တဲ့ စီးပွားရေး ပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။
■ လူထုက ကန့်ကွက်လာမှု
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးအတွက် နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်း ၆၂ ဖွဲ့ ပူးပေါင်း လက်မှတ်ရေးထိုးကာ တရုတ်နိုင်ငံ သမ္မတရှီကျင်ပင်းဆီ အိတ်ဖွင့်ပေးစာကို သြဂုတ် ၁၈ ရက်မှာ ပေးပို့ခဲ့ပါတယ်။
ဒီအိတ်ဖွင့်ပေးစာကို ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဆီ သြဂုတ် ၁၈ ရက် နံနက်ပိုင်းက နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က သွားရောက်ပေးပို့ခဲ့တာဖြစ်ပြီး သံရုံးဘက်က လက်ခံခဲ့ပါတယ်။
အိတ်ဖွင့်ပေးစာမှာ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံဖြစ်တာနဲ့ အညီ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို သမိုင်းစဉ်ဆက် လက်တွဲကျင့်သုံး အကောင်အထည်ဖော်ခဲ့တဲ့ နိုင်ငံတွေဖြစ်ကြောင်း၊ အနာဂတ်မှာလည်း နှစ်နိုင်ငံစလုံးက ဒီ အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်း သွားဖို့လည်း ကျွနု်ပ်တို့မှ လိုလိုလားလား ထက်ထက်သန်သန် အားပေး ထောက်ခံသွားမည်ဖြစ်ကြောင်း၊ သို့ပေမဲ့ ဒီအစဉ်အလာကောင်းကို အနာဂတ်မှာ လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်ရေး ဆောင်ရွက်ရာမှာ ဧရာဝတီမြစ်ဆုံဆည်ကိစ္စဟာ မလိုလားအပ်တဲ့ အဟန့်အတားတစ်ရပ် ဖြစ်လာနိုင်တာကို ကျွနု်ပ်တို့မှ လေးလေးနက်နက် စိုးရိမ်ပူပန်လျက်ရှိကြောင်း၊ ဧရာဝတီမြစ်ကြီးဟာ ပြည်ထောင်စုသားအားလုံးတို့ရဲ့ နှလုံးသားမှာ မိခင်ဧရာဝတီဟု တင်စားရလောက်အောင် တန်ဖိုးမဖြတ်နိုင်တဲ့ မဟာမြစ်ကြီးဖြစ်လို့ မိခင်ကြီးဧရာဝတီအပေါ် တစ်စုံတစ်ရာ ထိခိုက်နိုင်ခြေကိုတောင် ကျွနု်ပ်တို့သည် နိုင်ငံသူ နိုင်ငံသား အားလုံးနဲ့ ထပ်တူထပ်မျှ လက်မခံနိုင်သည်ကို လေးစားစွာ အသိပေးအပ်ကြောင်း အိတ်ဖွင့်ပေးစာကနေ တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းဆီ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကြီး စတင်ပြင်ဆင်ချိန်ကနေ ယနေ့လက်ရှိအချိန်ထိ ပြည်ထောင်စု တိုင်းရင်းသားအားလုံးရဲ့ ဆန္ဒသဘောထားကို ကျယ်ကျယ်ပြန့်ပြန့် ရယူခဲ့ခြင်း မရှိခဲ့တာကို အလေးအနက်ထား သုံးသပ်မယ်လို့ ယုံကြည်ကြောင်း၊ ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်းကြီး ဆက်လုပ်ရေးမလုပ်ရေးရဲ့ အဖြေဟာ ပြည်ထောင်စုသား တိုင်းရင်းသားအားလုံး လက်ခံနိုင်သောအဖြေ ဖြစ်ရမည်ဟူသော အခြေခံမူကိုကိုင်စွဲ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဖြေရှင်း ဆောင်ရွက်သွားလိမ့်မည်ဟု ကျွနု်ပ်တို့က ယုံကြည်မျှော်လင့်နေကြောင်းနဲ့ ဒီလိုလုပ်မှသာ နှစ်နိုင်ငံကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးဟာ အနာဂတ်ကာလမှာလည်း ပိုမိုပြီးခိုင်မာသည်ထက် ခိုင်မာလာမည်လို့ ကျွနု်ပ်တို့က ယုံကြည်ကြောင်း ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်း ပြုလုပ်ဆဲ၊ ပြုလုပ်မည့် စီမံကိန်းကြီးများမှာလည်း ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို ထည့်သွင်း စဉ်းစား ပေးရန်ဖို့နဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ တရုတ်စီးပွားရေး လုပ်ငန်းတွေကိုလည်း ကျင့်ဝတ်နဲ့ညီတဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်အောင် ကြပ်မတ်ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ တိုက်တွန်းကြောင်း အိတ်ဖွင့်ပေးစာမှာ ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။
“တို့ပြည်သူတွေရဲ့ဆန္ဒ အထူးသဖြင့် ကချင်ပြည်နယ်ပေါ့။ ကချင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုဆိုလည်း မမှားဘူး။ တို့တိုင်းပြည်ရဲ့သဘာဝပတ်ဝန်းကျင်၊ တို့တိုင်းပြည်ရဲ့ စီးပွားရေး၊ တို့တိုင်းပြည်ရဲ့ ပြည်သူလူထုဘ၀ လုံခြုံရေးအထိကို တို့က စဉ်းစားထားတယ်။ သဘာဝပတ်ဝန်းကျင်တစ်ခုတည်းကို ရည်ရွယ်ပြီး လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်ကြောင့်မို့လို့ တို့ပြည်သူလူထုရဲ့ဆန္ဒ သဘောထားတွေကို ပီပီပြင်ပြင် လေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့် သတိမူသင့်တယ်။ မျက်နှာမူသင့်တယ်။ လေ့လာသင့်တယ်။ အဲဒီ သဘောထားတွေပေါ်မူတည်ပြီး အတိတ်မှာရှိခဲ့တဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို အဟန့်အတား မဖြစ်စေဘဲ ဆက်လက်ပြီး နှစ်နိုင်ငံ ဗျူဟာမြောက ်ဆက်ဆံရေးတစ်ခုကို တိုးတက်စေချင်တယ်။ ခိုင်မာစေချင်လို့ ဒီအစီအစဉ်ကို လုပ်ရခြင်း ဖြစ်ပါတယ်”လို့ ဦးထွန်းကြည်က ဆိုပါတယ်။
ဒီလို အိတ်ဖွင့်ပေးစာအပြင် ဧရာဝတီ မြစ်ဆုံ ရေကာတာစီမံကိန်း စုံစမ်းရေး ကော်မတီအနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒအမှန်ဖော်ထုတ်ဖို့ ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC)က တိုက်တွန်းတဲ့ ထုတ်ပြန်ချက် တစ်စောင်ကို သြဂုတ် ၁၉ ရက်က ထုတ်ပြန်ခဲ့ သြဂုတ် ၂၀ ရက်မှာ ဖြန့်ဝေခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာ ဧရာဝတီ - မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းများ လေ့လာ စိစစ် သုံးသပ်ရေးကော်မရှင်ဟာ ပြည်သူတို့ရဲ့ဆန္ဒအမှန်ကို မှန်ကန်စွာ ဖော်ထုတ်နိုင်ဖို့ ပါတီက တောင်းဆိုကြောင်း၊ ဧရာဝတီဟာ ရေချိုမြစ်ကြီးဖြစ်ပြီး ကချင်တိုင်းရင်းသားတို့ရဲ့ အမွေအနှစ်ဖြစ်ကာ ဧရာဝတီမှာ ပြည်ထောင်စုကြီးရဲ့ အရေးကြီးတဲ့ ပထဝီကျောရိုး၊ နိုင်ငံရေးသမိုင်းလည်းဖြစ်ကြောင်း၊ မြစ်ဆုံဆည်စီမံကိန်းရဲ့ အမြင့်၊ ထုထည်၊ စစ်ကိုင်း ငလျင်ကြော၊ ဆုံးရှုံးသွားမယ့် သဘာဝတောတောင်တွေကြောင့် အကျိုးအမြတ်ထက် ဘေးအန္တရာယ်က ပိုမိုများပြားတယ်လို့ EIA၊ SIA ရလဒ်တွေ ထွက်ရှိထားကြောင်း၊ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရာမှာ ဘေးထွက်ဆိုးကျိုးမများတဲ့ အခြား လျှပ်စစ်ထုတ်လုပ်မှုကို အသုံးပြုသင့်ကြောင်း၊ မိမိပါတီက မြစ်ဆုံစီမံကိန်းကို အပြင်းအထန် ကန့်ကွက်ကြောင်း၊ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက ပိုမိုသင့်လျော်တဲ့ အခြားနည်းလမ်းတွေနဲ့ ဆောင်ရွက်ဖို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CPI ကုမ္ပဏီနဲ့ ဆွေးနွေးဖို့တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နှစ်နိုင်ငံချုပ်ဆိုတဲ့ စာချုပ်စာတမ်းတွေ ဆွေးနွေးကြရာမှာ ပြည်သူ့ဆန္ဒကို မပစ်ပယ်ဘဲ အကောင်းဆုံးဆွေးနွေးနိုင်ဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။
ကချင်အမျိုးသား ကွန်ဂရက်ပါတီအနေနဲ့ ဒီလိုသဘောထား ထုတ်ပြန်ရခြင်းဟာ စုံစမ်းစစ်ဆေးရေး ကော်မတီအနေနဲ့ ပြည်သူတွေရဲ့ သဘောထားဆန္ဒကိုသာ အမှန်တကယ် ကောက်ခံခဲ့မယ်ဆိုရင် နိုင်ငံတော်သမ္မတကြီးထံ တင်ပြရာမှာ ပြည်သူတွေရဲ့ဆန္ဒအမှန်ကို သိခြင်းအားဖြင့် မည်သည့်နည်းနှင့်မှ မြစ်ဆုံဆည်စီမံကိန်း ဆက်လုပ်စရာ မရှိသောကြောင့်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူတွေက ဆိုပါတယ်။
“ထုတ်ပြန်ချက် ထုတ်ရတဲ့အကြောင်းရင်းက စုံစမ်းစစ်ဆေးရေး ကော်မတီကို တိုက်တွန်းချင်လို့ပါ။ ကချင်လူထုနဲ့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက လူထုကြီးကပါ မြစ်ဆုံစီမံကိန်းကို လုံးဝမလုပ်စေချင်ကြတာ များပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေအနေနဲ့လည်း ပတ်ဝန်းကျင်၊ ဒေသအခြေအနေ၊ နောက်ခံသမိုင်းကြောင်း၊ အနာဂတ်အလားအလာတွေကို လေ့လာနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။ ဧရာဝတီမြစ်ဆုံ ရေကာတာ စုံစမ်းစစ်ဆေးရေး ကော်မတီမှာ ပညာရှင်တွေ၊ အတတ်ပညာရှင်တွေ ပါဝင်လို့ ယုံကြည်မှုလည်း ရှိပါတယ်။စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ဥက္ကဋ္ဌက ကချင်တိုင်းရင်းသား ဦးတီခွန်မြတ်ဖြစ်နေတော့ ကချင်တိုင်းရင်းသားတွေရဲ့ဆန္ဒအမှန်တွေကိုလည်း မျက်ကွယ်မပြုဘူးလို့ ယူဆပါတယ်။ အားလုံးရဲ့ဆန္ဒအမှန်တွေသာ ပေါ်ထွက်နိုင်ရင် မြစ်ဆုံဆည်စီမံကိန်းက ဆက်လုပ်စရာ အကြောင်းမရှိပါဘူး”လို့ ကချင်အမျိုးသားကွန်ဂရက်ပါတီ အတွင်းရေးမှူး ဦးစီစီနော်ဂျာက ဆိုပါတယ်။
ဒါ့အပြင် မြစ်ဆုံစီမံကိန်းကို ပြည်သူလူထု လက်မခံဘဲ ဆောင်ရွက်မယ်ဆို ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တယ်လို့ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA က ဗိုလ်ချုပ်ဂွမ်မော်က သြဂုတ် ၂၀ ရက်မှာ ရန်ကုန်မြို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ ပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေး ကော်မတီနဲ့ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ဆွေးနွေးပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
“ပြည်သူလူထုက အားလုံးလက်ခံပြီး လုပ်ရင်တော့ ထိခိုက်စရာ အကြောင်းမရှိပါ
ဘူး။ ပြည်သူလူထုက လက်မခံရင်တော့ ထိခိုက်မှာပါ။ ကျွန်တော်တို့ကတော့ လူထုသဘောထားပဲ အဓိကသွားမှာပါ။ အရင်နိုင်ငံတော် အစိုးရကိုလည်း ကျွန်တော်တို့က စာတွေနဲ့ တင်ထားတာရှိတယ်။ တရုတ်နိုင်ငံ အစိုးရကိုလည်း စာနဲ့တင်ထားတယ်။ အဓိ က,က တော့ လူထုရဲ့ သဘောထားစစ်တမ်း ကောက်ပါလို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်”လို့ ဗိုလ်ချုပ်ဂွမ်မော်က ဆိုပါတယ်။
ဒါ့အပြင် မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေးအတွက် မိုင်ပေါင်းတစ်ထောင်ကျော် လမ်းလျှောက် ဆန္ဒပြခဲ့တဲ့ အဖွဲ့ကလည်း သမ္မတဦးထင်ကျော်ထံ ပန်ကြားလွှာ ပေးပို့သွားမှာဖြစ်တယ်လို့ မိုင်တစ်ထောင်ကျော် လမ်းလျှောက်သူများ အဖွဲ့မှာပါဝင် တဲ့ ဦးသန်းဝင်းအောင်က သြဂုတ် ၂၁ ရက်မှာ ပြောပါတယ်။
သမ္မတဦးထင်ကျော်ထံ ပေးပို့မယ့် ပန်ကြားလွှာမှာဆိုရင် မြစ်ဆုံစီမံကိန်းကို ပြည်သူလူထုက လုံးဝ(လုံးဝ) လက်မခံကြောင်းနဲ့ မြစ်ဆုံကော်မရှင်ဟာ မြစ်ဆုံဆည်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင် လေ့လာစိစစ် သုံးသပ်နိုင်ပေမယ့် အပြီးသတ် အဖြေရလဒ်က အပြီးတိုင် ရပ်ဆိုင်းရေးဖြစ်မှ ပြည်သူတစ်ရပ်လုံး ကိုယ်စိတ်နှစ်ပါးချမ်းသာမှာဖြစ်ပြီး တရုတ်အစိုးရအာဘော် ဂလိုဘယ်လ်တိုင်းမ်က ရေးသားမှုကြောင့် မြန်မာနိုင်ငံသားအားလုံး စိတ်ကသိကအောက်ဖြစ်နေပြီး စီမံကိန်းသာ ဆက်လုပ်ခွင့်ပြုလိုက်မယ်ဆို မြစ်ဆုံစီမံကိန်း အပြီးသတ် ဖျက်သိမ်းရေးအတွက် နောက်ထပ် မိုင် တစ်ထောင်ကျော် ဆန္ဒထုတ်ဖော်မှု အကြိမ်များစွာ ဆက်လက်လုပ်ဆောင်မယ်လို့ ရေးသားပေးပို့ချက်မှာ ပါဝင်ပါတယ်။
“အရင်အစိုးရလက်ထက်မှာ မကွေးတိုင်းဒေသကြီးက ဦးဘုန်းမော်ရွှေက တော်တော်တင်းကျပ်သူပါ။ ဒါပေမဲ့ ကျွန်တော်တို့ မြစ်ဆုံဖျက်သိမ်းရေး ဆန္ဒပြအဖွဲ့ကို Welcome ပဲ။ အထက်ပိုင်းက ပုဂ္ဂိုလ်တွေကလည်း မြစ်ဆုံဆည်ကို မဖြစ်လို့သာ ကြည့်နေရတယ်။ ဘယ်သူမှတော့ ဆက်မလုပ်စေချင်ဘူးပေါ့။ ကော်မရှင်က ပြည်သူ့အသံ နားထောင်မယ်ဆိုတာ ကျွန်တော်တို့ မကြားမိဘူးပေါ။ သို့သော် ကော်မရှင်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကတော့ ပြည်သူတွေ ဘာမှစိတ်မပူနဲ့လို့ ပြောတာလောက်တော့ ကြားရတာပေါ့။ ကျွန်တော်တို့ ဒီလောက်နဲ့တော့ အားမရနိုင်သေးဘူး။ ကျွန်တော်တို့က လူခြောက်သန်းလောက်ကို ထိတွေ့ပြီး ဆန္ဒဖော်ထုတ်ခဲ့တာ။ ဖြတ်သန်းခဲ့ရာမှာ ထိတွေ့ခဲ့တဲ့ လူ ခြောက်သန်းလောက်က မြစ်ဆုံစီမံကိန်းကို လုံးဝလက်မခံနိုင်ကြောင်း ဆန္ဒထုတ်ဖော်ပြီး ကျွန်တော်တို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့တာလေ။ အဲဒီတော့ လူထုဆန္ဒအစစ်အမှန်ကို ကျွန်တော်တို့ထက် သိနိုင်တဲ့သူ ဘယ်သူများ ရှိနိုင်ပါတော့မလဲ” ဟု ဦးသန်းဝင်းအောင်က ပြောကြားပါတယ်။










