လူကို ပျိုးထောင်

လူကို ပျိုးထောင်
မကွေးတိုင်းဒေသကြီးအတွင်းရေကြီးရေလျှံမှု ဖြစ်ပွားခဲ့စဉ်က ကျေးရွာများတွင် ကျောင်းသား ကျောင်းသူများ ကျောင်းတက်ရန် လှေများဖြင့် သွားရောက်စဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)
မကွေးတိုင်းဒေသကြီးအတွင်းရေကြီးရေလျှံမှု ဖြစ်ပွားခဲ့စဉ်က ကျေးရွာများတွင် ကျောင်းသား ကျောင်းသူများ ကျောင်းတက်ရန် လှေများဖြင့် သွားရောက်စဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)
Published 21 August 2016
စိုးခိုင်ညိန်း

ဘုရားကို မိမိ လမ်းလျှောက်သွားတဲ့ အခါတိုင်း နာဂလိုဏ်ဂူ ကလေးဝတောရဘုန်းကြီး ကျောင်းဝင်းထဲကနေ ဖြတ်ဖြတ်သွားရသည်။ ဖြတ်သွားတဲ့အခါတိုင်း ဗီနိုင်းခပ်ကြီးကြီးဖြင့် ရေးထားသော ဆရာတော်၏ သြဝါဒစကားကို ဖတ်ရသည်။ ဆရာတော်က လူကိုပျိုးထောင်ဆိုတဲ့ ခေါင်းစဉ်တင်ပြီး ‘တစ်နှစ်အတွက် ရည်ရွယ်လျှင် သီးနံှကို စိုက်ပျိုးရမည်။ ဆယ်နှစ်ဆယ်မိုးရွယ်ကိုးလျှင် သီးပင်ကို စိုက်ပျိုးရမည်။ နှစ်တစ်ရာ တစ်ထောင်အတွက် ရွယ်ကိုးလျှင် လူကိုပျိုးထောင်ရမည်’။ ဟူ၍ ရေးထားသော သြဝါဒစကား ဖြစ်သည်။
ဆရာတော်က သူ၏သြဝါဒထဲကအတိုင်း သူ၏ကျောင်းမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖွင့်လှစ်ထားပြီး လူကို ပျိုးထောင်ထားတာ ဖြစ်သည်။ မူလတန်းမှ အထက်တန်း ဆယ်တန်းအထိ သင်ကြားပေး သည်။ ကျောင်းသားကျောင်းသူ၊ ကိုရင်နှင့် သီလရှင်ဆရာလေး စုစုပေါင်းတစ်ထောင် လောက်ရှိသည်။ ကိုရင်ကလေးတွေက အ ရွယ်စုံ။ အများစုက ဆယ်နှစ်ဝန်းကျင် ကလေး တွေဖြစ်သည်။ သူတို့ရဲ့ဇာတိက အနယ်နယ် အရပ်ရပ်က။ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် စသည့် လူမျိုး ကလည်း ပအိုး၊ ပလောင် စသည်အမျိုးမျိုးပဲ ဖြစ်သည်။ အားလုံးက ဆင်းရဲသော အသိုက် အဝန်းမှ မွေးဖွားလာသော ကလေးတွေ၊ သူ တို့အားလုံးကို ကျောင်းအိပ် ကျောင်းစား အခမဲ့ ပညာသင်ကြားပေးနေတာ ဖြစ်သည်။ ဒါကိုပင် ဆရာတော်က လူကိုပျိုးထောင်ဟုဆိုခြင်း ဖြစ်ပေသည်။
ငယ်တဲ့သူတိုင်း မကြီးဖူးပေမယ့် ကြီးတဲ့ သူတိုင်းကတော့ ငယ်ခဲ့ကြဖူးသည်ပဲ ဖြစ် သည်။  ကြီးတဲ့သူတိုင်း တစ်ယောက်နှင့် တစ် ယောက် ရှင်သန်ပုံချင်းမတူ၊ အချို့က အောင်မြင်ကြီးပွားသွား၍ အချို့က သာမန်၊ အချို့က ခေါင်းဆောင် စသည်ပုံစံ အမျိုးမျိုးဖြင့် ရှင်သန်ကြသည်။ မိမိငယ်စဉ်က ပတ်ဝန်းကျင် အသိုင်းအဝိုင်း မိဘဆရာသမား စသည်တို့ က ကိုယ့်ကိုဘယ်လိုပြုစုပျိုးထောင်ပေးခဲ့သ လဲအပေါ်မူတည်ပြီး ရှင်သန်ကြီးပြင်ရာမှာ ကွာဟသွားနိုင်ပေသည်။  အနာဂတ်မှာ နိုင်ငံ့ခေါင်းဆောင်တွေ ဖြစ်လာဖို့၊ တိုးတက်ဖွံ့ဖြိုး တဲ့ နိုင်ငံတော်သစ်တစ်ခု တည်ဆောက်ဖို့ ရောက်လာမည့် အနှစ်တစ်ရာ၊ တစ်ထောင်ကို ရွယ်ကိုး၍ ကလေးများကို ပြုစုပျိုးထောင်ရပေမည်ဟု ဆရာတော်က ဆိုလိုခြင်းဖြစ်သည်။ လူကြီးများသည် နောင်တစ်ချိန်ချိန်မှာ မိမိတို့၏ တာဝန်ဝတ္တရားတွေအားလုံး ထိုလူငယ်တို့ထံ လက်ဆင့်ကမ်း မဖြစ်မနေ လွှဲပြောင်းပေးရမည်။ ဒါကြောင့် ထိုလူငယ်လေးများကို အသိဉာဏ်ပညာတို့ဖြင့် ပြည့်စုံပြီး လူတော် လူကောင်းလေးများ ဖြစ်အောင် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်သည်။ မိမိတို့က ပြုစုပျိုးထောင်ပေးခဲ့သော ထိုလူငယ်လေးများ၏ အရည်အသွေးအပေါ် မူတည်၍ သူတို့သည် နိုင်ငံနှင့် လူမျိုးအပေါ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားကြ ပေလိမ့်မည်။ ဒါကြောင့် မိမိတို့က ကလေးများကို ဘယ်လိုပြုစုပျိုးထောင် ပေးမလဲ ဆိုတာကို ကိုယ်တိုင်ပဲ စိတ်ကြိုက်ပျိုးထောင်ဖို့လိုသည်။
ဂျပန်နိုင်ငံမှာတော့ ကလေးများကို ငယ်ငယ်ကတည်းက သိပ်ပြီးအလိုမလိုက်ဘဲ ကိုယ့်အားကိုယ်ကိုး တတ်အောင် ပြုစုပျိုးထောင် ပေးသည်ဟု ဆိုပါသည်။ ကလေးကျောင်းသွား ဖို့ ပြင်ဆင်တဲ့အခါ သူတို့ကိုယ်တိုင် ဝတ်တတ် ဆင်တတ်အောင်၊ ဖိနပ်ကိုယ်တိုင်စီးတတ်အောင် သင်ပြထားပြီး ကျောင်းသွားတဲ့အခါ ကျောပိုးအိတ်ကို ကိုယ်တိုင်လွယ်ပိုး စေတယ်တဲ့။ အခန့်မသင့်လို့ ခလုတ်တိုက် ချော်လဲရင်တောင် ထူမပေးဘဲ ကိုယ်တိုင် ထစေတယ်လို့ ဆိုသည်။ ငယ်စဉ်ကတည်းက ထိုကဲ့သို့နေလာ ရတဲ့ ကလေးဟာ ဘယ်အရာမဆို ကိုယ်တိုင် လုပ်ရမယ်၊ ကိုယ့်အားကိုယ်ကိုးရမယ်၊ ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတဲ့အစွဲ စွဲသွားစေပြီး ထူးချွန်တဲ့သူတွေ ဖြစ်လာသည်ဟုဆိုသည်။
ချယ်ရီပန်းဖြင့် နာမည်ကြီးသော ဂျပန်နိုင်ငံဟာ နိုင်ငံတစ်ဝန်း ချယ်ရီပန်းတွေ ပွင့်ရင် မိသားစုလိုက် ချယ်ရီပင်တွေရှိတဲ့ ပန်းခြံတွေ မှာ အပန်းဖြေရင်း မိမိတို့ရဲ့ကလေးတွေကို ချယ်ရီပန်းတွေရဲ့ အလှတရားကို ခံစားစေပြီး သဘာဝရဲ့ အလှတရားတွေကို ချစ်တတ် အောင်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်တတ် ထိန်းသိမ်းတတ်အောင် သွန်သင်လေ့ရှိ သည်တဲ့။ ထိုကဲ့သို့ လူငယ်လူရွယ်များကို ပြုစုပျိုးထောင်ပေးသော ဂျပန်နိုင်ငံသည် ကမ္ဘာမှာ ထိပ်တန်းရောက်နေတာဟာ အံ့သြစရာတော့ မဟုတ်ပေ။
သိပ်မကြာသေးခင်ကပဲ ဂျူးလူမျိုးများ သူတို့ရဲ့ ကလေးပျိုးထောင်နည်းဆိုတဲ့ စာတစ် ပုဒ် ဖတ်လိုက်ရသည်။ အစ္စရေးလူမျိုးလို့ လည်းခေါ်ကြတဲ့ ဂျူးလူမျိုးများဟာ ကမ္ဘာ့ ရှေးအကျဆုံးလူမျိုးတစ်မျိုးထဲမှာ ပါဝင်ကာ သမိုင်းတစ်လျှောက်မှာလည်း အမျိုးမျိုးဖိနှိပ်ခံရပြီး တိုင်းပြည်ပျောက်ဆုံးသည်အထိ ဆုံးရှုံးခဲ့ကြသည့် လူမျိုးများဖြစ်သည်။ သို့သော်လည်းပဲ ကမ္ဘာမှာ ဂျူးလူမျိုးများကို ဉာဏ်ပညာအကောင်းဆုံး လူမျိုးလို့ သတ်မှတ်ခံထားရသည်။ ၂၀၁၅ ခုနှစ် ကမ္ဘာမှာ ဂျူးလူမျိုး လူဦးရေ ၁၄ ဒသမ ၂ သန်းရှိသည်ဟု ဆို သည်။ ကမ္ဘာ့လူဦးရေရဲ့ ၀ ဒသမ ၂ ရာခိုင်နှုန်း ရှိတဲ့ ဂျူးလူမျိုးတွေဟာ နိုဘယ်ဆုရှင်များရဲ့ ငါးပုံတစ်ပုံ၊ အမေရိကန်နိုင်ငံ သြဇာအရှိဆုံး လူများစာရင်းထဲက ၅၀ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံရဲ့ နာမည်အကြီးဆုံး   ပါမောက္ခတွေထဲမှာ ရာခိုင်နှုန်း ၃၀၊ အမေရိကန်ရဲ့ စာပေ၊ တေးဂီတ၊ ပြဇာတ်လောကမှာ ရာခိုင်နှုန်း ၆၀၊ ကမ္ဘာ့အချမ်းသာဆုံး လုပ်ငန်းရှင်များ စာရင်းထဲမှာ ရာခိုင်နှုန်း ၅၀ တို့ဟာ ဂျူးလူမျိုးများ ဖြစ်ကြသတဲ့။
ထို့အပြင် သမိုင်းမှာ အလွန်ကျော်ကြားလှတဲ့ အိုင်စတိုင်း၊ ကားလ်မတ်စ်၊ တာအိုဝင် စတဲ့ ပညာရှင်တွေ ဂျူးလူမျိုးများ ဖြစ်ကြလေသည်။ ဘာဖြစ်လို့ ဂျူးလူမျိုးတွေ ထိပ်တန်းရောက်ပြီး အောင်မြင်ကြသလဲ။ သုတေသနအရ ဒီလိုအောင်မြင်ရတဲ့ အကြောင်းရင်း အားလုံးထဲမှာ ဂျူးလူမျိုးတွေရဲ့ မိသားစု နီတိနှင့် ကလေးပြုစု ပျိုးထောင်နည်းလမ်းများဟာ အဓိကကျသည်ဟု ဆိုလေသည်။
ဂျူးလူမျိုးတို့ဟာ ပထမဆုံး ကလေးများကို ကိုယ့်အားကိုယ်ကိုး ရပ်တည်စေနိုင်အောင် ပျိုးထောင်ပေးသည်တဲ့။ ကောင်းမွန်တဲ့ ကလေးတွေရဲ့ ပညာရေးဟာ တိုးတက်မှုအားလုံးနှင့် ကောင်းကျိုးအားလုံးရဲ့ အခြေခံရေသောက်မြစ် ဖြစ်တယ်လို့ ဂျူးတို့က ယုံကြည်ကြတာ ဖြစ်သည်။ သူတို့က ကလေးတွေကို လွတ်လပ်တဲ့ တွေးခေါ်မှုနှင့် ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်မှု၊ မိမိကိုယ်ကိုယ် အလေးထား အားကိုးတတ်မှုကို အလေးထားပျိုးထောင်ပေး တာဖြစ်သည်။ သူတို့က ကလေးကို အချစ်လွန် ကဲကာ ပိုးမွေးသလိုမွေးပြီး အလိုလိုက် အ ကြိုက်ဆောင်တာမျိုးမလုပ်ဟု ဆိုသည်။ ဒါ ကြောင့် သူတို့ရဲ့စကားပုံက ‘ငါးနှစ်ကလေးဟာ သင့်ရဲ့ အရှင်သခင်၊ ၁၀ နှစ်ကလေးဟာ သင့်ရဲ့ကျွန်၊ ၁၅ နှစ်ကလေးဟာ အဖေနှင့်တန်းတူ ဖြစ်သွားပြီ’ တဲ့။ ဆိုလိုတဲ့ အဓိပ္ပာယ်ကတော့ ငါးနှစ်အရွယ် ကလေးကိုတော့ အတတ်နိုင်ဆုံး ချစ်မယ်၊ ပျိုးထောင်မယ်၊ ၁၀ နှစ် အရွယ်ဆိုရင် သူနိုင်တဲ့ဝန်ကို ထမ်းခိုင်းမယ်၊ ၁၅ နှစ် ရောက်ရင်တော့ ကိုယ်ပိုင်ဆုံးဖြတ် နိုင်စေရမယ်ဟု ဆိုခြင်းဖြစ်သည်။
နောက်တစ်ခုက ကလေးတွေကို စာအုပ်တွေကို ချစ်စေခြင်းတဲ့။ ဂျူးမိသားစုတွေဟာ ကလေးတွေ သိတတ်စ အရွယ်မှာပဲ ပျားရည်တစ်စက်တို့ထားတဲ့ စာအုပ်တစ်အုပ်ကို ကလေးကို နမ်းရှုပ်စေတယ်တဲ့။ ရည်ရွယ်ချက်ကတော့ စာအုပ်တွေဟာ အလွန်ချိုမြိန်တဲ့အတွက် ကြောင့် ကျေနပ်နှစ်သက်စရာတစ်ခုဖြစ်တယ် လို့ သိစေချင်တဲ့သဘောပဲ ဖြစ်သည်။ ဂျူး မိသားစုတိုင်းမှာ စာအုပ်စင်ကို အိပ်ရာခေါင်း ရင်းမှာထားရှိပြီး ကိုယ်တိုင်လည်း ဖတ်ရှုလေ့ လာကြသည်ဟု ဆိုသည်။ သုတေသနစာတမ်း အရ အသက် ၁၄ နှစ်အထက် ဂျူးကလေးများဟာ တစ်လမှာ အနည်းဆုံး စာအုပ်တစ်အုပ် ဖတ်ပြီးတယ်လို့ ဆိုပါသည်။
ထို့အပြင် ဂျူးလူမျိုးများဟာ ကလးများကို စာအုပ်တွေကို ဖတ်စေပြီး ဉာဏ်ပညာကို အလေးထားတတ်အောင် ပျိုးထောင်ပေးပါသတဲ့။ ကလေးရဲ့ စိတ်ထဲမှာ အသိပညာ အတတ်ပညာသာလျှင် စစ်မှန်တဲ့ ဥစ္စာ၊ စစ်မှန်တဲ့ ရင်းနှီးမြှုပ်နှံမှု၊ ဘယ်သူမှ ကိုယ်ကမပေးလျှင် ခိုးယူလို့ မရနိုင်ကြောင်း စွဲသွားအောင် ရိုက်သွင်းပေးလေ့ ရှိသည်ဟု ဆိုသည်။
ကလေးတွေဟာ စာတော့ ဖတ်ကြတယ်။ ဒါပေမဲ့ မစဉ်းစား မတွေးခေါ်ဘူး ဆိုရင်လည်း အကျိုးမပါဘူး။ ဒါကြောင့် ကလေးတွေကို စာဖတ်ရုံတင်မကဘဲ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားတွေးခေါ်နိုင်အောင် လေ့ကျင့်ပြုစုပျိုးထောင် ပေးခြင်းပဲ ဖြစ်သည်။ သူတို့ရဲ့ သဘောအရတော့ ဖတ်မှတ်လေ့လာခြင်းဟာ အတုခိုးခြင်း တစ်မျိုးသာဖြစ်ပြီး စဉ်းစားတွေးခေါ်တတ်ခြင်း၊ ကိုယ်ပိုင်အမြင်ရှိခြင်း၊ ကိုယ်ပိုင်အသစ်တစ်ဖန် ဖန်တီးတီထွင် နိုင်ခြင်းသည်သာ အဓိကကျတယ်လို့ ယူဆတာ ဖြစ်သည်။
နောက် သူတို့ရဲ့နာမည်ကြီး စကားပုံတစ်ခုက ‘တွေးခေါ်ခြင်းဆိုတာ သံသယနဲ့ အဖြေတို့ ပူးပေါင်းပြီး ဖြစ်ပေါ်လာတာပါ’ တဲ့။ ဆိုလိုတာကတော့ မိဘစကားပဲဖြစ်ဖြစ်၊ ဆရာသမားရဲ့ စကားပဲဖြစ်ဖြစ်၊ ဘယ်သူပြောတာပဲဖြစ်ဖြစ် မျက်စိမှိတ် မယုံဖို့ပါပဲ။ ဘယ် သူ့စကားပဲဖြစ်ဖြစ် ကိုယ်ပိုင်ဉာဏ်နဲ့ ဟုတ်သည် မဟုတ်သည် သံသယနဲ့ ဆင်ခြင်စဉ်းစားပြီး ဆုံးဖြတ်ဖို့ပဲ ဖြစ်သည်။ ဒါကတော့ ဖတ်မိတဲ့ ဂျူးလူမျိုးများရဲ့ သူတို့ကလေးများကို ပြုစုပျိုးထောင် ပေးနည်းများကို ပြန်လည် တင်ပြခြင်းသာ ဖြစ်ပါသည်။
မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ဖို့ အားယူနေဆဲ အဆင့်မှာပဲ ရှိပါသေးသည်။ ကမ္ဘာ့ထိပ်တန်း ရောက်သည်အထိ ဖွံ့ဖြိုးတိုးတက်အောင် နှစ်ပေါင်း ၁၀၀၊ ၁၀၀၀ အတွင်း ဖြစ်ရမည်လို့ ရွယ်ကိုးကာ လူကိုပျိုးထောင် ရပေလိမ့်မည်။ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်မှုသည် လူ့စွမ်းအား အရင်းအမြစ်သည် အဓိက ပဓာနကျပေသည်။ ဉာဏ်ပညာ အသိပညာ ထက်မြက်သော လူ့စွမ်းအား အရင်းအမြစ်အား ကောင်းမှသာလျှင် နိုင်ငံကို ထိပ်ရောက်ဖို့ စွမ်းဆောင် နိုင်ပေလိမ့်မည်။ ဒါကြောင့် အနှစ် ၁၀၀၊ ၁၀၀၀ ရွယ်ကိုး၍ လူကို ပျိုးထောင်ရပေလိမ့်မည်။

Most Read

Most Recent