ဗဟိုက ချုပ်ကိုင်တာကို မလျှော့သရွေ့တော့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေက နစ်နာနေဦးမှာပါ။ ဒီမိုကရေစီ ခရီးကလည်း ဖင့်နှေးနေဦးမှာပါ။ လူတစ်စုသာ ကောင်းစားကာ၊ လူထုကတော့ ဆင်းရဲတွင်း နက်နေဦးမှာပါ။ အပြောင်းအလဲ စစ်စစ်တွေဟာလည်း လေနဲ့အတူ မျောလွင့်သွားမှာပါ။ ဒီမိုကရေစီ ရှေ့ခရီးဟာလည်း လမ်းစပျောက်တဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။ ဒါကြောင့် လွှတ်တော်တွေ အနေနဲ့ ဗဟိုချုပ်ကိုင်တာတွေ အမြန်လျှော့ချနိုင်ဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းတာ၊ အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး လုပ်ငန်းတွေကို စောင့်ကြည့်ထိန်းကျောင်းတာတွေ မြန်မြန်သွက်သွက် လုပ်လာရမှာပါ။ဗဟိုချုပ်ကိုင်တာကို လျှော့ဖို့ လေးလံနေရင် အပြောင်းအလဲဟာ လမ်းလွဲသွားနိုင်တယ် ဆိုတာကလည်း ပကတိ အနေအထားပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (ဒီချုပ်)ဟာ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။ ဒီချုပ် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ အများစု နေရာရခဲ့သလို၊ တိုင်းဒေသကြီး လွှတ်တော်တွေနဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က လွဲလို့ ပြည်နယ်လွှတ်တော်တွေမှာ အများစု အနိုင်ရခဲ့ပါတယ်။ ဒီချုပ်ဟာ ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို ထိန်းချုပ်နိုင်ခဲ့သလို၊ ရခိုင်ပြည်နယ် လွှတ်တော်နဲ့ ရှမ်းပြည်နယ် လွှတ်တော်ကလွဲရင် လွှတ်တော်အားလုံးမှာ အသာစီးရနေပါတယ်။အစိုးရနဲ့ လွှတ်တော်တွေကို ဒီချုပ်က လွှမ်းထားတာမို့၊ လွှတ်တော်တွေမှာ အတိုက်အခံ နိုင်ငံရေးဟာ အတော် အားနည်းနေပါတယ်။ လွှတ်တော်တွေနဲ့ အစိုးရအကြား အပြန်အလှန် ထိန်းကျောင်းနိုင်တဲ့ အလေ့အထ အားလျော့လာမယ် ဆိုရင်တော့ အဲဒါဟာ နိုင်ငံရေး စိုးရိမ်ရေမှတ်ပါ။ အစိုးရနဲ့ လွှတ်တော်ဟာ တစ်ကြိတ်တည်း၊ တစ်ဉာဏ်တည်း ဖြစ်နေရင် အလုပ်လုပ်ရတာ ထိရောက်သင့်သလောက် ထိရောက်ပါ့မလား စဉ်းစားစရာပါ။ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားကောင်းမောင်းသန်ဖို့ ဦးတည် စဉ်းစားမယ်ဆိုရင် ဗဟိုချုပ်ကိုင်မှု လျှော့ချတာဟာ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါ။ မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ် နောက်ပိုင်းကတည်းက အာဏာရှင်စနစ် အမျိုးမျိုးအောက်မှာ နှစ်ပေါင်း ၅၀ နီးပါး ရပ်တည်ခဲ့ရပါတယ်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနဲ့ ဈေးကွက်တွေကို ဗဟိုက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်တဲ့ စနစ်ဆိုးအောက်မှာ မျိုးဆက် အများအပြားဟာ ရုန်းကန်ရှင်သန်ခဲ့ရတာပါ။ ၂၀၁၁ ခုနှစ်က ဖွဲ့တဲ့ ပထမအစိုးရဟာ ဗဟိုချုပ်ကိုင်တာကို မလျှော့ချနိုင်ခဲ့သလို၊ အခု အစိုးရဟာလည်း လျှော့ချနိုင်ပါ့မလား မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက်ကတော့ မှန်းချက်နဲ့ နှမ်းထွက် လွဲချော်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ ဒီချုပ်အစိုးရဟာ ဗဟိုချုပ်ကိုင်တာ လျှော့ချနိုင်မယ့် မူဝါဒတွေ၊ လမ်းစဉ်တွေ၊ စီမံချက်တွေ၊ နည်းနာတွေနဲ့အတူ ရေတိုနဲ့ရေရှည် အသွင်နှစ်မျိုးရှိတဲ့ ရက် ၁၀၀ အလွန် စီမံချက်ကြီးတွေကို ခေါင်းချင်းရိုက်၊ စဉ်းစားဖို့ ကောင်းပြီလို့ တိုက်တွန်းချင်ပါတယ်။ ဗဟိုချုပ်ကိုင်တာကို လျှော့ချတဲ့အခါ ထိရောက် အလုပ်ဖြစ်ပါမှ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် အကျိုးမယုတ်မှာပါ။ဗဟိုချုပ်ကိုင်တာ လျှော့ချနိုင်လေလေ ဒီမိုကရေစီ အပြောင်းအလဲဟာလည်း ရင့်ကျက်လာလေလေလို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ငင်းစိန်ခေါ်ချက်တွေဖြစ်တဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ ယုံကြည်မှု တည်ဆောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေ စိုးမိုးရေး စတာတွေဟာ ဗဟိုချုပ်ကိုင်မှု လျှော့ချတာနဲ့ နက်နက်နဲနဲကို ဆက်စပ်နေပါတယ်။ ဗဟိုချုပ်ကိုင်တာကို စနစ်တကျ မလျှော့ချနိုင်ရင် နိုင်ငံရေးအပိုင်း၊ အုပ်ချုပ်ရေးအပိုင်း၊ ဘဏ္ဍာရေး အပိုင်းနဲ့ စီးပွားရေး အပိုင်းတွေဟာ လေးလံထိုင်းမှိုင်းမြဲ၊ ထိုင်းမှိုင်းနေဦးမှာ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ လူမှုစီးပွား ဘဝတွေဟာလည်း နိမ့်ကျမြဲ နိမ့်ကျနေဦးမှာပါ။ အဲဒီဘက်ကနေ ကောက်ချက်စွဲကြည့်မယ် ဆိုရင် သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဗဟိုချုပ်ကိုင်မှု လျှော့ချရေးနဲ့ စပ်လျဉ်းလို့ မဟာဗျူဟာ စီမံချက်တစ်ရပ် အမြန်ဆုံး ရေးဆွဲကာ ထင်သာမြင်သာရှိရှိ ဖော်ဆောင်ဖို့ လွှတ်တော်တွေက အဆိုတင်သွင်း တိုက်တွန်းဖို့ဆိုတဲ့ဘက်က ပိုအလေးသာမယ် ထင်ပါတယ်။ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ ဗဟိုချုပ်ကိုင်မှုကို ဘယ်လောက်အထိ လျှော့ချနိုင်နေပြီလဲဆိုတာ ဆန်းစစ်ဖို့ လိုမယ် ထင်ပါတယ်။ အဲဒါမှ နောက်ခြောက်လ၊ တစ်နှစ်အတွင်း ဗဟိုချုပ်ကိုင်မှု ရာခိုင်နှုန်း ဘယ်လောက် လျှော့ချရမယ်ဆိုတဲ့ ရည်မှန်းချက်မျိုး ထုတ်ယူလို့ရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို တာဝန်တွေနဲ့ လုပ်ပိုင်ခွင့်တွေ ခွဲဝေပေးလာနိုင်ရင် ဗဟိုချုပ်ကိုင်မှုဟာလည်း လျော့ပါးလာမှာ ဖြစ်ပါတယ်။အဲဒီလိုပဲ လွှတ်တော်တွေဟာလည်း ဗဟိုချုပ်ကိုင်မှု ကင်းကင်း ပြည်သူကို မျက်နှာမူကာ အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် အနေနဲ့ လွှတ်တော်ကော်မတီဖွဲ့ဖို့ကို နေပြည်တော်အထိ ခွင့်ပြုချက်တောင်းနေရမယ်ဆိုရင် ဗဟိုချုပ်ကိုင်မှု လျှော့ချတာ ဖြစ်နိုင်ပါ့မလား စဉ်းစားသင့်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ အနေနဲ့ ဘာလုပ်ချင်ချင် နေပြည်တော်ကို အကြောင်းကြား၊ အမိန့်စောင့်နေရမယ် ဆိုရင်လည်း အတော့်ကို နှောင့်နှေးကြန့်ကြာမှာပါ။ ဗဟိုချုပ်ကိုင်မှု မလျှော့ချနိုင်တဲ့အပြင်၊ ရတဲ့နည်း၊ ဖြစ်တဲ့နည်းနဲ့ ထိန်းချုပ်နိုင်ဖို့ ထပ်ကြိုးစားလာမယ်ဆိုရင် အပြောင်းအလဲဟာ ကတုံးပေါ် ထိပ်ကွက်ခံရတဲ့သဘော ဖြစ်သွားနိုင်ပါတယ်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပါတီခေါင်းဆောင်တွေ အနေနဲ့ ပါတီတွင်း ဗဟိုချုပ်ကိုင်တာတွေကို ထိထိရောက်ရောက် လျှော့ချနိုင်ဖို့လည်း ရှေးရှုရမှာ ဖြစ်ပါတယ်။ ဒီချုပ် ပါတီတွင်း ဗဟိုချုပ်ကိုင်တာ များလာရင် လူနည်းစုက ဗိုလ်ကျ ကြီးစိုးလာတဲ့သဘော ဖြစ်လာနိုင်ပါတယ်။ ပါတီတွင်း ဒီမိုကရေစီ ဆိုတာလည်း ရေပေါ်ရေးတဲ့ အရုပ်လို ဖြစ်လာမှာပါ။ ပါတီဟာ ဒီမိုကရေစီ စံချိန်စံနှုန်းတွေနဲ့ ဝေးကွာလွန်းလာမယ်ဆိုရင် ဒီမိုကရေစီ အပြောင်းအလဲကို ဒီမိုကရေစီနည်းကျ ဦးဆောင်ဖို့ ဆိုတာဟာ အတော့်ကို ခက်ခဲလာမှာပါ။ ဗဟိုချုပ်ကိုင်တာတွေ လွန်လွန်ကျူးကျူး ရှိလွန်းတဲ့ ပါတီဟာ ရေရှည်မှာ ခြေကုန်လက်ပန်း ကျလာမှာပါ။ လှေလှော်ရင်း တက်မကျိုးဖို့တော့ အတော့်ကို ဂရုစိုက်ရမှာပါ။ လူထုထက် လူတစ်စုကို အကျိုးပြုမယ့် ပုံစံခွက်ထဲ ပြုတ်ကျသွားနိုင်ပါတယ်။ အဲဒီလိုကနေ ဒီချုပ်ပါတီဟာ ဒီမိုကရေစီ ရှေ့ခရီးမှာ ဝိုးတိုးဝါးတား၊ ဆိုးဆိုးရွားရွား ဖြစ်လာနိုင်တယ် ဆိုတာကို သတိကြီးကြီးထား၊ ထိန်းကျောင်းသင့်ပါတယ်။ တိုင်းပြည်မှာ ဖြစ်ဖြစ်၊ နိုင်ငံရေးပါတီမှာ ဖြစ်ဖြစ် ဗဟိုချုပ်ကိုင်တာ များလာပြီ ဆိုရင် ဒီမိုကရေစီလမ်း ပြောင်းပြန်မောင်းနေပြီလို့ အော်ချက်ထုတ်ကြရမှာပါ။ဘဏ္ဍာရေး ဗဟိုချုပ်ကိုင်မှု လျှော့ချရေးဟာ မြန်မာ့ဒီမိုကရေစီ ခရီးရှည်မှာ သော့ချက်ကျ အရေးပါတဲ့ မှတ်ကျောက်တစ်ခု ဖြစ်ပါတယ်။ ဘဏ္ဍာရေးဟာ အပြောင်းအလဲကို မောင်းနှင်မယ့် အင်ဂျင်ပါ။ ဘဏ္ဍာရေး ဗဟိုချုပ်ကိုင်တာကို မဖြေလျှော့နိုင်ရင် ပြည်ထောင်စု အစိုးရရော၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရောဟာ ပြုပြင်ပြောင်းလဲရေးနဲ့ ဝေးရာဆီ ဦးတည်မှန်းမသိ၊ ဦးတည်လာနိုင်တယ်ဆိုတာ သတိချပ်ဖို့လိုမယ် ထင်ပါတယ်။ ဘဏ္ဍာရေး ကျောထောက်နောက်ခံ မကောင်းရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေဟာ အလုပ်လုပ်ဖို့ ခက်သထက်၊ ခက်လာမယ် ထင်ပါတယ်။ အဲဒါဟာ ဗဟိုချုပ်ကိုင်မှု လျှော့ချတာကို တန်ပြန် အဟန့်အတား ဖြစ်စေဦးမှာပါ။ ဘဏ္ဍာရေး ကဏ္ဍမှာ ဗဟိုချုပ်ကိုင်တာကို လျှော့ချလာနိုင်မယ်ဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ အနေနဲ့ ပြည်ထောင်စုကနေ ဘဏ္ဍာငွေခွဲတမ်း ပိုရဖို့ လိုသလို၊ ကိုယ့်ဒေသအလိုက် ဘဏ္ဍာငွေ ရှာဖွေနိုင်မယ့် အခွင့်အလမ်းတွေကိုလည်း ပြည်ထောင်စုအစိုးရ အနေနဲ့ ဥပဒေ၊ စည်းမျဉ်းတွေနဲ့အညီ ခွင့်ပြုဖို့ လိုအပ်မယ် ထင်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ၊ ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့တွေဟာ ပြုပြင်ပြောင်းလဲရေးအတွက် ဘယ်လိုအဆင်သင့် ဖြစ်နေပါစေ၊ ဘဏ္ဍာငွေပိုက်လိုင်းကို ပိတ်ထားလိုက်မယ် ဆိုရင်၊ လျှော့ချလိုက်မယ်ဆိုရင် ရှင်လျက်နဲ့ သေသလို ဖြစ်သွားနိုင်တယ်ဆိုတာ စဉ်းစားထားဖို့ ကောင်းပါတယ်။နောက် စိတ်ဝင်စားဖို့ ကောင်းတာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးရဲ့ ဆက်စပ်နေတဲ့ အနေအထားပါ။ အာဖရိကတိုက် အရှေ့တောင်ပိုင်းက မိုဇမ်ဘစ် သမ္မတနိုင်ငံနဲ့ အာဖရိကတိုက် အရှေ့ပိုင်းက ကုန်းတွင်းပိတ် ယူဂန္ဓာသမ္မတနိုင်ငံတွေမှာ ဗဟိုချုပ်ကိုင်မှုကို ထိထိရောက်ရောက် လျှော့ချလာနိုင်တာဟာ ကာလရှည်ကြာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ဖို့မှာ အရေးပါတဲ့ အကြောင်းအချက်တစ်ရပ် ဖြစ်တယ်လို့ သုံးသပ်တာ တွေ့ရပါတယ်။ ပြောချင်တာက ဗဟိုချုပ်ကိုင်မှုကို ကတိကဝတ်သက်သက်၊ အပြောသက်သက်မဟုတ် လျှော့ချလာနိုင်ရင် မြန်မာနိုင်ငံမှာလည်း ပြည်တွင်းစစ် အဆုံးသတ်ရေးကို အများကြီး အထောက်အကူပြုနိုင်တယ် ဆိုတာပါ။ ဗဟိုချုပ်ကိုင်တာကို ထိထိရောက်ရောက် မလျှော့နိုင်ဘဲ၊ လျှော့နိုင်ဖို့ စနစ်တကျ မပြင်ဆင်ဘဲ၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်မယ်တို့၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်မယ်တို့၊ စီးပွားရေး ဖွံ့ဖြိုးအောင် လုပ်မယ်တို့၊ တရားဥပဒေ စိုးမိုးအောင် လုပ်မယ်တို့၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘ၀ မြင့်တက်အောင် လုပ်မယ်တို့ဆိုတဲ့ အသံတွေက ရယ်စရာသက်သက်များ ဖြစ်နေမလားလို့ ထင်မိတယ်။အချုပ်အနေနဲ့ ပြောချင်တာကတော့၊ နိုင်ငံရေးမှာ သိပ်လေလုံးထွားတာ မကောင်းဘူး။ ကိုယ်ထွားတဲ့ လေလုံးနဲ့ လုပ်နေတာတွေနဲ့က ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေရင် ပိုရုပ်ဆိုးတာပေါ့။ အစိုးရနဲ့ လွှတ်တော်တွေ အနေနဲ့ ဗဟိုချုပ်ကိုင်တာကို လျှော့ချနိုင်မယ့် အစီအစဉ်တွေ အမြန်ဖော်ဆောင်ဖို့ လိုပါလိမ့်မယ်။ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့လည်း ပါတီတွင်းမှာရော၊ ပါတီပမှာရော ဗဟိုကချုပ်ကိုင်တာတွေကို အမြန်လျှော့ချနိုင်ဖို့ ဦးစားပေး လုပ်သင့်ပါတယ်။ ဗဟိုချုပ်ကိုင်တဲ့ အလေ့အထတွေနဲ့ ပျော်မွေ့နေမယ်၊ သာယာနေမယ်ဆိုရင် ဒီမိုကရေစီ အပြောင်းအလဲဟာ ဗလောင်းဗလဲ သက်သက် ဖြစ်နေဦးမှာ မြေကြီးလက်ခတ်မလွဲပါ။ ဆင်းရဲမွဲတေနွံထဲ နစ်နေတဲ့ ကျောမွဲပြည်သူတွေလည်း ဆင်းရဲမြဲ ဆင်းရဲနေဦးမှာပါ။ အစိုးရတွေ၊ လွှတ်တော်တွေဟာ ပြည်သူကို မျက်နှာမူနိုင်ဖို့ ခဲယဉ်းနေဦးမှာပါ။ ဗဟိုချုပ်ကိုင်တာကို မလျှော့သရွေ့၊ အပြောင်းအလဲဟာ လမ်းလွဲနေနိုင်တယ် ဆိုတာကို မမေ့မလျော့ ဆင်ခြင်သင့်တဲ့အကြောင်း မီးမောင်းထိုးလိုက်ပါတယ်။
ဗဟိုချုပ်ကိုင်မှု မလျှော့သရွေ့ လမ်းလွဲနေဦးမယ့် အပြောင်းအလဲ
Most Read
Most Recent
8 hours ago










