၂၀၁၆ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ ခုနစ်လအတွင်း တစ်နိုင်ငံလုံး၌ မူးယစ်ဆေးဝါးအမှု ၈၅၆ မှု ဖမ်းမိခဲ့ပြီး စိတ်ကြွဆေးပြား အများဆုံး ဖမ်းမိ

၂၀၁၆ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ ခုနစ်လအတွင်း တစ်နိုင်ငံလုံး၌ မူးယစ်ဆေးဝါးအမှု ၈၅၆ မှု ဖမ်းမိခဲ့ပြီး စိတ်ကြွဆေးပြား အများဆုံး ဖမ်းမိ
Published 11 August 2016
ရှိုင်းလင်းအောင်

၂၀၁၆ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ ခုနစ်လအတွင်း တစ်နိုင်ငံလုံး၌ မူးယစ်ဆေးဝါး ၈၅၆ မှု ဖမ်းမိခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြား အများဆုံး ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သြဂုတ် ၁၀ ရက်တွင် စုံစမ်းသိရှိရသည်။အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးမှုများအနက် စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းမိမှုမှာ ၄၆၁ မှုဖြင့် အများဆုံး ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ဘိန်းဖြူ ၂၇၅ မှု၊ ဘိန်း ၃၁ မှု၊ ဆေးခြောက် ၂၇ မှု၊ ဘိန်းစာမှုန့် ၁၈ မှု၊ မှတ်ပုံတင်ပျက် (အလေးချိန် ချိန်တွယ်မရသည့် ပစ္စည်း) ၁၃ မှု၊ အဆင့်နိမ့်ဘိန်း ခုနစ်မှု၊ ဘိန်းဆီခဲ ငါးမှု၊ Ice ငါးမှု၊ ထရာမဒေါလ် လေးမှု၊ စိတ်ကြွ ရူးသွပ်ဆေးပြား အကြေမှုန့် နှစ်မှု၊ ဗျူပရီနော်ဖင်း နှစ်မှု၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ် တစ်မှု၊ ဘိန်းညိုမှုန့် တစ်မှု၊ ဒိုင်နာဇီပမ်ထိုးဆေး တစ်မှု၊ မော်ဖင်းထိုးဆေး တစ်မှုတို့ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။အဆိုပါ မူးယစ်ဆေးဝါးများအနက် စိတ်ကြွရူးသွပ်ဆေးပြား အများဆုံး ဖမ်းဆီးရမိခြင်းမှာ စိတ်ကြွရူးသွပ်ဆေးပြားသည် ထုတ်လုပ်ရာတွင် အခြား မူးယစ်ဆေးဝါးများထက် ပိုမိုလွယ်ကူကြောင်း သိရပြီး အိပ်ခန်း တစ်ခန်းအတွင်း စက်ဖြင့် ထုတ်လုပ်နိုင်သည့် အထိ လွယ်ကူကြောင်း သိရသည်။“ဘိန်း၊ ဘိန်းဖြူထက် စိတ်ကြွဆေး သုံးစွဲမှုက ဒေသတွင်း နိုင်ငံတွေမှာ အများကြီး တိုးပြီး ဈေးကွက်မြှင့်လာတယ်။ ထုတ်လုပ်ရတာက ဘိန်း၊ ဘိန်းဖြူထက် အများကြီး ပိုလွယ်တယ်။ ဓာတုပစ္စည်း အမျိုး ၂၀ လောက်နဲ့ အိပ်ခန်းထဲမှာတင် ထုတ်လုပ်လို့ ရတယ်။ ဘိန်း၊ ဘိန်းဖြူဆိုရင် ရေအများကြီး မြစ်၊ ချောင်းရှိတဲ့ နေရာတွေမှာပဲ ထုတ်လို့ရတယ်။ လူ့ပတ်ဝန်းကျင်မှာ ထုတ်လုပ်ဖို့ မလွယ်ဘူး။ စိတ်ကြွဆေးကတော့ ထုတ်လုပ်တဲ့နေရာက လုံခြုံတယ်ဆိုရင် အလွယ်တကူပဲ ထုတ်လုပ်နိုင်တယ်။ ဆေးပြားတွေကိုလည်း မြန်မာစက်၊ တရုတ်စက် ကြိုက်တဲ့စက်နဲ့ ထုတ်လို့ ရတယ်” ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ မူးယစ်တပ်ဖွဲ့ခွဲ (၃) မှ ဒုတိယရဲမှူးကြီး ကျော်ကျော်မင်းက ပြောကြားသည်။ပြီးခဲ့သည့် ဇန်နဝါရီမှ ဇူလိုင်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ရှမ်းပြည်နယ်တွင် ဆေးပြား ၃၄၂၈၁၈၉၆ ပြား အများဆုံး ဖမ်းဆီးရမိခဲ့ပြီး ကချင်ပြည်နယ်တွင် ၃၈၅၄၁၀ ပြား၊ ကယားပြည်နယ်တွင် ၁၁၁၇၂ ပြား၊ ကရင်ပြည်နယ်တွင်  ၁၅၄၉၂၇ ပြား၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၅၈၁၉၁ ပြား၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၇၄၀၁၁ ပြား၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၃၃၇၆ ပြား၊ မကွေးတိုင်းဒေသကြီးတွင် ၃၂၉၅ ပြား၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၀၂၁၈၉၅၆ ပြား၊ မွန်ပြည်နယ်တွင် ၂၈၁၅၆ ပြား၊ ရခိုင်ပြည်နယ်တွင် ၃၁၇၂၇၀၂ ပြား၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ၂၄၂၉၇၄၆ ပြား၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ၃၂၅၁ ပြား၊ နေပြည်တော်တွင် ၁၃၆၂ ပြား စုစုပေါင်း တစ်နိုင်လုံး၌ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၅၀၉၃၇၄၅၂ ပြား ဖမ်းဆီးရမိခဲ့သော်လည်း ချင်းပြည်နယ်တွင်မူ ဖမ်းဆီးရမိခြင်း မရှိကြောင်း သိရသည်။