နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် AFP သတင်းဌာနမှ သြဂုတ် ၉ ရက်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီး ၁၀ ဦး စာရင်း၌ စတုတ္ထ နေရာတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီး ၁၀ ဦး စာရင်း၏ ပထမနေရာတွင် ဂျာမန် အဓိပတိ အိန်ဂျယ်လာမာကယ်လ်က ရပ်တည်ခဲ့ပြီး ၎င်းသည် Forbes မဂ္ဂဇင်းမှ ထုတ်ပြန်သည့် ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အာဏာအရှိဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံရသူဖြစ်ကြောင်း သိရသည်။ ဒုတိယနေရာနှင့် တတိယ နေရာများကို ဗြိတိန်ဝန်ကြီးချုပ်သစ် ထရီဆာမေနှင့် အမေရိကန် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန်တို့က ရပ်တည်ခဲ့ကြကြောင်း AFP က ဖော်ပြခဲ့သည်။စတုတ္ထနေရာတွင် ဒေါ်အောင်ဆန်းစုကြည်က ရပ်တည်ခဲ့ပြီး အသက် ၇၁ နှစ် အရွယ်ရှိ နိုဘယ်လ်ဆုရှင် ၎င်းအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စံပြခေါင်းဆောင်တစ်ဦး ဖြစ်ကာ စစ်တပ်ကရေးဆွဲသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် သမ္မတဖြစ်ခွင့် တားဆီးခံခဲ့ရကြောင်း၊ နှစ်ပေါင်းများစွာ နေအိမ် အကျဉ်းချခံခဲ့ရသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာခဲ့သလို ၎င်း၏ အတွင်းစည်းမှ လူကိုလည်း သမ္မတအဖြစ် ခန့်အပ်နိုင်ခဲ့ကြောင်း AFP က ဖော်ပြခဲ့သည်။AFP သတင်းဌာန၏ ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီး ၁၀ ဦးစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် စတုတ္ထနေရာတွင် ရပ်တည်ခဲ့ခြင်းနှင့် ပတ်သက်ပြီး သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နိုင်ငံအတွက် ဂုဏ်ယူစရာ ဖြစ်ကြောင်းနှင့် လူငယ်တွေအတွက် စံနမူနာ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။“ကျွန်တော်တို့နိုင်ငံရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးဆောင်ဆောင်ရွက်နေတဲ့သူ တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အခုလို ရွေးချယ်ခံရတဲ့အတွက် နိုင်ငံအတွက် ဂုဏ်ယူစရာ ကောင်းပါတယ်။ နောက်တစ်ချက်က လူငယ်တွေအတွက် စံနမူနာယူစရာ ဖြစ်လာမယ်လို့ ယူဆပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။AFP သတင်းဌာနမှ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီး ၁၀ ဦး စာရင်း၏ ပဉ္စမနေရာတွင် လိုင်ဘေးရီးယားနိုင်ငံ၏ နိုဘယ်လ်ဆုရှင်နှင့် အာဖရိကတိုက် ပထမဆုံး အမျိုးသမီးသမ္မတ Ellen Johnson Sirleaf၊ ဆဋ္ဌမနေရာတွင် ချီလီနိုင်ငံ၏ နှစ်ကြိမ်ဆက် ရွေးချယ်ခံ သမ္မတ Michelle Bachelet၊ သတ္တမ နေရာတွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့၏ ပထမဆုံး အမျိုးသမီး အကြီးအကဲ ဖြစ်သူ Christine Lagarde နှင့် အဋ္ဌမ နေရာတွင် ဟားဗတ်တက္ကသိုလ် ပါမောက္ခဟောင်း တစ်ဦးဖြစ်ပြီး US Federal Reserve အကြီးအကဲဖြစ်သူ Janet Yellen တို့က ရပ်တည်ခဲ့သည်။နဝမနေရာတွင် UNESCO အဖွဲ့၏ ပထမဆုံး အမျိုးသမီး အကြီးအကဲ Irina Bokova က ရပ်တည်ခဲ့ပြီး ၎င်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရာထူးအတွက်လည်း လျာထားခံရသူဖြစ်သည်။ ဒသမနေရာတွင် ကြက်ငှက်တုပ်ကွေးနှင့် SARS ရောဂါများကို တိုက်ဖျက်စဉ်က ဟောင်ကောင် ကျန်းမာရေး ဌာနကို ဦးဆောင်ခဲ့ပြီး WHO ၏ အထွေထွေဒါရိုက်တာဖြစ်သူ Margaret Chan က ရပ်တည်ခဲ့ကြောင်း AFP က ထုတ်ပြန်ခဲ့သည်။
AFP မှ ထုတ်ပြန်သည့် ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီး ၁၀ ဦး စာရင်း၌ ဒေါ်အောင်ဆန်းစုကြည် စတုတ္ထ နေရာတွင် ရပ်တည်