ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံတွင် ကိုယ်စားလှယ်ပေါင်း ၇၀၀ ခန့် ပါဝင်မည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားများ ပါဝင်နိုင်ရန် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။သြဂုတ် ၁၀ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) မှ ဦးကျော်နီနိုင်က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ သို့မဟုတ် (၂၁) ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသား ကိုယ်စားလှယ်ဦးရေ တက်ရောက်ခွင့် မည်မျှ ရရှိမည်။ တိုင်းရင်းသား လူမျိုးစုအလိုက် တက်ရောက်ခွင့် ရှိ မရှိ၊ အစီအစဉ်များအား သိရှိလိုကြောင်း မေးမြန်းသည်။ပြည်ထောင်စု ဝန်ကြီးက “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံမှာ တက်ရောက်မယ့် ကိုယ်စားလှယ်ပေါင်း ၇၀၀ ခန့် ရှိမယ်လို့ မျှော်မှန်းထားပါတယ်။ ယခင်က နိုင်ငံရေး မူဘောင် အရကတော့ ညီလာခံ တက်ရောက်မယ့် ကိုယ်စားလှယ် ၇၀၀ ဦးမှာ အစိုးရအဖွဲ့ ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော် ကိုယ်စားလှယ် ၁၅၀ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၅၀ ဦး၊ တရားဝင်နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် ၁၅၀ ဦး၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ ဦး၊ အခြား ပါဝင်သင့် ပါဝင်ထိုက်သူ ၅၀ ဦးလို့ သတ်မှတ်ထားပါတယ်” ဟု ပြောကြားသည်။ဆက်လက်၍ “နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိုလည်း ပြန်လည်သုံးသပ်ဖို့ ရှိပါတယ်။ ဖိတ်ကြားမှုစာရင်း အတိအကျကိုတော့ အခုလလယ်မှာ ပြုလုပ်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာ ဆွေးနွေးညှိနှိုင်းပြီး အတည်ပြုသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံညီလာခံတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသားများ ပါဝင်နိုင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ UPDJC ဆွေးနွေးပွဲတွင် ဆုံးဖြတ်ပြီးမှ ပါဝင်မည့်သူ အရေအတွက် ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။ပြည်ထောင်စုဝန်ကြီးက လက်ရှိအစိုးရသစ် လက်ထက်တွင် အဓိက ဦးစားပေး လုပ်ငန်းစဉ်တစ်ရပ် အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစီးဦးဆောင်ပြုပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပင်လုံစာချုပ်ပါ အမျိုးသား ညီညွတ်ရေးကို ကိုယ်စားပြုသည့် ပင်လုံစိတ်ဓာတ်နှင့် ငြိမ်းချမ်းရေးကို လက်တွဲပူးပေါင်း တည်ဆောက်သွားမည့် အဓိပ္ပာယ်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။NCA လက်မှတ် ရေးထိုးပြီးသည့် အဖွဲ့များ၊ လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် အဖွဲ့များနှင့် နိုင်ငံရေးဆွေးနွေးမှု မူဘောင် သုံးသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းအဖွဲ့များအား တရားဝင် ဖိတ်ကြားထားပြီးဖြစ်ကြောင်း၊ ‘ဝ’ အထူးဒေသ (၂) နှင့် အထူးဒေသ (၄) မိုင်းလားအဖွဲ့များသည်လည်း Framework Review Meeting တက်ရောက်ရန် မူအားဖြင့် သဘောတူထားပြီးဖြစ်ကြောင်း၊ မူဘောင်သုံးသပ်မှုများ ပြီးစီးပါက UPDJC တွင် အတည်ပြုသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံကို သြဂုတ်လကုန်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဦးကျော်တင့်ဆွေက ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် ကိုယ်စားလှယ် ၇၀၀ ခန့် ပါဝင်မည် ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားများ ပါဝင်နိုင်ရန် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား