ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲရသည့်အထိ ဖြစ်ပွားခဲ့သော သန်လျင်မြို့နယ် ဘောလုံးပြိုင်ပွဲတွင် ဒိုင်လူကြီးကို ကိုယ်ထိလက်ရောက် ကျူးလွန်သော ကစားသမားများအား အမှုဖွင့်ထား

ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲရသည့်အထိ ဖြစ်ပွားခဲ့သော သန်လျင်မြို့နယ် ဘောလုံးပြိုင်ပွဲတွင် ဒိုင်လူကြီးကို ကိုယ်ထိလက်ရောက် ကျူးလွန်သော ကစားသမားများအား အမှုဖွင့်ထား
Published 3 August 2016
ရှိုင်းလင်းအောင်

ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရသည့် သန်လျင်မြို့နယ် ဘောလုံးပြိုင်ပွဲတွင် ဒိုင်လူကြီးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သော ကစားသမားများကို အမှုဖွင့်ထားသော်လည်း ဖမ်းဆီးခြင်းမရှိသေးကြောင်း သြဂုတ် ၂ ရက်က သန်လျင်မြို့မရဲစခန်းမှ စုံစမ်းသိရသည်။“ဒိုင်လူကြီးကို ကျူးလွန်ခဲ့တဲ့ ကစားသမားတွေကို အမှုဖွင့်ထားတယ်။ ဖမ်းဆီးအရေးယူမယ်။ တရားစွဲမယ်။ ကျူးလွန်သူတွေကို စခန်းမှာ ဖမ်းဆီးထားတာ မရှိသေးဘူး။ မနေ့က လူအုပ်ကြားထဲမှာဆိုတော့ သွားဖမ်းဖို့က မဖြစ်သေးဘူးလေ”ဟု သန်လျင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။သြဂုတ် ၁ ရက် ညနေပိုင်းတွင် သန်လျင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဖလား အကြိုဗိုလ်လုပွဲကို သီဟဒီပ ဘောလုံးအားကစားကွင်း၌  ကျင်းပခဲ့ရာ ဘုရားကုန်းကျေးရွာမှ ဗိုလ်ချုပ်ကျေးရွာအုပ်စုအသင်းဘက်ကို သုံးဂိုးနှစ်ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ပွဲပြီး ခရာမှုတ်ပြီးချိန်တွင် ကွင်းလယ်ဒိုင်လူကြီး သူရိန်ဉာဏ်ဝင်း (၂၅ နှစ်) ကို  ဗိုလ်ချုပ်ကျေးရွာအသင်းမှ ကျောနံပါတ် (၇) က ဒိုင်လူကြီးကို ချုပ်ထားပြီး ကျောနံပါတ် (၁) ဂိုးသမား ယဉ်ထွေး နှင့် ကျောနံပါတ် (၁၈) ရဲလင်းဇော် စသည့် ကစားသမားနှစ်ဦးက ဆဲဆိုကာ ခြေထောက်ဖြင့် ကန်ကျောက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သန်လျင်မြို့မရဲ စခန်းမှ သိရသည်။ယင်းအပြင် ဗိုလ်ချုပ်အသင်းကို အားပေးသည့် ပရိသတ်များက ဘောလုံးကွင်းအတွင်းသို့ အုတ်ခဲများ၊ ခဲလုံးများ၊ ပုလင်းများ၊ ရေဘူးများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်လာသဖြင့် ဘောလုံးကွင်းအတွင်း တာဝန်ယူ ဆောင်ရွက်နေသော သန်လျင်မြို့မရဲစခန်းမှ စခန်းမှူးက ရုန်းရင်းဆန်ခတ် ဖြစ်ပွားသည့်အခြေအနေကို ထိန်းသိမ်းရန်အတွက်ဟုဆိုကာ သေနတ်ပစ်ဖောက်ရန် အမိန့်ပေးခဲ့ရာ ရဲတပ်သားနှစ်ဦးက မိုးပေါ်သို့ သေနတ်သုံးချက် ပစ်ဖောက်ခဲ့ကြောင်း၊ ထိုသို့ သေနတ်ပစ်ဖောက်ခဲ့ရာတွင် မည်သူမှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း သန်လျင်မြို့မရဲစခန်းက အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ယင်းအမှုတွင် ဒိုင်လူကြီးကို ကိုယ်ထိလက်ရောက် ကျူးလွန်သူများအား (ပ)၁၂၄၁/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၉၄၊ ၃၂၅၊ ၃၄၁၊ ၁၁၄ တို့ဖြင့် သန်လျင်မြို့မရဲစခန်းက အမှုဖွင့်ထားသည်။