မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်ညီလာခံကို ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ပြုလုပ်လျက်ရှိရာ ညီလာခံဒုတိယနေ့ ဇူလိုင် ၂၈ ရက်တွင် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့် ဖက်ဒရယ် ပြည်ထောင်စု အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
နံနက်ပိုင်းတွင် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း အကြောင်းကို ဦးခွန်ဥက္ကာ၊ ဒေါ်ခင်မမမျိုး၊ ဦးသိန်းဦးနှင့် စိုင်းလင်းမြတ်တို့က ဆွေးနွေးကာ ညနေပိုင်းတွင် ဖက်ဒရယ် ပြည်ထောင်စု အကြောင်းအရာ ကိစ္စရပ်များကို ဦးခွန်ဥက္ကာ၊ ဒေါ်ခင်မမမျိုး၊ ဦးသိန်းဦးနှင့် ဒေါက်တာအေးမောင်တို့က အသီးသီး အပိုင်းလိုက်ခွဲကာ ဆွေးနွေးခဲ့ကြပြီး တိုင်းရင်းသားလူငယ် ကိုယ်စားလှယ်များမေးသော မေးခွန်းများကို အပြန်အလှန် ဖြေကြားခဲ့သည်။
မနက်ပိုင်းတွင် အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး NCA လက်မှတ် ရေးထိုးရန် အဆင်သင့် မဖြစ်သေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အဆင်သင့် ဖြစ်လာစေရန် ညီညွတ်သော တိုင်းရင်းသား လူငယ်များ ညီလာခံက တိုက်တွန်းတောင်းဆိုသင့်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပူးတွဲကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။
ညနေပိုင်းတွင် ဖက်ဒရယ် ပြည်ထောင်စုနှင့်ဆိုင်သော ကမ္ဘာ့နိုင်ငံ အသီးသီးက နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေကြောင်း၊ မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် စနစ်တစ်ခုကို ရွေးချယ်သင့်ကြောင်း ဒေါ်ခင်မမမျိုးက ဆွေးနွေးခဲ့ပြီး ဗိုလ်မှူးကြီးခွန်ဥက္ကာက ၁၉၄၇ ခုနှစ်မှ စတင်ခဲ့သော ပင်လုံအခြေခံမူမှ စတင်ကာ ယနေ့အချိန်အထိ အုပ်ချုပ်မှု စနစ်အဆင်ဆင့် ပြောင်းလဲလာပုံများ၊ အရက်အတုကို သောက်နေကျ ဖြစ်သဖြင့် အစစ်ကို လက်မခံနိုင်ဘဲ လန့်သွားတတ်ကြောင်း၊ အတုအစစ် ခွဲခြားတတ်ရန် လိုအပ်ကြောင်း၊ မျိုးနွယ်စု အငယ်များကို ဦးစားပေးခြင်းသည် ဖက်ဒရယ်မူစစ်စစ် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ရှေ့နေများကောင်စီမှ ဦးသိန်းဦးက ဥပဒေရှုထောင့်မှနေ၍ ဟောပြောကာ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ လေးခုရှိခဲ့ကြောင်း၊ ပင်လုံမူ ခုနစ်ချက်တွင် ငါးချက်က ဖက်ဒရယ်မူစစ်စစ် ဖြစ်ကြောင်း (၁) လွတ်လပ်သော ပြည်နယ် (၂) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (၃) အချုပ်အခြာ အာဏာသည် ပြည်သူဆီမှ ဆင်းသက်ခြင်း (၄) လူ့အခွင့်အရေးများနှင့် (၅) လူနည်းစုအတွက် လုံလောက်သော ကာကွယ်ပြဋ္ဌာန်းခွင့် ရှိရမည်ဆိုသော အချက်ငါးခုသည် ဗိုလ်ချုပ်ချမှတ်ခဲ့သော ဖက်ဒရယ်စနစ်ပင် ဖြစ်ကြောင်းပြောသည်။ တစ်ပြည်ထောင် အာဏာရှင်စနစ်မှ ဖက်ဒရယ်စနစ်သို့ သွားရာတွင် အချုပ်အခြာအာဏာ သုံးရပ်ကို နှစ်ပိုင်းခွဲခြားကာ အတွင်းနဲ့အပြင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနှင့် ဗဟိုအစိုးရတို့မှ ခွဲခြမ်းသောနည်းဖြင့် ချဉ်းကပ်ရမည်ဖြစ်ကြောင်း အချုပ်အခြာအာဏာ ခွဲဝေသုံးစွဲခြင်းသည် ဖက်ဒရယ်စနစ်ပင် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
“ဖက်ဒရယ်နဲ့ ငြိမ်းချမ်းရေးကဏ္ဍတွေကို ဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်။ အားလုံးပါဝင်နိုင်သော ဆွေးနွေးမှုများ ဦးတည်နေချိန်တွင် တိုင်းရင်းသား လူငယ်များရဲ့ အသံတွေ ဒီညီလာခံက ပေါ်ထွက်လာနိုင်မှာ ဖြစ်ပါ တယ်။ ၂၁ ရာစု ပင်လုံဆိုရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ တိုင်းပြည်ပြန်လည် တည်ဆောက်ရေးတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ လူငယ်များရဲ့ အသံလည်းပါဝင်ဖို့ အရေးကြီးပါတယ်။ လူငယ်များရဲ့ အသံများ ပေါ်ထွက်လာ ပြီးဆွေးနွေးကြရာမှာ ဒီလူငယ်ညီလာခံက ဆွေးနွေးချက်များကို ထည့်သွင်းဆွေးနွေး နိုင်မှာလည်း ဖြစ်ပါတယ်။ လူငယ့်အသံတွေကို ဖော်ထုတ်လာနိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါ်ခင်မမမျိုးက ပြောကြားသည်။
“ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်က အတူတူပါပဲ။ ပြည်တွင်းစစ်ဖြစ်တယ် ငြိမ်းချမ်းရေး မရှိဘူး ဆိုတာက တိုင်းရင်းသားတွေ တန်းတူ ရည်တူ မရှိဘူး။ ဖက်ဒရယ်စနစ် မတည်ဆောက်နိုင်လို့ပေါ့။ လက်မှတ်ထိုးတာ ငြိမ်းချမ်းရေး လုပ်ချင်လို့ထိုးတယ်။ ဖက်ဒရယ်မဖြစ်လာတော့ ပြည်တွင်းစစ် အစားထိုးလာတယ်။ အခုပြည်တွင်းစစ်ကို ပြန်ရပ်ဆိုင်းမယ်။ ပဋိပက္ခတွေကိုရပ်ပြီး ဖက်ဒရယ်တန်းတူရေးကို အခြေခံပြီး ပြန်ဝင်လာမယ် ဆိုရင်တော့ ဖက်ဒရယ် တည်ဆောက်နိုင်သည်နဲ့အမျှ ငြိမ်းချမ်းရေးကလည်း ခိုင်မာသွားမှာပေါ့ဗျာ။ ဖက်ဒရယ် မခိုင်မာသေးရင် ငြိမ်းချမ်းရေးလည်း မခိုင်မာသေးဘူး။ ဘာလို့ဆိုတော့ တန်းတူမှု မရှိမချင်း အားလုံးက ခံစားနေရမှာဆိုတော့ ရုန်းကန်နေမှာပဲ။ ဒါကိုထောက်ပြတာပေါ့။ ဖွဲ့စည်းပုံအခြေခံနဲ့အညီ ဥပဒေက အာမခံထားတဲ့ တိုင်းရင်းသား အခွင့်အရေးတွေပါလာမှ လက်နက်ကိုင်တိုက်ဖို့မှ မလိုတော့ဘဲ အာဏာတွေ ခွဲဝေပြီးသား ဖြစ်နေပြီဆိုပြီး လက်နက်ကိုင်ပဋိပက္ခတွေ ရပ်စဲပြီး ငြိမ်းချမ်းရေးဆိုတာ အဲဒီတော့မှ ဖြစ်လာမှာပေါ့” ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပူးတွဲကော်မတီ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် တစ်ဦးလျှင် ၁၅ မိနစ်စီ ဟောပြောခဲ့ကာ တိုင်းရင်းသား ကိုယ်စားလှယ်များက သိလိုသည့် မေးခွန်းများ မေးမြန်းဖြေကြားခြင်းများကို အပိုင်းလိုက်ခွဲကာ အပြန်အလှန် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ည ၇ နာရီအချိန်တွင် ရှမ်းသုတေသနအဖွဲ့မှ ၁၉၄၇ ပင်လုံစာချုပ်ကို တူးဆွခြင်း ခေါင်းစဉ်ဖြင့် သုတေသန အချက်အလက်များကို Special Talk မျှဝေခြင်း အစီအစဉ်တစ်ခုကိုလည်း ထည့်သွင်း ထားကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်ညီလာခံ ဒုတိယနေ့တွင် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့် ဖက်ဒရယ်ပြည်ထောင်စု အကြောင်းအရာများ ဆွေးနွေး















